ဖိုးသော်၏ ဘဝတွင် မမေ့နိုင်ဆုံး ONE Championship တွဲဆိုင်း ၃ တွဲ
mmtimes.com
|
2019-05-24



ONE Championship ပြိုင်ပွဲတွင်အောင်လအန်ဆန် ပြီးလျှင် ပွဲအများဆုံး ကစားထားသည့် မြန်မာ ကစားသမား တစ်ဦးကို ပြပါဆိုလျှင် “ဘူရှီဒို” ဖိုးသော်ကို ပြရမည် ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၈ ပွဲ ကစားထားပြီး ၇ ပွဲနိုင်ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည့် ဖိုးသော်သည် မြန်မာကစားသမားထဲတွင်အောင်လအန်ဆန် ပြီးလျှင် နိုင်ပွဲအများဆုံး ကစားသမားလည်း ဖြစ်သည်။

ထူးခြားချက်မှာ ဖိုးသော်သည် ပွဲစဉ် ၈ ပွဲတွင် ၇ ပွဲကို ပထမအချီအတွင်းအနိုင်အရှုံးအဖြေပေါ်အောင် ကစားခဲ့ခြင်းဖြစ်ပြီး တစ်ပွဲသာ ပွဲချိန် ၃ ချီလုံး ပြည့်အောင် ကစားခဲ့ရဖူးသည်။ ဖိုးသော်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်း၏ ဘဝ၌ မမေ့နိုင်ဆုံး တွဲဆိုင်း ၃ ပွဲကို ရွေးချယ်စေခဲ့ရာအောက်ပါအတိုင်း ရွေးချယ်ပေးခဲ့သည်။


ဖိုးသော်၏ ONE Championship ပထမဆုံး ပွဲဦးထွက်

ဖိုးသော်ဘဝတွင် မမေ့နိုင်ဆုံး တွဲဆိုင်းများထဲ၌ ထိပ်ဆုံးမှ ရွေးချယ်ခြင်းခံခဲ့ရသည့်ပွဲမှာ ၎င်း၏ ONE Championship ပထမဆုံး ပွဲဦးထွက် တွဲဆိုင်းဖြစ်သော ကြယ်စင်ထူးနှင့် တွဲဆိုင်းဖြစ်သည်။ ၂ဝ၁၅၊ ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သောONE: Kingdom of Warriors ပြိုင်ပွဲတွင် ဖိုးသော်သည် ONE၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား ဘဝကို စတင်ခဲ့သည်။

ယင်းတွဲဆိုင်းသည် ယနေ့ ဖိုးသော်ဟူသည့် နာမည် တစ်လုံးဖြင့် ထင်ရှားသည့်အားကစားသမားတစ်ယောက် ဖြစ်လာစေရေးအတွက် ပထမဆုံး ခြေလှမ်းလည်း ဖြစ်သောကြောင့်အဆိုပါ ပွဲကို မမေ့နိုင်ခြင်း ဖြစ်သည်ဟုလည်း ဖိုးသော်က ဆိုခဲ့သည်။

ယင်းတွဲဆိုင်းသည် တစ်ချီတည်းဖြင့်အနိုင်အရှုံးအဖြေပေါ်သည့်ပွဲဟုဆိုသော်လည်း ငါးမိနစ် တစ်ချီပြည့်အောင် ကစားခဲ့ရသည်။အဆိုပါ ပွဲသည် နှစ်ယောက်စလုံး၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပထမဆုံး ပွဲအတွေ့အကြုံ ဖြစ်သဖြင့် ဗျူဟာမြောက်သည့် ကစားကွက်များ မတွေ့ခဲ့ရသော်လည်း ဆိုင်ထိုး ပြိုင်ထိုးသည့် လက်သီးချက်များဖြင့် ရဲရဲဝံ့ဝံ့ တည်ကစားခဲ့ကြသည်ကို တွေ့ရသည်။

အမှန်တကယ်အားဖြင့် ယင်းပွဲတွင် ကြယ်စင်ထူး၏ လက်သီးချက်များက ဖိုးသော်ကို ဒုက္ခပိုပေးနိုင်ခဲ့ပြီး ကြမ်းပေါ်လှဲချသည့်အခါများ တွင်လည်း ကြယ်စင်ထူး ကသာအသာစီး ကစားနိုင်ခဲ့သည်။ ပထမအချီ ပြီးခါနီးတွင် ကြယ်စင်ထူးက ဖိုးသော်၏ လက်ကို ခြေကန်ချုပ်သည့် ကစားကွက်ကိုပါ သုံးခဲ့သေးသည်။

သို့သော် ပွဲ၏အလှည့်အပြောင်းမှာ ဖိုးသော် လက်သီးချက်ကြောင့် ကြယ်စင်ထူး ဝဲဘက် မျက်လုံးတဝိုက်တွင် ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ သွေးများအလွန်အကျွံထွက်ကာ မျက်စိတစ်ဘက် ပိတ်နေသောကြောင့် ပထမအချီအပြီးတွင် ဆရာဝန်က ကြယ်စင်ထူးကို ဆက်ကစားခွင့် မပြုတော့ဘဲ ဖိုးသော်အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။


ဖိုးသော်၏ ONE Championship ပထမဆုံး ရှုံးပွဲ

ဖိုးသော်၏ဘဝတွင် မမေ့နိုင်ဆုံး နောက်တစ်ပွဲမှာ ၂ဝ၁၈၊အောက်တိုဘာ၂၆ က ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သော ONE: Pursuit of Greatness ပြိုင်ပွဲ၌ မလေးရှားကစားသမားKeanuSubba ကို ရှုံးနိမ့်ခဲ့သည့် တွဲဆိုင်း ဖြစ်သည်။အဆိုပါ ပွဲသည် ဖိုးသော်၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဘဝတွင် ပထမဆုံးနှင့် နောက်ဆုံးရှုံးပွဲလည်းဖြစ်ပြီး ယင်းပွဲမှ လွဲ၍ ကျန်ပွဲအားလုံးအနိုင်ရထားသည်။ ထို့ကြောင့် ၎င်းကိုအတွေ့အကြုံများစွာ ရရှိစေခဲ့သည့်အဆိုပါ ရှုံးပွဲကို မမေ့နိုင်ခြင်း ဖြစ်သည်ဟု ဖိုးသော်က ဆိုသည်။

အဆိုပါ ပွဲတွင် ဖိုးသော်ကအထိုက်အလျောက် ပွဲအတွေ့အကြုံ ရှိနေပြီ ဖြစ်သလို နိုင်ငံခြားသား ကစားသမားနှင့် ထိုးသတ်သည့်အတွေ့အကြုံလည်း ရထားသဖြင့်အကွက်ကောင်းကို ချောင်းကာ ကစားတတ်နေပြီ ဖြစ်သည်။ သို့သော် တစ်ဘက် ကစားသမား Subba ကလည်း ဖိုးသော်ထက်အတွေ့အကြုံများစွာ သာလွန်ပြီး နာမည်ရနေသည့် လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်နေသဖြင့် ဖိုးသော်အတွက်အခွင့်အရေးကောင်း မရခဲ့ပေ။

ပွဲချိန် စက္ကန့် ၃ဝ ခန့်တွင်ပင် Subba သည် ဖိုးသော်ကို ကြမ်းပြင်ပေါ်လှဲချနိုင်ခဲ့ပြီးအပေါ်စီးမှ ဖိကာဆက်တိုက် တိုက်စစ်ဆင်ခဲ့သည်။ ၂ မိနစ်ကျော် တိုက်စစ်ဆင်ပြီး နောက်တွင် ၂ မိနစ် ၄၇ စက္ကန့်၌ ဖိုးသော်၏ လက်တစ်ဖက်နှင့် ဦးခေါင်းကို မိမိရရ ချုပ်နိုင်ခဲ့သဖြင့် ဖိုးသော် မရုန်းနိုင်တော့ဘဲအရှုံးပေးခဲ့ရခြင်း ဖြစ်သည်။


ဖိုးသော်၏ ONE Championship ပထမဆုံးအမှတ်ဖြင့်နိုင်ပွဲ

ဖိုးသော်၏ မမေ့နိုင်ဆုံး နောက်ဆုံးတွဲဆိုင်းထဲတွင် ပထမဆုံးအမှတ်ဖြင့်အနိုင်ရသည့် တွဲဆိုင်းဖြစ်သည်။ ဖိုးသော်သည် ပွဲတိုင်းကို ပထမအချီ တစ်ချီတည်းနှင့်အနိုင်အရှုံး ပေါ်အောင် ကစားခဲ့သော်လည်း ၂ဝ၁၇ နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သောONE: Hero’s Dream ပြိုင်ပွဲမှစောဘဦးနှင့်တွဲဆိုင်းတွင် သုံးချီစလုံးပြည့်အောင် ကစားခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ဘဝတွင် ပထမဆုံး ပွဲချိန်ပြည့်ကစားပြီးအမှတ်ဖြင့် နိုင်ခဲ့သည့်ပွဲ ဖြစ်သောကြောင့် ယင်းတွဲဆိုင်းကို မမေ့နိုင်ခြင်း ဖြစ်သည်ဟု ဖိုးသော်က ဆိုသည်။

ပြိုင်ပွဲ၏ ဒုတိယခေါင်ပွဲအဖြစ် ကစားခဲ့ရသောအဆိုပါ တွဲဆိုင်းတွင် ကစားသမားနှစ်ယောက် စလုံးသည် ပွဲစကတည်းကအချိန် သိပ်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်ခဲ့ကြသည်။ ဖိုးသော်က မြေပြင်အချုပ်အသိမ်းပိုင်းတွင်အသာစီးကစားနိုင်မည်ဟု ယူဆခဲ့သဖြင့် စောဘဦးကို ကြမ်းပေါ် လှဲချနိုင်အောင် ဖိအားပေး ကစားခဲ့ကာ နောက်ဆုံးတွင် သူ့ရည်ရွယ်ချက်အောင်မြင်ခဲ့သည်။

သို့သော်လည်း စောဘဦးက ကြမ်းပေါ် ရောက်နေသည့်တိုင် လွယ်လွယ်အညံ့မခံဘဲ တရကြမ်း ပြန်လည် တိုက်စစ်ဆင် ကစားခဲ့သည်။ ကစားသမား နှစ်ဦးစလုံးကအချုပ်အသိမ်းကွက်ဖြင့် ပွဲသိမ်းရန် မလွယ်မှန်း သဘောပေါက်လာကြသည့်အခါ ဒုတိယအချီနှင့် တတိယအချီများကို မတ်တပ်ရပ် တိုက်ခိုက်မှုများအဓိက ကစားခဲ့သည်။

ရိုးရာ လက်ဝှေ့သမား စောဘဦးက ဖိုးသော်ကို တိုက်စစ်အသားပေး ဖွင့်ကစားခဲ့သော်လည်း ဖိုးသော်က ခံစစ်ကို လုံအောင်ပိတ်ပြီး တန်ပြန် တိုက်စစ်ကောင်းစွာ ဆင်နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဒိုင်များ၏အမှတ်ကို ရေတွက်ရာ ဒိုင်နှစ်ဦးက ဖိုးသော်ကအနိုင်ပေးပြီး စောဘဦးကို ဒိုင်တစ်ဦးသာအနိုင်ပေးသဖြင့် ဖိုးသော်အတွက် ပဉ္စမမြောက်နိုင်ပွဲ ရသွားခဲ့ခြင်း

ဖြစ်သည်။


#ဖိုး
#ဆိုင်း
#ပွဲ
#သော်က
#တွဲ

Some text some message..