
ပန်းသီးမှာ လူ့ကျန်းမာရေးကိုအကျိုးပြုတဲ့ အင်တီအောက်ဆီးဒန့်၊ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်စတဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ လူတွေအတွက် အဖိုးတန်အသီးအနှံဖြစ်တဲ့ပန်းသီးကို ရေခဲသေတ္တာထဲထည့်သင့်လား၊ အခန်းအပူချိန်မှာပဲ ထားသင့်လား၊ ဘယ်လိုထားရမလဲဆိုတာတွေကို purewow သတင်းစာမျက်နှာကနေတဆင့် ဖော်ပြပေးသွားမှာပါ။

pexels/Magova
ပန်းသီးတွေကို ရေခဲသေတ္တာထဲထည့်ထားသင့်လား
ထားသင့်ပါတယ်။ ရေခဲသေတ္တာဆိုတာ ပန်းသီးထည့်သိမ်းဖို့အကောင်းဆုံးနေရာပါ။ ပန်းသီးတွေဟာ အအေးကြိုက်ပါတယ်။ သူတို့ကို အခန်းအပူချိန်ထက် ရေခဲသေတ္တာထဲထည့်သိမ်းရင် ၁၀ဆကြာ ပိုလတ်လတ်ဆတ်ဆတ်နဲ့ အထားခံပါတယ်။ ရေခဲသေတ္တာထဲမှာတော့ ၃၀-၄၀ ဒီဂရီကြားက အကောင်းဆုံးဖြစ်ပြီး အများဆုံးစိုထိုင်းဆပမာဏတော့ ၉၀-၉၅ ရာခိုင်နှုန်းကြားဟာ အကောင်းဆုံးပါပဲ။
ပန်းသီးတွေဟာ ဘယ်လောက်ကြာကြာလတ်ဆတ်နေနိုင်လဲ
ပန်းသီးတွေဟာ အခန်းအပူချိန်မှာဆိုရင် ၇ရက်လောက်သာအထားခံပါတယ်။ ရေခဲသေတ္တာထဲမှာဆိုရင်တော့ သုံးပတ်လောက်ကနေ သုံးလအထိတောင် အထားခံနိုင်ပါတယ်။

freepik_helt
ပန်းသီးတွေကို သင်သေချာထားရဲ့လား
ဆွတ်ခူးချိန်နောက်ကျတဲ့ Fuji ပန်းသီးတွေကတော့ အခွံထူပါတယ်။ ဒါကြောင့် ပိုတာရှည်ခံပါတယ်။ နွေပန်းသီးတွေဖြစ်တဲ့ Gala နဲ့ Delicious ပန်းသီးတွေကတော့ အခွံပိုနူးညံ့တဲ့အတွက် သိပ်ကြာရှည် အထားမခံပါဘူး။
သိမ်းဆည်းနည်း
ပန်းသီးတွေကို ဒီလိုနည်းတွေနဲ့ လတ်လတ်ဆတ်ဆတ် တာရှည်အထားခံနိုင်ပါတယ်။ ပန်းသီးတွေက စိုထိုင်းဆများတဲ့နေရာကို ကြိုက်တာမှန်ပါတယ်။ ဒါပေမဲ့ သူတို့ကိုရေစွတ်ထားတာမျိုးကတော့ အဆင်မပြေပါဘူး။ ဒါကြောင့် ပန်းသီးတွေကိုစားတော့မယ်ဆိုမှ ရေဆေးပါ။ ပန်းသီးတွေကိုသိမ်းမယ်ဆိုရင် သတင်းစာစက္ကူနဲ့ပတ်ပြီးသိမ်းတာ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ပန်းသီးတွေကိုတစ်လုံးနဲ့တစ်လုံးပူးထားရင် မှိုဖြစ်လွယ်ပါတယ်။ ပြီးတော့ ပန်းသီးတွေကို ရေခဲသေတ္တာထဲမထည့်ခင် အနာပါသေးလားဆိုတာစစ်ပါ။ အနာပါရင် ရေခဲသေတ္တာထဲရောက်လည်း မကောင်းနိုင်ပါဘူး။ ပန်းသီးဟာ အနံ့စုပ်တတ်တဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့အပြင် အခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပါ မှည့်စေနိုင်စွမ်းရှိတဲ့အတွက် အနံ့ပြင်းတဲ့အစားအသောက်တွေကနေ ဝေးဝေးထားသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
AuntyMay