အွန်လိုင်းမှာ ဖုန်းလိမ်ရောင်းတဲ့ အမျိုးသမီးငယ် ရဲစခန်းမှာ အဖမ်းခံ
myanmaritdirectory.com
|
2021-10-02

အသက် ၁၉ နှစ်ရှိသူ အမျိုးသမီးငယ်က ချင်းမိုင်ရှိ ရဲစခန်းမှာ ဖုန်းတွေ လိမ်ညာရောင်းတဲ့ပြစ်မှုအတွက် လာရောက် အဖမ်းခံခဲ့ပါတယ်။


အဆိုပါ အမျိုးသမီးငယ် Piyada Thongkhampan က လူ ၅၀၀ ဝန်းကျင်ကို လက်ထဲ ဖုန်းတစ်လုံးမှ မရှိဘဲ လိမ်ညာရောင်ချခဲ့တယ်လို့ ရဲက သံသယ ရှိပါတယ်။

လိမ်ညာခံရတဲ့သူတွေထဲမှာ အသက် ၁၄ နှစ်ရှိ ချာတိတ်တစ်ဦး ပါဝင်ပြီး အဲဒီ လူငယ်ကလေးက အလိမ်ခံတာကို သိသွားပြီး စိတ်ဆင်းရဲရာမှ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ လူငယ်ကလေးက အသက် ၁၄ နှစ်ရှိ Nong Kong ဖြစ်ပြီး ချင်းမိုင်မှာ အထက်တန်းကျောင်း တက်နေသူဖြစ်ပါတယ်။

iPhone 7 တစ်လုံး ဝယ်ချင်တယ်ဆိုလို့ သူ့မိသားစုက Nong Kong ကို ဘတ် ၅,၀၀၀ ပေးခခဲ့ပါတယ်။ သူက အွန်လိုင်း ပညာရေးပို့ချမှုအတွက် လိုအပ်တယ်ဆိုလို့ အခုလို ဝယ်ဖို့ ငွေပေးခဲ့တာ ဖြစ်ပါတယ်။

သူက ဘဏ်ငွေလွှဲပေးပြီးတဲ့နောက်မှာ ဖုန်းရောင်းတဲ့သူက သူ့ကို အဆက်အသွယ် ဖြတ်လိုက်တယ်။ ဖုန်းကလည်း ရောက်မလာဘူး။ သူ အလိမ်ခံလိုက်ရပြီဆိုတာ ရိပ်မိပြီးတဲ့နောက်မှာ စိတ်ဆင်းရဲရာမှာ စိတ်ဒဏ်ပိပြီး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသွားခဲ့ပါတယ်။

Piyada က Phonebymint ဆိုတဲ့ Instagram အကောင့်မှာ ဖုန်းတွေကို ကြော်ငြာပါတယ်။ အကောင့်မှာ followers ၆၀,၀၀၀ ကျော် ရှိပါတယ်။ အဲဒီတော့ အွန်လိုင်းမှာ ယုံကြည်မှုရနေစေပါတယ်။ Piyada က ကျောင်းသူကျောင်းသားတွေကိုသာ ပစ်မှတ်ထားပြီး အလွန်ဈေးပေါတဲ့ ရောင်းဈေးကမ်းလှမ်းပြီး သွေးဆောင်ဖြား‌ယောင်းတယ်လို့ စွပ်စွဲထားပါတယ်။

Piyada က စွပ်စွဲထားတဲ့ အမှုတွေကို ကြားနာစစ်ဆေးမှု ခံယူဖို့ ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပြီး စွပ်စွဲချက်တွေကို သူက ငြင်းဆိုပါတယ်။ သေဆုံးသူချာတိတ်နှင့် အဆက်အသွယ် တစ်ခါမှ မရှိဖူးကြောင်း ထွက်ဆိုပါတဘ်။ အွန်လိုင်းမှာ တစ်ပတ်ရစ် ဖုန်းတွေ ရောင်းချခဲ့ဖူးပေမဲ့ မရောင်းတော့တာ ပြီးခဲ့တဲ့နှစ်ကတည်းကလို့ ဆိုပါတယ်။

အခုလို လာအဖမ်းမခံခင်မှာ အသက် ၁၈ နှစ်ရှိ Naruemon Chamnan နဲ့ အသက် ၁၉ နှစ်ရှိ Sainamphueng Chanamarn ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ Piyada က သူ့အတွက် ဘဏ်စာရင်းတွေကို နာမည်ခံပြီး ဖွင့်ပေးဖို့ ငှားရမ်းခဲ့တယ်လို့ သံသယရှိလို့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး Piyada က သူတို့နှစ်ဦးကို မသိကြောင်း ငြင်းဆိုပါတယ်။

ရဲက Piyada က ၅၀၀ ဦးဝန်းကျင်ကို ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း လိမ့်လည်ခဲ့တယ်လို့ ယူဆပါတယ်။ အလိမ်ခံရသူတွေက ဘတ် ၃,၀၀၀ မှ ၃၀,၀၀၀ အထိ ငွေကြေးဆုံးရှုံးခဲ့ကြပါတယ်။

Piyada ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနAnti-Money Laundering Office မှ သိမ်းဆည်းထားပါတယ်။

Piyada မှာ အခြားဖမ်းဝရမ်းတွေ ရှိနေကြောင်း ရဲက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အသက် ၁၆ နှစ်မှာ လိမ်လည်သူအဖြစ် နာမည်ပျက်စာရင်းသွင်းခံထားရပြီး လိမ်လည်မှုတွေမှာ ဆက်စပ်မှု ရှိနေပါတယ်။

Phonebymint အကောင့်အပြင် Piyada မှာ ဆိုရှယ်မီဒီယာအကောင့်တွေ လုပ်ထားတယ်လို့ ရဲက ယူဆပါတယ်။ အဲဒီအကောင့်တွေမှာ စမတ်ဖုန်းတွေကို ဈေးပေါပေါ ဖြင့် ကမ်းလှမ်းပြီး ဘဏ်ငွေလွှဲခိုင်းပါတယ်။ ဘဏ်စာရင်းဖွင့်ဖို့ နာမည်ခံပေးတဲ့သူတွေကို တစ်ကြိမ်လျှင် ဘတ် ၈,၀၀၀ အထိ ပေးပါတယ်။ စုစုပေါင်း အကောင့် ၁၅၀ ခု ရှိတယ်လို့ ရဲက ယူဆပါတယ်။ အကောင့်တစ်ခုက ကွယ်လွန်သူ မိခင်ရဲ့ အမည်နဲ့ ဖွင့်ထားပါတယ်။

bangkokpost.com


#အမျိုးသမီး
#ဖုန်း
#အွန်လိုင်း

Some text some message..