ပြည်ပထွက်ကစားနိုင်ရန် ရည်မှန်းဟု တစ်နှစ်တာအကောင်းဆုံး လူငယ်အမျိုးသမီးကစားသမားဆုရ ဖြူဖြူဝင်းဆို
mmtimes.com
|
2019-12-31



အသက်၁၅နှစ်အရွယ်သာရှိသေးသည့် ဖြူဖြူဝင်း၏ ကစားဟန်။ ဓာတ်ပုံ- ဘောလုံးအဖွဲ့ချုပ်

ပြည်ပထွက်ကစားနိုင်ရန် ရည်မှန်းဟု တစ်နှစ်တာအကောင်းဆုံး လူငယ်အမျိုးသမီးကစားသမားဆုရ ဖြူဖြူဝင်းဆို

၂၀၁၉ နေရှင်နယ်လိဂ်အကောင်းဆုံး ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာ အကောင်းဆုံး လူငယ်အမျိုးသမီးကစားသမားဆုကို ရရှိခဲ့သည့် ဖြူဖြူဝင်းက ပြည်ပအထိ သွားရောက် ကစား နိုင်ရန် ရည်မှန်းချက်ထားကြောင်း မြန်မာတိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ခံလူ ဖြူဖြူဝင်းသည် အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် YREO အသင်းတွင် ကစားနေသော ကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်း၌ ရွေချယ်ခြင်းခံရသော်လည်း မလေးရှားနှင့်ပွဲစဉ်တွင်သာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသည်။

" ညီမရဲ့ရည်မှန်းချက်က ပြည်တွင်းကလပ်တွေ တင်မကပါဘူး။ ပြည်ပအထိပါထွက်ကစားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ညီမအတွက် ဒီရည်မှန်းချက်က အရမ်းခက်ခဲမှာပါ။ ပြည်တွင်းမှာတောင်လိဂ်ပြိုင်ပွဲကို မနည်းဖြစ်မြောက်အောင် လုပ်ပေးနေရတာပါ။ ပြည်ပထွက်ကစားဖို့က ဝေးတော့ဝေးပါတယ်။ ပြည်တွင်းမှာပဲ အရင်အောင်မြင်အောင် ကြိုးစားသွားမှာပါ" ဟု ဖြူဖြူဝင်းက ပြောဆိုခဲ့သည်။ပြီးခဲ့သည့်ဘောလုံးရာသီက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ရှစ်သင်းဖြင့် ကျင်းပခဲ့ပြီး YREO အသင်းမှာ အဆင့် ၅ နေရာ၌ ရပ်တည်ခဲ့သည်။

ဖြူဖြူဝင်းသည် အမျိုးသမီးယူ-၁၆အသင်းတွင် ကစားသမားဘဝစတင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၇ခုနှစ် အာဆီယံယူ-၁၅ချန်ပီယံရှစ်ပြိုင်ပွဲ၊ ၂၀၂၀ အေအက်ဖ်စီယူ-၁၆ ချန်ပီယံရှစ်ခြေစစ်ပွဲတို့တွင် ပါဝင်ကစားခဲ့ပြီး ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲဝင် လက်ရွေးစင်အသင်း၌ ပထမဆုံးအရွေးချယ်ခံရသည်။

အသက်၁၅နှစ်အရွယ်သာရှိသေးသည့် ဖြူဖြူဝင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။


#ကစားသမား
#ဝင်း
#သမီး
#လက်ရွေးစင်
#အသင်း

Some text some message..