
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်သည် ဖွံ့ဖြိုးတိုးတက်မှု စခါစဖြစ်သော်လည်း စမတ်ဖုန်းများ ပြန့်ပွားမှု လျင်မြန်စွာတိုးတက်လာခဲ့ရသည်မှာ
မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကိုအစိုးရ လက်ဝါးကြီးအုပ်ထားမှုကို အဆုံးသတ်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကြောင့်ဖြစ်သည်။
၂၀၁၃ ခုနှစ်မှစတင်၍ Huawei၊ Apple နှင့် Samsung စမတ်ဖုန်းကုမ္ပဏီကြီးများသည် လျင်မြန်စွာကြီးထွားနေသောဈေးကွက်၏ ဝေစုကို ရရှိရန် ဆက်လက်ကြိုးပမ်းကြသည်။
Canalys ၏ ၂၀၂၀ တတိယ သုံးလပတ် အတွက် ထုတ်ပြန်ချက်အရ အဓိကအားဖြင့်ကုမ္ပဏီသုံးခုဖြစ်သော Xiaomi, Huawei နှင့် Oppo သည်မိုဘိုင်းဈေးကွက်၏ ၆၆ ရာခိုင်နှုန်းနီးပါးကိုလွှမ်းမိုးထားသည်။ သို့သော် တရုတ်မဟုတ်သည့် ဖုန်းအမှတ်တံဆိပ် Samsung သည် ဈေးကွက်၏ ၁၄% ကို ရရှိထားသည်။ တရုတ်၏ အထင်ကရ စမတ်ဖုန်းများ မြန်မာဈေးကွက်ကို ဘယ်လို ကြီးထွား စိုးမိုးသလဲ။
၂၀၂၀ ခုနှစ်ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ အင်တာနက် ထိုးဖောက်မှု ၄၁% အထိ ရှိခဲ့ပြီး စုစုပေါင်းအင်တာနက်အသုံးချသူ ၂၂ သန်းခန့် ရှိသည်။ သို့သော် နိုင်ငံအတွင်း မိုဘိုင်းဖုန်း ၆၈ သန်းခန့်ရှိသည့်အနက် သုံးစွဲသူအများစုသည် အင်တာနက်ချိတ်ဆက်ထားသော စမတ်ဖုန်းများ မဟုတ်ဘဲ သမားရိုးကျဆဲလ်ဖုန်းများကိုသာ အသုံးပြုကြသည်။
တိုကျိုအခြေစိုက်အိုင်တီအကြံပေးကုမ္ပဏီ ITR ကော်ပိုရေးရှင်းမှ အကြီးအကဲမာ့ခ်အိုင်းစတိုင်းက '' တယ်လီဖုန်းမရှိ 'မှ "စမတ်ဖုန်းကိုင်သူ" အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားတာ အတော်ပင်ထူးခြားပါတယ်။ နှစ်နည်းနည်းလေးအတွင်းမှာ ရုတ်တရက်ကြီး လူတိုင်းမှာ ဖုန်းရှိတာ ဖြစ်သွားတယ်။ ဒီလို အဖြစ်မျိုး ပြောင်းလဲသွားတာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ဖုန်းသုံးစွဲသူ ပွားများပြောင်းလဲပုံကို မှတ်ချက်ပြုသည်။
အထူးသဖြင့် COVID-19 သည် အော့ဖ်လိုင်းလုပ်ဆောင်မှုများကို ကန့်သတ်ချုပ်ချယ်ထားသဖြင့် လူအများတို့သည် အင်တာနက်ပေါ်တွင် ပိုမိုများပြားလာသည်နှင့်အမျှ တရုတ်ပြည်မှ အထင်ကရ စမတ်ဖုန်းကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံ၏ ဈေးကွက်အလားအလာကိုယခင်ကထက် ပိုမို အလေးထားလာကြသည်။
ဖုန်းကိုင်သူတွေက ဘာကို လိုချင်ကြသလဲ
မြန်မာနိုင်ငံတွင် လူငယ်လူဉီးရေ များသည်။ ၅၅% သည် ၃၀ နှစ်အောက် အသက်အရွယ် ရှိကြသူများ ဖြစ်သည်။
ဖုန်းသုံးစွဲသူများမှာ အထူးသဖြင့် ဈေးနှုန်းကို ဂရုပြုကြသည်။ တရုတ်ဖုန်းလုပ်ငန်းများအဖို့ ထူးခြားသည့် အချက် ဖြစ်နေသည်။ တရုတ်နိုင်ငံ ပြည်တွင်း ဈေးကွက်တွင် brand ကို ပိုပြီး အရူးအမူးဖြစ်ကြသည်။
ထိုအချက်ကြောင့် တရုန်ဖုန်းများ ဖြစ်ကြသည့် Xiaomi, Huawei နှင့် Oppo တို့သည် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်ထဲတွင် Apple နှင့် Samsung ကဲ့သို့သောအဆင့်မြင့်အမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်လျှင် အားသာချက် ရရှိသည်။ အလယ်အလတ်တန်းနှင့် အနိမ့်တန်း ဖုန်းများကိုပါ ထုတ်လုပ်နေသော Xiaomi, Huawei နှင့် Oppo တို့သည် ဈေးကွက်ဝေစုကို ဖုန်းဈေးနှုန်းကြောင့်လည်း ရရှိကြသည်။
အများသူငါ တတ်နိုင်သည့် ဈေးနှုန်းအတန်းအစားများအရ ဖုန်းအမျိုးမျိုး သူ့အတန်းအစားနှင့်သူ ရှိနေသည်။
Huawei သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်း ခိုင်မာစွာ ထိုးဖောက် ဝင်ရောက်ခဲ့သည်။
Huawei အမည်သည် လူသိအလွန်များသည့်အမည် ဖြစ်ခဲ့ပြီး Huawei ဖုန်းများသည် လွတ်ကျလျှင်လည်း တော်ရုံတန်ရုံ အကြမ်းခံသဖြင့် ကြိုက်ကြသည်။ ဖုန်းအရည်အသွေး အဆင့်အတန်းအရ ရောင်းဈေးကို ချိန်ဆကြည့်လျှင် တကယ်တန်သည့် ဈေးနှုန်း ဖြစ်နေသဖြင့်လည်း သုံးစွဲသူ များပြားသည်။ Huawei သည် အရောင်းရဆုံးထုတ်လုပ်သူအဖြစ်ရပ်တည်ခဲ့သည်မှာ ၂၀၁၆ အစောပိုင်းတွင် Xiaomi သည် ရှန်ကျန်းမြို့အခြေစိုက် ဦးဆောင်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei ထက် ရောင်းအားခုရေ ကျော်လွန်သွားသည်အထိ ဖြစ်သည်။
၂၀၁၆ နောက်ပိုင်း မှ ၂၀၁၈ ခုနှစ်အထိ ကာလအတွင်း Huawei ၏ ဈေးကွက်ဝေစုကို ပြိုင်ဘက် တရုတ်ဖုန်းများ ဖြစ်သည့် Xiaomi နှင့် Oppo က တဖြည်းဖြည်း ဖဲ့ယူခဲ့ကြသည်။
အဘယ်အကြောင်းများကြောင့် Huawei အနေအထား ကျဆင်းသွားရသနည်း။
ITR ကော်ပိုရေးရှင်းမှ အကြီးအကဲမာ့ခ်အိုင်းစတိုင်းက Huawei ရယူသည် မဟာဗျူဟာ အနေအထားသည် ပရီမီယံ အမှတ်တံဆိပ်အဖြစ် နေရာယူရန် ဖြစ်သဖြင့် မြန်မာပြည်တွင်း ဖုန်းဈေးကွက်တွင် ပရီမီယံဖုန်း ဈေးကွက်ဝေစုမှာ သေးငယ်သဖြင့် ရောင်းအားခုရေလည်း ကျဆင်းရသည်ဟု သုံးသပ်သည်။
“Huawei က နှစ်အတန်ကြာကတည်းက လုံးရေ များများ ရောင်းချရတဲ့ အနေအထားကို စွန့်ခွာခဲ့တယ်။ လုံးရေ များများ မရောင်းရတဲ့ အမြင့်တန်းမှာ နေရာယူခဲ့တာကို နောက်ဆုံးပေါ် လက်ကိုင်ဖုန်းအချို့ဖြစ်သော Mate 30 နဲ့ Mate 40 တို့အရ သိနိုင်ပါတယ်။ အဲဒီဖုန်းမော်ဒယ်တွေက Samsung နဲ့ Apple တို့ကို ပခုံးချင်းယှဉ်ပြီး ပြိုင်ဆိုင်ဖို့ ဒီဇိုင်းထုတ်လုပ်ထားတာတွေ ဖြစ်ပါတယ်။ အဲဒီမှာ Android system ပြဿနာ ရှိလာခဲ့တယ်။ တရုတ် အမေရိကန် ကုန်သွယ်စစ်ပွဲမှာ Huawei ကို အမေရိကန် အစိုးရက ပိတ်ပင်တယ်။ Android system ကို Huawei ဆက်လက်သုံးစွဲခွင့် ရမှာလားဆိုတာ မသေမချာ ဖြစ်လာတယ်။ Google နဲ့ Googleရဲ့ ထုတ်ကုန်တွေ သုံးခွင့် မရတဲ့ ဖုန်းတွေ ဖြစ်လာတယ်။ ပရီမီယံတန်းမှာ ဈေးကြီးပေးပြီး ဝယ်သုံးဖို့ဆိုတာ နှစ်ခါပြန် စဉ်းစားစရာ ဖြစ်နေတယ်"
တရုတ်ပြည်တွင်းသုံးဖုန်း အဖြစ် Huawei ဖုန်းများကို ရှုမြင်ကြခြင်း ခံရသည်။ ကမ္ဘာသုံး Global မဟုတ်လျှင် ဖုန်းရောင်းဈေးများသည် Global ထက် ဈေးသက်သာစမြဲဖြစ်ပြီး Global ကိုသာ သုံးလိုသူများက လက်ရှောင်ကြသည်ဖြစ်ရာ Huawei သည် ပြည်တွင်းဈေးကွက်မှာ မျက်နှာငယ်သည်။ ထရန့်အစိုးရကလည်း ဝက်အူရစ်ကို တစ်ရစ်ပြီး တစ်ရစ် ကျပ်နေသည်။ ချစ်ပ်များပါ သုံးခွင့်မရတော့သည့်အဖြစ်သို့ ရောက်ရှိလာသည်။
Huawei အခက်သည် Xiaomi အတွက် အချက်ကောင်း ဖြစ်နေသည်။ Xiaomi က ပြည်တွင်းသုံး local (CN) နှင့် ကမ္ဘာသုံး global နှစ်လိုင်းစလုံး ဖုန်းများ ဝင်သည်။ ဈေးသက်သည့် လိုကယ်ဖုန်း ဝယ်သုံးသူများကိုလည်း ရောင်းချရသည်။ ရောင်းအား တက်သည်။ ပေကျင်းမြို့ အခြေစိုက် Xiaomi သည် ၂၀၂၀ အောက်တိုဘာတွင်မြန်မာနိုင်ငံ၏ ဈေးကွက်ဝေစုကို ခုရေအရ ၃၁% ကျော် ရယူခဲ့သည်။
Huawei သည် ဖယ်ကြဉ်ခံထားရပြီး ၂၀၂၀ အောက်တိုဘာလတွင် ထိပ်တန်း အရောင်းရဆုံး ဖုန်းအမှတ်တံဆိပ် ၅ ခုတွင် မပါဝင်တော့ချေ။
ဈေးကွက်ဝေစု တစ်နှစ်တာ ကြီးထွားနှုန်းကို ကြည့်လျှင် Xiaomi သည် ၁၀၈% ဖြင့် အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် Realme က ၈၆% ဖြင့် နေရာယူထားသည်။ Samsung နှင့် OPPO တို့ ယုတ်လျော့ခဲ့ကြရာ Samsung က အနုတ် ၁% ဖြစ်ပြီး OPPO က အနုတ် ၂၂% ကျဆင်းခဲ့ကြသည်။ သို့သော် သတိပြုသင့်သည်မှာ OPPO ၏ ဈေးချိုဖုန်းဖြစ်သော Realme ၏ ဈေးကွက်ဝေစု တိုးခဲ့ခြင်း ဖြစ်သည်။
Xiaomi သည် Apple က ကျင့်သုံးသည့် လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိသည့် နည်းကို အတုယူသည်။ ရန်ကုန်နှင့်မန္တလေးကဲ့သို့သောမြို့ကြီးများရှိ ဈေးဝယ်စင်တာများတွင် လက်လီအရောင်းဆိုင်များမှာ Xiaomi ဖုန်းများ ရှိနေစေသည်။ Apple နှင့် မတူသည်မှာ Apple က ဈေးမြင့်သည်။ ထို့အပြင် Xiaomi သည် အမည်ခွဲဖြစ်သော Redmi ကိုလည်း လူကြိုက်များအောင် လုပ်ဆောင်နိုင်ခဲ့သည်။
Xiaomi Myanmar ၏အထွေထွေမန်နေဂျာ Fuliang Bai က“ ဈေးနှုန်းနဲ့ စွမ်းဆောင်နိုင်မှု အချိုးဟာ မြန်မာနိုင်ငံမှာကျွန်တော်တို့ရဲ့ အစွမ်းထက်ဆုံးလက်နက်ပဲ” ဟု KrASIA သို့ ပြောကြားခဲ့သည်၊
Xiaomi ဖုန်းများက အရည်အသွေးတန်းတူ ချင်း နှိုင်းယှဉ်လျှင် ဈေးသက်သာသည်။
ဂုဏ်ဆောင်သည့် ဖုန်းဖြစ်ပြီး နောက်ဆုံးထုတ်လည်း ဖြစ်သော Redmi Note 9 Pro လက်လီရောင်းဈေးမှာ ကျပ် သုံးသိန်း နှစ်သောင်း ဖြစ်သည်။ Apple ၏ iPhone အမျိုးမျိုးတို့သည် ကျပ် တစ်ဆယ်သိန်း အထက်မှာ ရှိနေသည်။ အခြား ပရီမီယံတန်း ဖုန်းများမှာလည်း တစ်ဆယ်သိန်းပတ်လည်တွင် ရှိနေသည်။
ဈေးကွက်များ၏ ၂၀၁၉ ခုနှစ် တစ်ဉီးချင်းအရ ပြည်တွင်း ထုတ်ကုန် အကြမ်းတန်ဖိုး Gross domestic product (GDP) မှာ မြန်မာပြည်သည် အမေရိကန်ဒေါ်လာ ၁,၄၀၈ ၊
အင်ဒိုနီးရှားသည် အမေရိကန်ဒေါ်လာ ၄,၁၃၆ ၊
ထိုင်းသည် အမေရိကန်ဒေါ်လာ ၇,၈၀၈ ၊
ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၂.၇၁၅
အသီးသီးရှိကြောင်း ကမ္ဘာဘဏ်မှ ထုတ်ပြန်ချက်အရ သိရသည်။
ထိုကိန်းဂဏန်းများအရ သိနိုင်သည်မှာ မြန်မာနိုင်ငံသားတို့သည် အပိုဖြုန်းဖို့ မတတ်နိုင်ကြချေ။ သို့ဖြစ်ရာ ဈေးကြီးသော ပရီမီယံ ဖုန်းများကို လူနည်းစုတို့ကသာ ဝယ်သုံးကြသည်။ လူများစုသည် တန်ဖိုးသင့် ဖုန်းများကို ရွေးချယ် သုံးစွဲကြသည်။ ထိုအချက်သည် ဈေးချိုသောဖုန်းများ ဖြစ်သည့် Redmi ဖုန်းများကို ရောင်းပန်းလှနေစေသည်။ Xiaomi ၏ Redmi ဖုန်းများ အောင်မြင်သည်။ လူတန်းစေ့ ဝယ်သုံးဖို့ တတ်နိုင်ကြသည်။
“ Xiaomi က တခြားတရုတ်ဖုန်းအမှတ်တံဆိပ်တွေနဲ့ ယှဉ်လိုက်ရင် ရေပန်းအစားဆုံးပဲ။ တကယ်ဈေးချိုတယ်။ ကင်မရာ ပိုကောင်းတာ ရနိုင်တယ်” ဟု ရန်ကန်မြို့ စမ်းချောင်းမြို့နယ်ရှိ လက်လီအရောင်းဆိုင် Skywards မှ အရောင်းဝန်ထမ်းက ပြောသည်။
မြန်မာပြည်တွင် စမတ်ဖုန်းများအဖို့ ကင်မရာသည် အရေးသိပ်မပါလှဟု လျှော့မတွက်ကြချေ။ စမတ်ဖုန်းသည် ဖုန်းပြောဖို့အပြင် လူမှုကွန်ရက်များ သုံးဖို့ကိုလည်း သုံးစွဲသည့် ကိရိယာ ဖြစ်သည်။ Facebook သည် ပထမ နေရာတွင် ရှိနေပြီး ပုံတင်ဖို့ဆိုလျှင် Instragram သည် ပထမနေရာတွင် ရှိနေသည်။ ထိုဆိုရှယ်မီဒီယာများပေါ်မှ ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး ပုံများ တင်ကြသည်။ ကိုယ်တိုင်ရိုက် selfie ပုံများလည်း တင်ကြသည်။ ထို့အတွက် ကင်မရာ ကောင်းဖို့ မလွဲမသွေ လိုအပ်သည်။ စမတ်ဖုန်း ဝယ်ယူရန် ထည့်စဉ်းစားသည့် အချက်များတွင် ကင်မရာသည် အရေးပါသည့် အချက် ဖြစ်သည်။
Xiaomi ရရှိထားသော ဦးဆောင်နေရာအတွက် နေရာလုခံရမည့်အရေး ကြီးကြီးမားမား ခြောက်ခြားစရာ မရှိချေ။ ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း မှန်တန်းဖြင့် ဈေးကွက်ဝေစုကို တိုးလာခဲ့သည်. နောက်ထပ် တရုတ်စမတ်ဖုန်း Oppo သည် ဈေးကွက် ဝေစုပဲ့ပါကုန်သော်လည်း ၎င်း၏ ဈေးချိုအမှတ်တံဆိပ်ဖြစ်သော Realme သည် အဟုန်တက်နေသည်။ ယခုနှစ် သုံးလပတ်၏ သုံးလတာအတွင်းမှာ ဈေးကွက်ဝေစု ၈၆% ယခင်နှစ်ထက် တိုးခဲ့သည်။ Realme သည် ကင်မရာကောင်းကောင်းပါသည့် ဈေးချိုသောဖုန်း ဝယ်သုံးကြသည့် ပရိသတ်ကို ဆွဲငင်နိုင်ခဲ့သည်။ ကျပ် ၁၃၉,၉၀၀ ဖြင့် ကင်မရာကောင်းကောင်း စမတ်ဖုန်းကို ရနိုင်စေသည်။ Realme သည် အောက်တိုဘာလတွင် ပြည်တွင်းဈေးကွက် ဝေစု ၁၀% ရရှိခဲ့သည်။ အနိမ့်တန်း စမတ်ဖုန်းဈေးကွက်ကို နေရာအခိုင်ယူထားသည်။ အသက် ၂၃ နှစ်ရှိ ဖူးမို့မို့သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မိုဘိုင်းဖုန်းဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းဖြစ်ပြီး သူက KrASIA ကို ပြောပြခဲ့ရာတွင် “ကျမ ဈေးရောင်းတဲ့ အတွေ့အကြုံတွေအရ ပြောရရင် အဲဒီစမတ်ဖုန်းတွေရဲ့ အရည်အသွေးက ကောင်းပြီး များသောအားဖြင့် ကင်မရာက ပုံထွက်ကောင်းတာ မြင့်မားတယ်” ဟု ဆိုသည်။
မြို့ကြီးပြကြီး မဟုတ်သောဒေသများ ဆက်သွယ်ရေးချိတ်ဆက်မှု
ဒေသတွင်းမှာ အကျိုးအမြတ်များ မြိုးမြိုးမြက်မြက် အရနိုင်ဆုံး အခွင့်အလမ်းများ မြန်မာဖုန်းဈေးကွက်တွင် မရှိသော်လည်း လူတစ်ဦးချင်းအရ ဂျီဒီပီသည် ၂၀၂၂ ခုနှစ်တွင် ၅၅% ကျော်အထ် မြင့်တက်မည်ဟု မျှော်လင့်ရပေရာ စမတ်ဖုန်းဈေးကွက် ကြီးထွားရန် နေရာ ရှိနေမည် ဖြစ်သည်။
စမတ်ဖုန်း ဝယ်သုံးသူအများစုသည် မြို့ကြီးပြကြီးများတွင် ရှိနေကြသော်လည်း လူဉီးရေ ဖြန့်ဝေမှုကို ကြည့်ပါက မြို့ကြီးများတွင် နေထိုင်သူ လူဦးရေသည် ၃၀.၈% သာ ရှိသည်။ သို့ဖြစ်ရာ ဖုန်းဝယ်သုံးဖို့ အလားအလာရှိသည့် စားသုံးသူများသည် သမားရိုးက အရောင်းလမ်းကြောင်းများ အပြင်ဘက်တွင် ရောက်ရှိနေကြသည်။
မြို့ပြနေသူတို့အဖို့ နောက်ဆုံးထုတ် စမတ်ဖုန်းအသစ် ကိုင်နိုင်ခြင်းသည် လူမှုဆိုင်ရာ ဂုဏ်တစ်ခု အဖြစ် ရှုမြင်ကြသည်။ ကျေးလက်နေ စမတ်ဖုန်း သုံးကြသူတို့အဖို့ စမတ်ဖုန်း အသုံးဝင်ပုံအမျိုးမျိုးတို့၏ စွမ်းဆောင်ရည်များကို အကျိုးရှိရှိ သုံးခွင့် မရကြချေ။ ဖုန်းခေါ်ရန်နှင့် စာတိုပေးပို့ရန်တို့အတွက်သာ သုံးကြတာ များကြောင်း Groupe Speciale Mobile (GSM) Association မှ ၂၀၁၅ ခုနှစ်တွင် စစ်တမ်းထုတ်ဝေခဲ့သော အစီရင်ခံစာအရ သိရသည်။ ကျေးလက်တွင် နေကြသူတို့သည် စမတ်ဖုန်း လိုအပ်ကြရသည်မှာ Facebook, Viber နှင့် အခြားလူမှုပလက်ဖောင်းများအတွက်သာ ဖြစ်သည်။ ထို့အတွက် သူတို့ လိုအပ်သည်မှာ စခရင်တို့ထိသည့် ဖုန်းမျိုး ဖြစ်ဖို့သာ ဖြစ်ပြီး မည်သည့် စမတ်ဖုန်း အမှတ်တံဆိပ်ဆိုသည်မှာ သိပ်အရေးမကြီးချေ။ ၂၀၁၅ ခုနှစ်တွင် အသုံးများကြသည့် စမတ်ဖုန်း အမှတ်တံဆိပ်မှာ Huawei ဖြစ်သည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
အသက် ၂၈ နှစ်ရှိ ကိုမင်းအောင်သူသည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ သူက ပြောသည်မှာ “ ရွာမှာ လူအများစု အခုဆိုရင် စမတ်ဖုန်းတွေ သုံးနေကြပြီ။ အားလုံးနီးပါး တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်တွေပါ၊ ဈေးနှုန်းတွေက ကျပ် တစ်သိန်းကနေ နှစ်သိန်း ဝန်းကျင်အထိ ဖြစ်ပါတယ်”
ကျေးလက်နေသူများအဖို့ ဖုန်းအမှတ်တံဆိပ်သည် အမြဲတစေ ကွာခြားချက်တစ်ခုအဖြစ် ရှုမြင်ကြခြင်း မရှိချေ။ ကိုမင်းအောင်သူက ရှင်းပြသည်။ “ကျနော့ ရွာမှာ အင်တာနက် ချိတ်ဆက်မှုဟာ ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူး။ များသောအားဖြင့် လူတွေက နီးစပ်ရာ မြို့တွေပေါ်တက်ပြီး ဖုန်းတွေ ဝယ်ကြတယ်။ သူတို့က brand ကို အရေးသိပ်မလုပ်ကြပါဘူး။ သူတို့ တတ်နိုင်တဲ့ ငွေပမာဏ အတိုင်းအတာကို ဖုန်းရောင်းတဲ့သူတွေကို ပြောပြပြီး သင့်တော်မယ့်ဟာ ရွေးခိုင်းတယ်။ ဖုန်းအားလုံးနီးပါး တရုတ်ပြည်နယ်စပ်ကနေ သွင်းလာတာတွေပါ။ ဘာလို့လဲဆိုတော့ နေရာ နီးကပ်တယ် မဟုတ်လား”
ကျေးလက်မှ ဖုန်းသုံးစွဲကြသူများသည် brand ကို သတိမူမိခြင်း နည်းပါးကြသည်မှာ အခြေခံအဆောက်အအုံ ပြဿနာများက စမတ်ဖုန်းကောင်းကောင်း သုံးလျှင်လည်း အကြောင်းမထူးသဖြင့် စမတ်ဖုန်းကောင်းကောင်း သုံးဖို့ နှောင့်နှေးစေသည်။ သို့သော် ကျေးလက်ဒေသများတွင် အခွင့်အလမ်းများ ရှိနေသည်ဟု Xiaomi Myanmar ၏အထွေထွေမန်နေဂျာ Fuliang Bai က ဆိုသည်။ သူက KrASIA ကို ရှင်းပြသည်။ “ကျနော် ရွာတချို့ကို ခရီးတချို့ သွားခဲ့တယ်။ လျှပ်စစ်မီးနဲ့ အင်တာနက် ရရှိနိုင်မှုက နိမ့်ကျနေဆဲဖြစ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီဟာတွေက ကျနော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်နေချိန်မှာ မဝေးတဲ့အနာဂတ်မှာ ကြီးထွားဖို့ ကျနော်တို့အတွက် အခွင့်အလမ်းတွေလို့ ကျနော်တို့ ရှုမြင်ပါတယ်”
နိုင်ငံတော်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိသည်။ ဝေးလံခေါင်သီသည့် နေရာဒေသများ အများစုသို့ ဆက်သွယ်ရေး ဝန်ဆောင်မှုများ တိုးချဲ့ရန်အတွက် ၂၀၁၈ ခုနှစ်တွင် Universal Service Fund (USF) ကို ထူထောင်ခဲ့သည်။ ထိုရန်ပုံငွေ အမျိုးအစားသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင့်သုံးခြင်း ဖြစ်သည်။ အဓိက တယ်လီကွန်းအော်ပရေတာများက ကွန်ရက် ချဲ့ထွင်ခြင်းအတွက် သတ်မှတ်ထားသည့် အခကြေးငွေ ပေးဆောင်ရသည်။
တရုတ် စမတ်ဖုန်း လုပ်ငန်းမဟာကြီးများက 5G အနာဂတ်ကို ရှေ့ရှုဆောင်ရွက်နေကြစဉ် မြန်မာဆက်သွယ်ရေးသည် 4G ချိတ်ဆက်မှု တိုးတက်ကောင်းမွန်အောင် စူးစိုက် လုပ်ကိုင်လျက် ရှိသည်။ ပြီးမှ နောက်ဆုံးမျိုးဆက် ကွန်ရက်နည်းပညာသို့ အဆင့်မြှင့်တင်မည် ဖြစ်သည်။
ITR ကော်ပိုရေးရှင်းမှ အကြီးအကဲမာ့ခ်အိုင်းစတိုင်းက “လာမယ့် နှစ်နှစ် သုံးနှစ်မှာ ဈေးနှုန်းက ပိုအရေးကြီးနေတာက ကျေးလက်ဒေသတွေမှာ ကြီးမားတဲ့နေရာမှ ပါဝင်နေဦးမယ်။ အဲဒီမှာ အမေရိကန်ဒေါ်လာ ၃၀ ကနေ ၅၀ အထိ ကြားမှာ ရှိနေတဲ့ တရုတ်ဖုန်းတွေ အမြောက်အမြား ရှိနေတယ်။ အဲဒီဖုန်းတွေက မှောင်ခိုတစ်ပိုင်း ဈေးကွက်ဖုန်းတွေလို့ ဆိုနိုင်တယ်။ ဖုန်းရောင်းချတာအတွက် ဆိုင်တွေက တစ်နှစ်အာမခံ ပေးထာမျိုး မပေးဘူး။ အခွန်ဆောင် တံဆိပ်ခေါင်းတွေ ကပ်ထားတဲ့ ငွေရပြေစာလည်း မပေးဘူး။ မြို့ပြအပိုင်းမှာတော့ လူတွေက ပရီမီယံ brand တွေ ဖြစ်တဲ့ Samsung, Huawei, Apple စတာတွေကို ရွေးချယ်ကြမယ်။ လာမယ့်နှစ်တွေမှာ Samsung အတော်ကလေး ရေပန်းစားမယ်။ Apple နဲ့ ယှဉ်လိုက်ရင် သူ ဈေးသက်သာတယ်” ဟု သုံးသပ်သည်။
တရုတ်ကုမ္ပဏီများက အမှတ်တံဆိပ် အသိအမှတ်ပြုခြင်းကို အသုံးချပြီး တိုးချဲ့ကြသည်။ စမတ်ဖုန်းများအပြင် ရုပ်မြင်သံကြားစက်များ အလားအလာကောင်းနေသည်။ ဖုန်းများသည် တစ်ကိုယ်ရေသုံး ဖြစ်ပြီး ရုပ်မြင်သံကြားစက်များသည် အိမ်ထောင်စုသုံးအဖြစ် ဝယ်ယူကြလိမ့်မည်ဖြစ်သည်။ ထိုအခါ ဖုန်းအမှတ်တံဆိပ်ကို အစွဲပြုပြီး ရွေးချယ်ကြခြင်းများ ရှိလိမ့်မည် ဖြစ်သည်။