ဘရာဇီးသား ဗီနီဆီရက်စ်ကို အငှားချမည်မဟုတ်ဟု ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းပြောကြား
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဘရာဇီးတောင်ပံကစားသမား ဗီနီဆီရက်စ်ကို အငှားချမည်မဟုတ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ အသိပေးပြောကြားခဲ့သည်။
(၁၉)နှစ်အရွယ် ဗီနီဆီရက်စ်သည် ရီးရဲလ်မက်ဒရစ် ပထမအသင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။ ဗီနီဆီရက်စ်သည် အောက်တိုဘာ ၁၉ ရက်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲထွက်ကစားခွင့်မရခဲ့ပေ။ ၎င်းသည် ယခုနှစ်ရာသီတွင် ရီးရဲလ်အသင်းအတွက် ပြိုင် ပွဲစုံ ၁၁ ပွဲသာ ကစားခဲ့ရပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ဗီနီဆီရက်စ်သည် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်၌ အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်း ထွက်နေသည်။ နည်းပြဇီဒန်းက ဗီနီဆီရက်စ်မှာ အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း၊ ရီးရဲလ်၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဗီနီဆီရက်စ်၏ အချိန် ကောင်း မဟုတ်သော်လည်း နေရာ ရလာမည်ဟု ပြောခဲ့သည်။
ဆက်လက် ၍ နည်းပြဇီဒန်းက ပီအက်စ်ဂျီပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရခဲ့သော အဓိက ကစားသမား ဟာဇက်မှာ လာမည့်အပတ် အက်စပန်ညိုနှင့်ပွဲ၌ ပြန်လည်ပါဝင်နိုင်ရန်ရှိကြောင်း အသိပေး ခဲ့သည်။