Wi-Fi နဲ့ အင်တာနက်သုံးတဲ့အခါ နှေးနေတယ် ဆိုရင်
myanmaritdirectory.com
|
2021-10-06

အင်တာနက် ချိတ်ဆက် သုံးစွဲတဲ့ ကိရိယာ အမျိုးအစားတွေက ပိုများလာတယ်။


တစ်ကိုယ်ရေသုံး ကွန်ပျူတာ (စားပွဲတင်နဲ့ ပေါင်တင်)၊ စမတ်ဖုန်း၊ တက်ဘလက်၊ ဂိမ်းစက်၊ စမတ်တီဗီ . . .

ဒါပေမဲ့ အိမ်တွေမှာ ဝိုင်ဖိုင် ထုတ်လွှင့်စက်ကတော့ တစ်လုံးပဲ ရှိတယ်။

သုံးစွဲတဲ့ ကိရိယာတွေမှာ တချို့မှာ ပိတ်ချိန် ရှိပေမဲ့ ဖုန်းတွေ တက်ဘလက်တွေကတော့ များသောအားဖြင့် တောက်လျှောက် ဝိုင်ဖိုင် ဖွင့်ထားကြတယ်။ ဝိုင်ဖိုင် ကွန်ရက်ထဲမှာ ရှိနေကြတယ်။ အိမ်အပြင် ယူသွားချိန်ကျမှ အိမ်သုံးဝိုင်ဖိုင် ကွန်ရက်ထဲမှ ထွက်သွားကြတယ်။

ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဖြစ်နေတော့ ဝိုင်ဖိုင်မှာ ချိတ်ထားတဲ့ ကိရိယာအရေအတွက်များရင် အမြန်နှုန်းအပေါ် သက်ရောက်မှု ရှိနိုင်သလား။


Wi-Fi Router ဘယ်လို အလုပ်လုပ်သလဲ

အိမ်တွင်း ကြိုးမဲ့ဆက်သွယ်ရေးအတွက် Wi-Fi Router  က အရေးပါတယ်။ သူမရှိလို့ မဖြစ်ဘူး။ သူက ဒေတာတွေ ပို့ပေးတယ်။ ယူပေးတယ်။ အိမ်တွင်း ကြိုးမဲ့ကွန်ရက် ဖြစ်တည်နေဖို့ သူက လုပ်ပေးနေတယ်။ အိမ်တွင်း ဝါယာလက်ချိတ်ဆက်မှုအတွက် Wi-Fi Router က အခြေစိုက် ဆက်သွယ်ရေးစခန်းတစ်ခု ဖြစ်ပါတယ်။ 

Wi-Fi Router နဲ့ ကိရိယာတွေအကြား ဒေတာတွေ အပြန်အလှန် စီးဆင်းနေတာမှာ ဒေတာတွေကို အထုပ်ကလေးတွေ ခွဲထုပ်ပြီး အထုပ်ပေါ်မှာ လိပ်စာတပ်ပေးထားတယ်။ ဒီတော့ ဘယ်ကိရိယာအတွက်လည်း ဆိုတာ သိရတယ်။ 

Wi-Fi Router တစ်ခုတည်းကို လူနှစ်ယောက်က ဖုန်းကိုယ်စီဖြင့် သုံးနေကြတယ် ဆိုပါစို့။ 

နှစ်ယောက်အတူ ပြိုင်သုံးနေတဲ့အခါ သူ့ဖုန်းအတွက် ဒေတာ ကိုယ့်ဖုန်းထဲ မရောက်လာဘူး။ ကိုယ့်ဖုန်းအတွက် ဒေတာ သူ့ဖုန်းထဲ ရောက်မသွားဘူး။ 

ကိရိယာနှစ်ခုက တစ်ခုတည်းသော လှိုင်းတုန်နှုန်းပေါ်မှာ တစ်ပြိုင်နက်တည်း သုံးနေကြတဒ့အခါ ဝိုင်ဖိုင်စက်က ကိရိယာ တစ်ခုကိုပဲ အလုပ်လုပ်တယ်။ ဒီတော့ ဖုန်းနှစ်လုံးကို တစ်လှည့်စီ လုပ်သွားတယ်။ တကယ်လို့ ဝိုင်ဖိုင်စက်မှာ ချိတ်ထားတာတွေ များနေရင် ‌အလှည့်ကျ လုပ်ပေးနေတာ ဖြစ်လို့ ဒေတာတွေ ရွေ့တာ နှေးသွားမှာ ဖြစ်ပါတယ်။

“နှေးသွားတယ်” ဆိုတာ ဝိုင်ဖိုင်စက် router က ဝိုင်ဖိုင်ကွန်ရက်ထဲမှာ ရှိနေတဲ့ ကိရိယာတွေ အကုန်လုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဆက်သွယ်လုပ်ကိုင်ပေး နိုင်ခြင်း မရှိတာကို ဆိုလိုပါတယ်။ ကိရိယာတွေက တစ်ပြိုင်နက်တည်း  ဒေတာအထုပ်တွေ လိပ်စာကပ်ပြီး လွှင့်ထုတ်နေတဲ့အခါ နှေးသွားမှာ ဖြစ်ပါတယ်။ သုံးနေတဲ့ အင်တာနက် နှေးသွားတာ မဟုတ်ပါဘူး။ အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ဆီ (ISP)မှ လာတဲ့ အင်တာနက်က ကောင်းနေပေမဲ့ ဝိုင်ဖိုင်စက်က အိမ်တွင်းကွန်ရက်ထဲ တစ်ပြိုင်နက်တည်း ဆက်သွယ် လုပ်ကိုင်ပေးနေရတဲ့ ကိရိယာ များပြားလို့ နှေးရတာ ဖြစ်ပါတယ်။

နှေးတယ် မနှေးဘူးဆိုတာ ဝိုင်ဖိုင်စက် router အမျိုးအစား အပေါ်မှာ မူတည်ပါတယ်။ ယေဘုယျအားဖြင့် ကိရိယာ ၄ ခုနဲ့အထက် တစ်ပြိုင်နက်တည်း ဝိုင်းသုံးနေရင် နှေးသွားးတတ်ပါတယ်။ ဝိုင်ဖိုင်စက်ကုိ ဝိုင်းသုံးနေတဲ့ ကိရိယာတွေ ပိုများလေ ပိုနှေးလေပါပဲ။ မသိမသာ နှေးသွားတာကနေ သိသိသာသာ နှေးတဲ့အထိ၊ လိုင်းမိနေပြီး လိုင်းပျောက်နေသလို ဖြစ်တဲ့အထိ နှေးနိုင်ပါတယ်။

ဆိုင်သုံး အများသုံး ဝိုင်ဖိုင်စက်တွေအနေဖြင့် ကိရိယာ ၂၅ ခုအထိ တစ်ပြိုက်နက်တည်း သုံးနေလည်း နှေးမသွားအောင် ထိန်းပေးထားနိုင်တယ်။

သုံးစွဲတဲ့ ကိရိယာ အနည်းအများအပြင် ဝိုင်ဖိုင် လိုင်းအား မကောင်းစေတဲ့ အခြားအချက်တွေ

ရှိပါတယ်။

၁။ ။ဝိုင်ဖိုင် Signal အား

ဝိုင်ဖိုင်စက် router ကနေ ထုတ်လွှင့်တဲ့ ဝိုင်ဖိုင်အားက အားနည်းနေရင် ကိရိယာ သုံးလေးခု ချိတ်လိုက်တဲ့အခါ ဒေတာစီးဆင်းနှုန်း နှေးသွားမယ်။

လိုအပ်ရင် Wi-Fi extender ထပ်တပ်ပေးသင့်ပါတယ်။

၂။ ။ ဝိုင်ဖိုင်စက် Router ရဲ့ သက်တမ်း

Router ထုတ်လုပ်တဲ့ ခုနှစ်က ကြာခဲ့ပြီဆိုရင် မကြာသေးခင်နှစ်မှာ ထုတ်လုပ်တဲ့ Router တွေလို ကိရိယာ ခုရေ များများ ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူး။

၃။ ။ ဝိုင်ဖိုင် Signal ဖြတ်သန်းရတဲ့ နံရံများ

ဝိုင်ဖိုင်စက်နဲ့ သုံးနေတဲ့ ကိရိယာတို့အကြား နံရံတွေ ခံနေတာ ကြောင့်လည်း နှေးစေပါတယ်။ 

၄။ ။ ခေတ်မရှိတော့တဲ့ Firmware

router မှာ ထည့်ပေးထားတဲ့ Firmware က router ရဲ့ အခြေခံတာဝန်တွေကို ထိန်းကျောင်းပေးတယ်။ အဆက်အသွယ် ပြုနေတဲ့ ကိရိယာတွေ အကုန်လုံးကို စောင့်ကြည့်ပေးနေတယ်။ ဝင်လာတဲ့ signals တွေရဲ့ အရည်အသွေးနဲ့ အားတို့အပေါ်  မူတည်ပြီး ချဲလ်နယ် ခွဲတမ်းချတာ၊ signals တွေ အား အပြင်းအပျော့ ချိန်တာ စတဲ့ တာဝန်တွေ ထမ်းဆောင်ပေးတယ်။ Firmware အလုပ်လုပ်နေတာ ချွတ်ချော်မှု ရှိနေရင် ဒေတာတွေ စီးဆင်းတာ နှေးနေပါလိမ့်မယ်။

၅။ ။ဝိုင်ဖိုင်နှေးနေတာတွေ ‌ရှောင်လွှဲဖို့ ဝိုင်ဖိုင်စက်မှာ ချိတ်ထားတဲ့ ကိရိယာ အရေအတွက် လျှော့ချပါ။ ကိရိယာကို မသုံးတဲ့အခါ ကိရိယာမှာ ဝိုင်ဖိုင် ပိတ်ထားပါ။ 

၆။ ။ဝိုင်ဖိုင်စက်ကို ကိရိယာတွေ သုံးစွဲတဲ့ နေရာတွေနဲ့ နီးနီးနားနား အဆင်ပြေတဲ့နေရာမှာ ထားပါ။

၇။ ။ကွန်ပျူတာအတွက်ဆိုရင် Ethernet cable ကြိုးနဲ့ ချိတ်ဆက်ပါ။ လေထဲမှ တစ်ဆင့် မယူတော့ဘဲ ကြိုးသွယ်ပြီး ယူလိုက်ရင် အားပိုကောင်းစေပါတယ်။

၈ ။ ။Router ထုတ်လုပ်တဲ့ ခုနှစ် ကြာခဲ့ပြီ ဆိုရင် အသစ်လဲပါ။

၉။ ။လိုအပ်မယ်လို့ ယူဆရင် Wi-Fi extender သုံးပါ။


#ဖုန်း
#စမတ်ဖုန်း
#အင်တာနက်
#ဝိုင်ဖိုင်

Some text some message..