ဆီဗီလာကြောင့် အမှတ်လျော့သွားမလား စောင့်ကြည့်ရမယ့်ရီးယဲလ်
mmtimes.com
|
2020-01-16



ဆီဗီလာကြောင့် အမှတ်လျော့သွားမလား စောင့်ကြည့်ရမယ့်ရီးယဲလ်

လီဂါနက်စ်တို့ တန်းဆင်းဇုန်ထဲရောက်နေတယ်ဆိုပေမဲ့ နောက်ဆုံးပွဲတွေမှာ ရလဒ်က အထင်ကြီးစရာပါ။


လီဂါနက်စ် - ဂီတာဖေး

စနေ၊ မနက် ၂း၃ဝ

လီဂါနက်စ်တို့ တန်းဆင်းဇုန်ထဲရောက်နေတယ်ဆိုပေမဲ့ နောက်ဆုံးပွဲတွေမှာ ရလဒ်က အထင်ကြီးစရာပါ။ ဂီတာဖေးကတော့ သုံးပွဲဆက် နိုင်ပွဲပျောက်နေပြီး အဝေးကွင်းမှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ လီဂါနက်စ်တို့ တန်းမဆင်းရဖို့အတွက် ပြန်ရုန်းကန်နေရလို့ ဂီတာဖေးတို့ အနည်းဆုံး သရေ တစ်မှတ်တော့ ခွဲပေးရလိမ့်မယ်။


လီဗန်တေး - အလာဗတ်စ်

စနေ၊ ညနေ ၆း၃ဝ

လီဗန်တေး အိမ်ကွင်းခြေစွမ်းက အဆင့်တစ်ခုရှိပါတယ်။ ဒါပေမဲ့ ခြေမမှန်ပါဘူး။ အလာဗတ်စ်ကတော့ နိုင်ပွဲပျောက်နေတာ အတော်ကြာပါပြီ။ တန်းဆင်းဇုန်နဲ့လည်း အမှတ်သိပ်မကွာလို့ အလာဗတ်စ်တို့ ရုန်းကန်ရတော့မယ့်အခြေအနေပါ။ လီဗန်တေးကွင်းဖြစ်လို့ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။


ရီးယဲလ် - ဆီဗီလာ

စနေ၊ ည ၉း၃ဝ

စူပါဖလားရထားတဲ့ ရီးယဲလ်တို့ ဆီဗီလာနဲ့ ထပ်တွေ့နေလို့ မလွယ်ပြန်ပါဘူး။ ဆီဗီလာကလည်း အနီးကပ်ဆုံး အနေအထားက လိုက်လံဖိအားပေးနေလို့ သာမန်ထက် ပိုကျပ်မယ့်ပွဲမျိုးပါ။ အသင်းကြီးတွေနဲ့ပွဲတွေမှာ ရလဒ်တွေက သိပ်မကောင်းလို့ ဒီပွဲမှာလည်း ရီးယဲလ်တို့ ခက်ခက်ခဲခဲကစားပြီးမှ နိုင်မှာပါ။


အိုဆာဆူနာ - ဗယ်လာဒိုလစ်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

သုံးမှတ်ပဲကွာတဲ့ နှစ်သင်းတွေ့ဆုံတာပါ။ အိုဆာဆူနာက ရလဒ်ပြန်ကောင်းလာပေမဲ့ ဗယ်လာဒိုးလစ်ကတော့ အရင်ကထက် ပိုကျသွားပါတယ်။ ဒါပေမဲ့ အိုဆာဆူနာရဲ့အိမ်ကွင်း နောက်ဆုံးသုံးပွဲ ရလဒ်ကလည်း မဟန်တဲ့အတွက် သရေကျသွားဖို့များတဲ့ပွဲပါ။


အိုင်ဘာ - အလက်တီကို

တနင်္ဂနွေ၊ မနက် ၂း၃ဝ

ရီးယဲလ်ကို ပင်နယ်တီနဲ့ရှုံးပြီး ဆုဖလား လက်လွှတ်ခဲ့ရတဲ့ တီကိုတို့ ဒီပွဲမှာ ပြန်ပေါက်ကွဲလာနိုင်ပါတယ်။ အိုင်ဘာကတော့ တဖြည်းဖြည်းနဲ့ တန်းဆင်းဇုန်နားကပ်လာပြီး အခြေအနေမကောင်းလို့ ဒီပွဲမှာလည်း အလက်တီကိုပဲ အနိုင်ရမှာပါ။


မာယော့ကာ - ဗလင်စီယာ

တနင်္ဂနွေ၊ ညနေ ၅း၃ဝ

အမှတ်ပေးဇယား ထိပ်နားရောက်နေတဲ့ ဗလင်စီယာတို့ ဒီအခြေအနေကို ပြန်ကျဆင်းခံမှာမဟုတ်ပါဘူး။ မာယော့ကာကတော့ စိုးရိမ်ရေမှတ်ထဲရောက်နေပြီး တန်းဆင်းဇုန်ထဲမှာ ရှိနေပါတယ်။ မာယော့ကာတို့ ဒီပွဲမှာ အိမ်ကွင်းဖြစ်လို့ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ဗလင်စီယာပဲ အနိုင်ရဖို့ များပါတယ်။


ဘက်တစ် - ဆိုစီဒက်

တနင်္ဂနွေ၊ ည ၇း၃ဝ

ဘက်တစ်က ရာသီအစမှာ ခြေစွမ်းကျပြီး တန်းဆင်းဇုန်နားကပ်ခဲ့ပေမဲ့ အခုတော့ ပြန်ပြီးအခြေအနေကောင်းနေတယ် ပြောရမှာပါ။ ဆိုစီဒက်အတွက် ဒီပွဲက ချန်ပီယံလိဂ် ဝင်ခွင့်နေရာ မျှော်မန်းခွင့်ရှိနေလို့ အားကုန်ထုတ်ရမယ့် ပွဲကျပ်တစ်ပွဲပါ။ ဘက်တစ်အိမ်ကွင်းပေမဲ့ ဆိုစီဒက် ရလဒ်ကောင်းနိုင်တယ်။


ဗီလာရီးယဲလ် - အက်စ်ပန်ညို

တနင်္ဂနွေ၊ ည ၉း၃ဝ

ဗီလာရီးယဲလ်တို့ နောက်ဆုံးငါးပွဲဆက် အနိုင်ရထားတဲ့အတွက် ခြေစွမ်းက တက်နေတဲ့အချိန်ဖြစ်ပါတယ်။ အက်စ်ပန်ညိုကတော့ ယူရိုပါလိဂ်က ခြေစွမ်းနဲ့မတူဘဲ အံ့အားသင့်စရာ ကောင်းလောက်အောင် လာလီဂါမှာတော့ ဆိုးရွားနေပါတယ်။ ဗီလာရီးယဲလ် ဂိုးပြတ်သွားနိုင်တယ်။


ဘီလ်ဘာအို - ဆယ်လ်တာဗီဂို

တနင်္ဂနွေ၊ ည ၁၂းဝဝ

ဘီလ်ဘာအို အိမ်ကွင်းခြေစွမ်းကတော့ အံ့အားသင့်စရာကောင်းအောင် တည်ငြိမ်လွန်းပါတယ်။ ဆယ်လ်တာတို့ အဝေးကွင်းညံ့ဖျင်းပုံမျိုးနဲ့ဆိုရင်တော့ ဘီလ်ဘာအိုကို ယှဉ်ဖို့မလွယ်ပါဘူး။ ဆယ်လ်တာတို့ သရေရရင်မဆိုးဘူး ပြောရမှာဖြစ်ပြီး ဘီလ်ဘာအိုပဲ အနိုင်ရဖို့ သေချာပါတယ်။


ဘာစီလိုနာ - ဂရန်နာဒါ

တနင်္လာ၊ မနက် ၂း၃ဝ

နည်းပြအပြောင်းအလဲနဲ့ ပွဲထွက်လာမယ့် ဘာစီလိုနာတို့ ဒီပွဲမှာ ပေါက်ကွဲပြဦးမှာပါ။ အိမ်ကွင်းမှာ ဂိုးမြူးလေ့ရှိတဲ့အတွက် ဂရန်နာဒါတို့ ပေးဂိုးမများအောင်ပဲ ဂရုစိုက်ရမယ့်အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက ဒဏ်ရာရကစားသမားတွေ ရှိနေလို့ ဒီပွဲမှာထင်သလောက်တော့ လွယ်မှာမဟုတ်ပါဘူး။ ကပ်ပြီးနိုင်သွားဖို့ပဲ ရှိပါတယ်။

Read More

#တနင်္ဂနွေ
#ပွဲ
#ဆီဗီလာ
#ဇုန်
#ဗလင်စီယာ

Some text some message..