ဧရာဝတီယူနိုက်တက်နှင့်လမ်းခွဲခဲ့သည့် အောင်ကျော်နိုင် ရန်ကုန်ယူနိုက်တက်အသင်းက နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ
mmtimes.com
|
2019-11-07

ရန်ကုန်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် အောင်ကျော်နိုင်။ဓာတ်ပုံ-ရန်ကုန်ယူနိုက်တက်

ဧရာဝတီယူနိုက်တက်နှင့်လမ်းခွဲခဲ့သည့် အောင်ကျော်နိုင် ရန်ကုန်ယူနိုက်တက်အသင်းက နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ပြည့်နှစ်ဘောလုံးရာသီအတွက် ကစားသမား အင်အားဖြည့်တင်းလျက်ရှိရာ ပြီးခဲ့သည့်ရာသီက ဧရာဝတီယူနိုက်တက်၌ ကစားခဲ့သည့် ကွင်းလယ်ကစားသမား အောင်ကျော်နိုင်ကို နှစ် နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီဖြစ်သည်။

နေပြည်တော်အသင်း၌ ပရိုကစားသမားဘ၀ စတင်ခဲ့သော ကွင်းလယ်ကစားသမား အောင်ကျော်နိုင်သည် ၂၀၁၅ခုနှစ်က ဧရာဝတီယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်ကြာပါဝင်ကစားခဲ့ပြီးနောက် ၂၀၁၇ခုနှစ်တွင် စင်ကာပူကလပ် ဘလက်စတီယာ၌ တစ်နှစ်ကစားခဲ့သည်။ ထို့နောက် ၂၀၁၈ခုနှစ်တွင် ထိုင်းကလပ် အန်သောင်၌ ကစားခဲ့ကာ ပြီးခဲ့သည့်ရာသီတွင် ဧရာဝတီယူနိုက်တက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အောင်ကျော်နိုင်က" ရန်ကုန်ယူနိုက်တက်ကို ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒ်ီအသင်းကို လာဖို့အခွင့်အရေးရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒီအသင်းအတွက် ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူဆတဲ့အတွက် အခွင့်အရေးကောင်းကို လက်လွတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီက နည်းပြချုပ်နဲ့ အသင်းတာဝန်ရှိသူတွေက ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းလာတယ်။ ကျွန်တော်ကလည်း ဒီအသင်းမှာ ကစားဖို့အတွက် အစကတည်းက ဆန္ဒရှိတယ်။ ကစားသမားဘဝစကတည်းက တစ်ချိန်ချိန်မှာ ဒီအသင်းအတွက် ကစားမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် အခု ကျွန်တော့်ရည်မှန်းချက် အတိုင်း ရောက်လာတဲ့အတွက် အရမ်းကို ပျော်ရွင်မိပါတယ်" ဟု ပြောဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အောင်ကျော်နိုင်ကို မခေါ်ယူခင် ဇွဲကပင်ယူနိုက်တက် ကွင်းလယ်လူ မောင်မောင်ဝင်းနှင့် အသင်းကစားသမားဟောင်း ကြည်လင်းကိုလည်း ခေါ်ယူစာချုပ်ထားသည်။

ဆက်စပ်သတင်းများအရ ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ခံလူသိန်းဇော်၊ ကွင်းလယ်လူများဖြစ်သည့် ရန်လင်းအောင်နှင့် သက်ပိုင်စိုးတို့ကို အသင်းမှထွက်ခွာခွင့်ပြုခဲ့ပြီဖြစ်သည်။ သိန်းဇော်သည် ဇွဲကပင်ယူနိုက်တက်မှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်း၌ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရသည်။ သက်ပိုင်စိုးမှာလည်း ဆောက်သမ်းအသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲထွက်ခွင့်ပုံမှန်မရရှိခဲ့ပေ။


#အသင်း
#ကစားသမား
#ဧရာဝတီ
#သိန်းဇော်
#ဇွဲကပင်

Some text some message..