ONE: Dawn of Valor ပြိုင်ပွဲတွင် စောင့်ကြည့်ရမည့် ကစားသမား ၅ ဦး
အကြိတ်အနယ် ရှိသည့် တွဲဆိုင်းများနှင့် ONE Championship ပြိုင်ပွဲကြီး အင်ဒိုနီးရှား နိုင်ငံသို့ တကျော့ပြန် ရောက်ရှိလာပြီ ဖြစ်သည်။ ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲ ၂ ပွဲ အပါအဝင် တွဲဆိုင်းပေါင်း ၁၄ တွဲဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမည့် ONE: Dawn of Valor ပြိုင်ပွဲကြီးသည် ယခုနှစ်အတွင်း အင်ဒိုနီးရှားတွင် နောက်ဆုံး ကျင်းပသည့် ပွဲလည်းဖြစ်သည်။ အဆိုပါပွဲတွင် ပါဝင်ကြမည့် ကစားသမားများ အနက်မှ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကစားသမား အချို့အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။
(၁) Zebaztian Kadestam
ONE Championship ၏ ဝယ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ Zebaztian “The Bandit” Kadestam သည် ၎င်း၏ ဒုတိယမြောက် ချန်ပီယံ ကာကွယ်ပွဲ အနေဖြင့် စိန်ခေါ်သူ ကာဂျစ်စတန် နိုင်ငံသား Kiamrian “Brazen” Abbasov ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဆွီဒင် နိုင်ငံသား Kadestam သည် ပြီးခဲ့သည့် တစ်နှစ်နီးပါးက ကစားသမား ဘဝ တစ်လျှောက် ရှုံးပွဲလုံးဝ မရှိခဲ့သည့် ကစားသမား Tyler McGuire ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့ပြင် ၁၄ ပွဲ ဆက်တိုက် အနိုင်ရထားသည့် Georgiy “Knight” Kichigin ကိုလည်း ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲတွင် အနိုင်ရကာ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင် ခဲ့သဖြင့် ပြိုင်ဘက်များ၏ စံချိန်ကောင်းများကို ဖျက်ဆီးနိုင်သူဟုပင် ဆိုနိုင်သည်။
မွေထိုင်း အခြေခံ ကောင်းသဖြင့် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် ပြိုင်ဘက်ကင်းသူ Kadestam သည် အနောက်တိုင်း လက်ဝှေ့ကိုပါ ကျွမ်းကျင်စွာ ထိုးသတ်နိုင်သူ ဖြစ်သည်။ ထို့ပြင် ဘရာဇီး ဂျူဂျစ်ဆု ပညာရပ်တွင်လည်း ခါးပတ်အညို ရရှိထားသူ ဖြစ်သဖြင့် မြေပြင် ကစားပွဲတွင်ပါ ပြိုင်ဘက်ကို တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ နာမည်ကြီး နည်းပြကြီး Ole Laursen ၏ အနီးကပ် ကြီးကြပ် လေ့ကျင့် ပေးမှုကြောင့် တောက်လျှောက် လက်စွမ်း တက်နေသည့် Kadestam သည် နောက်ဆုံး ၁၄ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ထားသည့် Abbasov နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ၎င်း၏ ချန်ပီယံ ခါးပတ်အတွက် ခက်ခက်ခဲခဲ ကာကွယ်ရဖွယ် ရှိနေသည်။
(၂) Nieky Holzken
ကမ္ဘာ့ Kickboxing နယ်ပယ်တွင် နာမည်ကျော်ကြားသည့် ကဝေကြီး တစ်ဦးဖြစ်သော Nieky “The Natural” Holzken သည် ပြီးခဲ့သည့် ONE Championship Kickboxing လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ရှုံးနိမ့်ခဲ့သော Regian “The Immortal” Eersel ကို ယခုပြိုင်ပွဲတွင် မကျေပွဲ အဖြစ် ပြန်လည်စိန်ခေါ်ခြင်း ဖြစ်သည်။ Eersel အတွက်မူ ၎င်း၏ ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲ အဖြစ် ကစားရခြင်း ဖြစ်သည်။ ဝါရင့်ကစားသမားကြီး Holzken သည် ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ ချန်ပီယံ လုပွဲတွင် လူငယ် ကစားသမား Eersel ကို ငါးချီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း အဆင့်သတ်မှတ်ချက် အရ ဝယ်တာဝိတ်တန်းတွင် ကမ္ဘာ့အဆင့် ၇ ရှိသူ Holzken သည် ဥရောပ မွေထိုင်း ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပြီး K-1 Max ပြိုင်ပွဲတွင်လည်း စကင်ဒီနေးဗီးယား ရှုံးထွက် ချန်ပီယံ ဖြစ်ခဲ့သည်။ အနောက်တိုင်း လက်ဝှေ့၊ မွေထိုင်းနှင့် Kickboxing သုံးမျိုးစလုံးကို ငယ်စဉ်ကတည်းက တစိုက်မတ်မတ် လေ့ကျင့်လာခဲ့သူ ပီပီ ကစားသမား ဘဝ ပွဲပေါင်း ၁ဝဝ ကျော် ကစားရာတွင် ၉ဝ ရာခိုင်နှုန်း နီးပါး အနိုင်ရခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ယခုပွဲတွင် Holzken သည် ပထမတစ်ကြိမ် လက်လွှတ် ခဲ့ရသော အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ရန် ထပ်မံကြိုးစားမည် ဖြစ်သည်။
(၃) ဘိုဇီနာ အန်တိုနီယာ
ONE Championship ၏ မြန်မာ ကစားသမားများ ထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည့် ဘိုဇီနာ “တိုတို” အန်တိုနီယာ သည် ယခုပြိုင်ပွဲ၏ တစ်ပွဲတည်းသော အမျိုးသမီး တွဲဆိုင်းအဖြစ် အိမ်ရှင် အင်ဒိုနီးရှားသူ Priscilla Hertati Lumban Gaol နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အသက် ၂၄ နှစ် အရွယ်ရှိသူ အန်တိုနီယာသည် ONE Championship တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပွဲပေါင်း ၄ ပွဲ ကစားထားပြီး မြန်မာ နိုင်ငံသူ ရွှေစင်၊ မလေးရှား နိုင်ငံသူ Audreylaura Boniface နှင့် ဗီယက်နမ် ကစားသမား Bi Nguyen တို့ကို အနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသူဖြစ်သည်။ အန်တိုနီယာသည် ပွဲတိုင်းလိုလို ပြိုင်ဘက်နှင့် ကိုယ်အလေးချိန် ကွာဟမှု ပြဿ နာရှိခဲ့ပြီး Lumbam Gaol နှင့် ပွဲအတွက်လည်း ကိုယ်အလေးချိန် တင်ခဲ့ရသည်။
အန်တိုနီယာသည် အနောက်တိုင်း လက်ဝှေ့တွင် ပြည်တွင်း ရွှေတံဆိပ် နှစ်ခု ရရှိခဲ့ဖူးပြီး ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်လည်း လက်ရွေးစင် အဖြစ် စခန်းသွင်း လေ့ကျင့်ခံခဲ့ ရဖူးသူ ဖြစ်သည်။ အထက်တန်း ကျောင်းသူ အရွယ် ကတည်းက အနောက်တိုင်း လက်ဝှေ့ကို သင်ယူခဲ့သည့် အန်တိုနီယာသည် လက်ရှိ Bali MMA တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား အတွက် ဂျူဂျစ်ဆု၊ နပမ်းနှင့် မွေထိုင်း ပညာများကို ဆက်လက် လေ့လာ သင်ယူနေသူလည်း ဖြစ်သည်။ ထို့ကြောင့် အင်ဒိုနီးရှား မြေသည် အန်တိုနီယာ အတွက် ဒုတိယအိမ် သဖွယ် ဖြစ်နေရာ အိမ်ရှင် နိုင်ငံသူကို မည်သို့ ရင်ဆိုင် အနိုင်ယူမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
(၄) Wang Junguang
ONE Championship တွင် ပထမဆုံး ပါဝင်လာသည့် တရုတ် ကစားသမား Wang “Golden Boy” Junguang သည် ယခုပြိုင်ပွဲတွင် အာဂျင်တီးနား ဝါရင့် ကစားသမားကြီး Federico “The Little Big Man” Roma နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ စတောဝိတ်တန်း Kickboxing သမားများထဲတွင် ကမ္ဘာ့အဆင့် ၇ ရှိသည့် Wang သည် ၎င်း၏ ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၂၇ ပွဲ ကစားခဲ့ ရာတွင် ၂၃ ပွဲ အနိုင်ရပြီး ၃ ပွဲရှုံး ၁ ပွဲသရေ ရလဒ် ရှိခဲ့သူဖြစ်ပြီး ၂ဝ၁၉ ခုနှစ် အတွင်း တရုတ် Eufusion ပြိုင်ပွဲ၏ ၅၇ ကီလိုတန်းတွင် ချန်ပီယံခါးပတ် သိမ်းပိုက်ထားသူလည်း ဖြစ်သည်။
Wang သည် K-1 ပြိုင်ပွဲ၏ ဝယ်တာဝိတ်တန်း ရှုံးထွက်ပြိုင်ပွဲကိုပင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး အိမ်ရှင် ဂျပန် ကစားသမားကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့၍သာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသူ ဖြစ်သည်။ ၆ ပွဲဆက်တိုက် အနိုင်ရထားသူ Wang သည် နောက်ဆုံး ကစားခဲ့သည့် Eufusion ချန်ပီယံလုပွဲတွင် ပြိုင်ဘက် စပိန် ကစားသမားကို တစ်ပတ်လှည့် ကန်ချက်ဖြင့် လှလှပပ အလဲထိုး ခဲ့သည်။ လက်စွမ်း အားဖြင့် အမြင့်ဆုံး အနေအထားကို ရောက်နေသည့် Wang အတွက် ဝါရင့်ကစားသမား Roma သည် ခက်ခဲသည့် ပြိုင်ဘက် ဖြစ်လာမည် ဖြစ်ပြီး ၎င်း၏ ONE Championship အဖွင့်ကို လှပအောင် ဖန်တီးနိုင်မည်လား ဆိုသည်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။
(၅) John Lineker
UFC ၏ ဘင်တန်ဝိတ်တန်းတွင် နာမည်ကြီး ကစားသမား တစ်ဦးဖြစ်ခဲ့သည့် John “Hands Of Stone” Lineker သည်လည်း ၎င်း၏ ONE Championship အဖွင့်ပွဲ အဖြစ် တာဂျစ်ကစ္စတန် ကစားသမား Muin “Tajik” Gafurov နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ Lineker သည် တစ်ချိန်က UFC ပြိုင်ပွဲတွင် အဓိကပွဲများ ကစားခွင့်ရခဲ့သည့် ထိပ်တန်း ကစားသမား ဖြစ်ခဲ့ပြီး လက်ရှိ ဘင်တန်ဝိတ်တန်း ထိပ်တန်း ကစားသမား ဆယ်ဦးထဲ၌ ၎င်းကို ရှုံးနိမ့်ခဲ့ဖူးသူများ ရှိနေသေးသည်။ ဘရာဇီးလ်မှ Jungle Fight ပြိုင်ပွဲတွင် ဘင်တန်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူ Lineker သည် UFC တွင် ပွဲပေါင်း ၁၆ ပွဲ ကစားခဲ့ရာတွင် ၄ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး သူနောက်ဆုံး ရှုံးနိမ့်ခဲ့သူ နှစ်ဦးမှာ နာမည် ကြီးများ ဖြစ်သည့် T.J Dillashaw နှင့် Cory Sandhagen တို့ ဖြစ်ကြသည်။
အနောက်တိုင်း လက်ဝှေ့၊ မွေထိုင်းနှင် ဘရာဇီး ဂျူဂျစ်ဆု ပညာရပ် ၃ မျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ Lineker သည် တိုက်စစ် အသားပေး ကစားဟန်၊ လက်သီး ပါဝါ ပြင်းထန်မှုနှင့် မာဂုဏ်မြင့်မှု တို့ကြောင့် နာမည် ကျော်ကြားသူ ဖြစ်သည်။ ၎င်းသည် UFC သို့ ၂ဝ၁၁ ခုနှစ် ကတည်းက စာချုပ်ချုပ်ဆို ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ပထမဆုံးပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် ၄ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ ဒုတိယမြောက် ရှုံးပွဲ အပြီးတွင်လည်း ၆ ပွဲ ဆက်တိုက် ထပ်မံ အနိုင်ရခဲ့သည်။ Lineker သည် ချန်ပီယံဟောင်း T.J Dillashaw နှင့် ရင်ဆိုင်ခဲ့ ဖူးသည့်တိုင် ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ခွင့်ရသူ မဖြစ်ခဲ့ဖူးသဖြင့် ONE Championship တွင် ၎င်း၏ ကမ္ဘာ့ချန်ပီယံ အိပ်မက်ကို ပြန်လည် အသက်သွင်းရန် ကြိုးစား နေသူလည်း ဖြစ်သည်။
ONE: Dawn of Valor ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ONE ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် အန်တိုနီယာသည်လည်း အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ONE: Dawn of Valor ပြိုင်ပွဲ၏ အစောပိုင်း တွဲဆိုင်းများကို ONE Championship Facebook Page၊ Twitter၊ YouTube နှင့် the ONE Super App တို့တွင် မြန်မာစံတော်ချိန် ညနေ ၄နာရီအချိန်၌ တိုက်ရိုက် ကြည့်ရှူ့နိုင်မည်ဖြစ်သည်။ Sky Net Sports 3 နှင် MNTV တို့ကမူ မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် အဓိကပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။