
ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်က ဒီနေ့မနက်ပိုင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတဲ့ အရေးကြီး ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူ့ရဲ့နောက်ကျသွင်းဂိုးကို အငြင်းပွားဖွယ်ပယ်ဖျက်ခဲ့တဲ့ စည်းကြပ်ဒိုင်နဲ့ ပတ်သက်လို့ သူ့ဆီ ဘာတွေပြောလာခဲ့သလဲဆိုတာ ထုတ်ဖော်လိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ဦးဆောင်ထားချိန် သာမန်ပွဲကစားချိန်ကုန်ဆုံးလို့ နာကျင်အချိန်ပိုမိနစ်အရောက် ဒီလစ်က သွင်းဂိုးရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုဂိုးသွင်းယူမှုကို စည်းကြပ်ဒိုင်က အစောပိုင်းကတည်းကပင် လူကျွံဘောအဖြစ်သတ်မှတ်ကာ အလံထောင်ထားခဲ့ပြီး VAR လည်း ကြားဝင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ဒီလစ်ရဲ့သွင်းဂိုးကို ထည့်သွင်းရေတွက်ခြင်း မရှိခဲ့ပါဘူး။
ဒီလစ်ကတော့ အခုဆုံးဖြတ်ချက်အပေါ် အတော်လေးစိတ်ပျက်နေပြီး ဒီဂိုးကိုသာခွင့်ပြုပေးမယ်ဆိုရင် သူ့ရဲ့အသင်းက အချိန်ပိုဆက်လက်ကစားခွင့် ရရှိသွားမှာပါ။ ရလဒ်ပိုင်းအရ ရီးရဲလ်မက်ဒရစ်ဟာ လူစားဝင်တိုက်စစ်မှူး ဟိုဆေးလူရဲ့သွင်းဂိုးနှစ်ဂိုးဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ ဒီလစ်က အခုလူကျွံဘောဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စည်းကြပ်ဒိုင်ရဲ့တောင်းပန်မှုကို ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
beIN SPORTS နဲ့တွေ့ဆုံချိန် ဒီလစ်က “လူကျွံဘောဆိုလည်း လူကျွံဘောပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးအားကစားနည်းမှာ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ စည်းမျဉ်းတွေမှာ ရှင်းလင်းပြတ်သားတဲ့ လူကျွံဘောမဖြစ်နေဘူးဆိုရင် ပွဲကို ဆက်လက်ကစားရပါမယ်လို့ ဖော်ပြထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း လူကျွံဘောမဖြစ်နေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင် လူကျွံအနေအထားလား၊ လူမကျွံဘူးလား ရှင်းရှင်းလင်းလင်းမမြင်ရသေးလို့ပါ။ ပွဲချိန်နောက်ဆုံးမိနစ်အရောက်မှာ ဒီလိုမျိုးဆုံးဖြတ်တာက အမှားကြီးတစ်ခုကျူးလွန်လိုက်တာမျိုးလို့ပဲ ကျွန်တော် ယူဆမိပါတယ်။ လူကျွံဘော ဖြစ်၊ မဖြစ် ပြန်လည်စစ်ဆေးကြည့်နိုင်တယ်လေ၊ ဒါပေမယ့် ပြန်မစစ်ကြည့်ဘဲနဲ့တော့ ဒါကို ဘယ်လိုလုပ်အဖြေသိလာနိုင်မှာလဲ? ရီးရဲလ်မက်ဒရစ်ရဲ့ဒုတိယဂိုးမှာဆိုရင် ရူဒီဂါလည်း လူကျွံသလောက်နီးနီးပါပဲ။ သူ့ကိုကျတော့ ခွင့်ပြုပေးပြီးမှ ကျွန်တော့်ရဲ့သွင်းဂိုးအတွက် ဆုံးဖြတ်ချက်ချမှတ်ချိန်မှာတော့ ကွဲပြားခြားနားမှုတစ်ခု ရှိလာခဲ့ပါတယ်။ ဒါကတော့ ရှက်စရာပါ။ စည်းကြပ်ဒိုင်ကတော့ ကျွန်တော့်ဆီ သူ အမှားတစ်ခုလုပ်ခဲ့မိတယ်၊ တောင်းပန်တယ်၊ ဒီအတွက် ဖြေဆယ်နိုင်စရာမရှိတော့ဘူး"လို့ ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်က အနိုင်အရှုံးရလဒ်နဲ့ပတ်သက်ပြီး ဒိုင်လူကြီးတွေအပေါ် ပြစ်တင်ဝေဖန်ချင်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဂိုးသွင်းယူဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်လေ။ စည်းမျဉ်းက ဒီအတိုင်းသတ်မှတ်ထားတယ်ဆိုရင် စည်းမျဉ်းအတိုင်းပဲ အတိအကျလိုက်နာဆုံးဖြတ်ပေးရမယ်လို့ ယူဆမိပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘောလုံးဝေဖန်သုံးသပ်သူပေါလ်စခိုးကလည်း စည်းကြပ်ဒိုင်ဟာ လူကျွံဘောအဖြစ်သတ်မှတ်ဖို့ လောကြီးနေခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ TNT Sports သတင်းဌာနမှာ ပေါလ်စခိုးက “ဒါက လူကျွံဘောလားဆိုတာ ကျွန်တော်လည်း အာမခံပေးလို့ မရပါဘူး။ စည်းကြပ်ဒိုင်အတွက်ကတော့ ဒါကို လူကျွံဘောဖမ်းဖို့ အလျှင်စလိုနိုင်လွန်းခဲ့ပါတယ်။ သူနည်းနည်းတော့ စောင့်ကြည့်ခဲ့သင့်တယ်”လို့ သုံးသပ်ပါတယ်။
ပထမအကျော့ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ လှပတဲ့ ဝေ့ဝိုက်ကန်ချက်သွင်းဂိုးနဲ့အတူ အခုပွဲစဉ်ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဟိုဆေးလူရဲ့နောက်ကျသွင်းဂိုးနှစ်ဂိုး၊ ဒီလစ်ရဲ့ဂိုးပယ်ဖျက်ခံရမှုတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်က ဝင်ဘာလေကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
ဝင်ဘာလေဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်စတားဘယ်လင်ဟမ်က အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လည်ရင်ဆိုင်ရပါမယ်။