
ယနေ့ခေတ်မှာ ဘောလုံးကလပ်အသင်းတိုင်း သူထက်ငါအောင်မြင်မှုရဖို့အတွက် ငွေသုံးကြမ်းလာကြပါတယ်။အပြောင်းအရွေ့ကာလတွေမှာ ကစားသမားကောင်းတွေကို ပေါင်သန်းနဲချီအသုံးပြုပြီးတော့အသင်းကိုအောင်မြင်မှုရအောင် လုပ်ဆောင်လာကြပါတယ်။ ကလပ်အသင်းတွေဟာ ကစားသမားကောင်းတွေကို ခေါ်ယူရုံနဲ့ မပြီးဘဲအသင်းမှာရှိတဲ့ကစားသမားတွေကို ထိုက်တန်တဲ့လစာပေးချေကြရပါတယ်။
ယနေ့ခေတ်မှာတော့အသင်းတိုင်းဟာ ကစားသမားကောင်းတွေကို မဆုံးရှုံးရဖို့အတွက် ထိုက်ထိုက်တန်တန် လစာတိုးပေးပြီး စာချုပ်ချုပ်ကြရပါတယ်။အင်္ဂလန် ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ပေါ်မှာ လူကြိုက်များဆုံး လိဂ်တစ်ခုဖြစ်ပြီး နာမည်ကျော် ကစားသမားတွေအများအပြား လာရောက်ကစားနေကြပါတယ်။ နာမည်ကျော်တွေ လာရောက်ကစားနေတဲ့အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဘယ်ကလပ်အသင်းက ကစားသမားတွေက လစာအများဆုံးရရှိနေလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်မှာ လစာအများဆုံးပေးချေရတဲ့ ကစားသမားအများစုရှိနေတာကတော့ မန်ယူအသင်းဖြစ်ပါတယ်။ မန်ယူအသင်းမှာ လစာအများဆုံးပေးချေရတဲ့ ကစားသမား (၁၀) ဦးမှာ (၄) ဦးအထိပါဝင်နေခဲ့တာဖြစ်ပါတယ်။အရင် နည်းပြကြီး ဖာဂူဆန်လက်ထက်တုန်းကအောင်မြင်မှုတွေရရှိခဲ့တဲ့ မန်ယူအသင်းဟာ သူထွက်သွားပြီးနောက်အောင်မြင်မှုဆုဖလားတွေနဲ ဝေးကွာလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ရုံးကန်ကြိုးစားနေရတဲ့အနေအထားတွေဖြစ်လာပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ တဖန်အောင်မြင်မှုရရှိဖို့အတွက် ကစားသမားကောင်းတွေကို လစာအများအပြားပေးကာ ခေါ်ယူအသုံးနေတာ ဖြစ်ပါတယ်။
ဘယ်ကစားသမားတွေက လစာအများဆုံးရရှိနေလဲဆိုတာကို ဆက်ကြည့်ရအောင်ပါ
၁။ ကီဗင် ဒီဘရိုင်း (မန်စီးတီး)
မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ ကီဗင် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံးရရှိနေတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။အသက်(၂၈) နှစ်အရွယ် ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ တစ်နှစ်လုပ်ခ ပေါင်(၁၆.၇) သန်းအထိရရှိနေတာ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးအသင်းမှာအရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈-၁၉ ဘောလုံးရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလားကို (၂) နှစ်ဆက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂။ ပေါ့ဘာ (မန်ယူ)
မန်ယူအသင်းဟာ ပေ့ါဘာကို ၂၀၁၆ သြဂုတ်လတုန်းက ဂျူဗင်တပ်စ်အသင်းကနေ ပြောင်းရွေ့ကြေး ယူရို(၁၀၅)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ ဒုတိယမြောက် လစာအများဆုံးရရှိနေသူဖြစ်ပြီးအသင်းမှာလည်းအရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက မန်ယူအသင်းအတွက် (၁၃) ဂိုးသွင်းယူထားပြီ (၉) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပေါ့ဘာရဲ့တစ်နှစ်လုပ်ခက ပေါင် (၁၅.၁) သန်းရရှိနေပါတယ်။
၃။ မီဆွတ်အိုဇေးလ် (အာဆင်နယ်)
အာဆင်နယ်အသင်း ကွင်းလယ်လူအိုဇေးလ်ဟာ တစ်နှစ်လုပ်ခ ပေါင် (၁၄) သန်းအထိရရှိနေပြီးအာဆင်နယ်အသင်းမှာ လစာအများဆုံးရရှိနေပါတယ်။ သူဟာလည်းအာဆင်နယ်အသင်းမှာအရေးပါတဲ့အခန်းကဏ္ဍတွေမှာ ရှိနေဆဲပဲဖြစ်ပါတယ်။
၄။ မာရှယ် (မန်ယူ)
မန်ယူအသင်း တောင်ပံကစားသမား မာရှယ်ဟာ မန်ယူအသင်းမှာ ဒုတိယမြောက်လစာအများဆုံးရရှိနေသူပါ။ သူကို ၂၀၁၅ ခုနှစ် စက်တင်ဘာလက မိုနာကိုအသင်းကနေ ပြောင်းရွေ့ကြေး ယူရို သန်း(၆၀) ဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မာရှယ်ရဲ့တစ်နှစ်လုပ်ခက ပေါင်(၁၃) သန်းရရှိပါတယ်။
၅။ မားကပ် ရက်ဖို့စ် (မန်ယူ)
မန်ယူအကယ်ဒမီထွက် လူငယ်ကစားသမားလေး မားကပ် ရက်ဖို့စ်ဟာ မန်ယူအသင်းရဲ့ လစာအများဆုံး စာရင်းမှာ ပါဝင်နေပါတယ်။ သူဟာ တစ်နှစ်လုပ်ခ ပေါင် (၁၂) သန်းရရှိသူဖြစ်ပြီး လစာအများဆုံးရရှိတဲ့အင်္ဂလန်သား တစ်ယောက်လည်းဖြစ်ပါတယ်။
၆။ မို ဆာလက် (လီဗာပူးလ်)
အီဂျစ် မက်စီလို့ ချစ်စနိုးခေါ်ကြတဲ့ မို ဆာလက်ကတော့ ပရီးမီးယားလိဂ်မှာ လစာအများဆုံးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ လီဗာပူးလ်အသင်းရဲ့အားထားရတဲ့ ဂိုးသွင်းစက်တစ်ဦးဖြစ်ပြီး လီဗာပူလ်းအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးဆုကိုလည်း ဆွပ်ခူးနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆုကိုလည်း(၂) ကြိမ်တိုင် ရရှိထားပါတယ်။ သူရဲ့တစ်နှစ်လုပ်ခက ပေါင် (၁၀.၄) သန်းရရှိနေပါတယ်။
၇။ ဒီဂီယာ (မန်ယူ)
မန်ယူအသင်းဂိုးသမား ဖြစ်သူ ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးရရှိနေတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းရဲ့အရေးပါတဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး သူရဲ့ တစ်နှစ်လုပ်ခဟာ မို ဆာလက်လိုပဲ ပေါင် (၁၀.၄) သန်းအထိရရှိနေပါတယ်။
၈။ ဟာရီကိန်း (စပါး)
ဟာရီကိန်းဟာ စပါးအသင်းရဲ့ လစာအများဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဒုတိယလစာအများဆုံးရအင်္ဂလန်ကစားသမား ဖြစ်ပါတယ်။ ကိန်းဟာ စပါးအသင်းအတွက် မရှိမဖြစ်အရေးပါတဲ့ ဂိုးသွင်းစက်တစ်ဦးဖြစ်ပြီး တစ်ရာသီကို ဂိုး (၂၀)နဲ့အထက် သွင်းယူနိုင်သူပါ။ပြီးခဲ့တဲ့ ရာသီကတော့ ဒဏ်ရာပြသာနာကြောင့် သွင်းဂိုး(၁၇) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သူရဲ့တစ်နှစ်လုပ်ခကတော့ ပေါင် (၁၀.၄) သန်းရှိနေပါတယ်။
၉။အလန်းဇန်းဒါး လက်ကာဇက်တီ (အာဆင်နယ်)
အာဆင်နယ်အသင်း တိုက်စစ်မှူး လက်ကာဇက်တီဟာအိုးဇေးလ်ပြီးနောက် ဒုတိယမြောက် လစာအများဆုံးရရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူကို လိုင်ယွန်အသင်းကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လတုန်းက ပြောင်းရွေ့ကြေး ယူရို (၅၃)သန်းဖြင့်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ကာဇက်တီရဲ့တစ်နှစ်လုပ်ခကတော့ ပေါင် (၉.၅) သန်းအထိရရှိနေပါတယ်။
၁၀။ ရော်ဘတ်တို ဖာမီနို (လီဗာပူးလ်)
လီဗာပူးလ်အသင်းတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုဟာ ပရီးမီးယားလိဂ်ရဲ့လစာအများဆုံးရရှိတဲ့ (၁၀) ယောက်စာရင်းမှာပါဝင်နေတဲ့ တစ်ဦးတည်းသော ဘရားဇီးလ်ကစားသမား ဖြစ်ပါတယ်။ ဖာမီနိုဟာ လီဗာပူးလ်အသင်းမှာ ဆာလက်ပြီးနောက် ဒုတိယမြောက်လစာအများဆုံးရရှိနေပြီး သူရဲ့တစ်နှစ်လုပ်ခတော့ ပေါင်(၉.၃) သန်းအထိရှိနေပါတယ်။
ကလပ်အသင်းတွေမှာ လစာအများကြီးပေးထားရပေမယ့် တချို့ကျတော့ ကွင်းအတွင်းမှာ လစာနဲ့ထိုက်တန်တဲ့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒီပရီးမီးယားလိဂ်ရဲ့လစာအများဆုံး (၁၀) ဦးစာရင်းမှာလည်း ဘယ်သူတွေက ကွင်းအတွင်းမှာ ရရှိတဲ့လစာနဲ့ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်ကြလဲ ၊ မပြသနိုင်ဘူး ဆိုတာကိုတော့ ကော်မန့်မှာ ဝင်ရောက် ပြောသွားကြပါဦးခင်ဗျာ..?