
TikTok မိခင်ကုမ္ပဏီ ByteDance ထူထောင်သူ Zhang Yiming က ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှ နုတ်ထွက်လိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ်မှာ စီအီးအို အဖြစ်မှ အငြိမ်းစား ယူလိုက်တာ ဖြစ်ပြီး သူ့နေရာကို တက္ကသိုလ်တက်တုန်းက အဆောင်မှာ တစ်ခန်းတည်း အတူနေခဲ့သူ Liang Rubo ကို ပေးလိုက်ပါတယ်။
ByteDance က ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်တာကြောင့် ယခုလို လူအပြောင်းအလဲကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ တာဝန်မရှိပါဘူး။
ဒီသတင်း ပေါက်ကြားခဲ့ပြီး တရုတ်မီဒီယာ LatePost မှာ သတင်းဖော်ပြခဲ့ပြီး ByteDance မှ မေးမြန်းစုံစမ်းတာတွေကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကမ္ဘာတစ်လွှား အောင်မြင်မှု ပထမဆုံး ရရှိခဲ့တဲ့ လူမှုမီဒီယာ အော်ပရေတာ ByteDance ဟာ TikTok ရဲ့ အောင်မြင်မှုကြောင့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှု ကြုံရလုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှ TikTok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ သတင်းပေးပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဖြေရှင်းခဲ့ရပါတယ်။
ယခုနှစ်အစောပိုင်းမှာ ByteDance ရဲ့ ဝဘ်ဆိုက်မှ ဒါရိုက်တာ ဘုတ်အဖွဲ့ နဲ့ ကုမ္ပဏီ ဖွဲ့စည်းထားပုံတို့ကို ဖယ်ရှားခဲ့ပါတယ်။
ဘုတ်အဖွဲ့ဝင် ၅ ဦး မှာ Zhang Yiming ၊ Sequoia Capital မှ Neil Shen ၊ Costue Management မှ Philippe Laffont ၊ Susquehanna International Group မှ Arthur Dantchik ၊ General Atlantic မှ William Ford တို့ ဖြစ်ပါတယ်။
ByteDance ရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၄၀၀ ဘီလျံလို့ ခန့်မှန်းထားပါတယ်။
Zhang ရဲ့ အသားတင်တန်ဖိုးက Forbes ရဲ့ အဆိုအရ အမေရိကန်ဒေါ်လာ ၆၀ ဘီလျံ ဖြစ်ပါတယ်။
Zhang က အနားယူလိုက်ပြီ ဖြစ်ပေမဲ့ အခရာကျတဲ့ ဆုံးဖြတ်သူ အဖြစ် နောက်ကွယ်မှာ ဆက်ရှိနေမယ်လို့ ယူဆကြပါတယ်။
ByteDance က ပြန်လည်ဖွဲ့တည်နေပြီး TikTok ကို တသီးတခြား ရပ်တည်နေတဲ့ လုပ်ငန်းအဖြစ် ခွဲထုတ်လိုက်ပါတယ်။
TikTok ကို စင်ကာပူ အခြေစိုက် လုပ်ကိုင်မှာ ဖြစ်ပြီး စီးအီးအိုက စင်ကာပူ နိုင်ငံသား Chew Shou Zi ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
TikTok ရဲ့ စီအီးအို Shou Zi Chew ကို တွေ့ဆုံခြင်း
လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က Zhang က ByteDance ကို ဘီးဂျင်းမြို့တော်မှ လူနေတိုက်ခန်းမှာ စတင်ခဲ့ပါတယ်။ သူက သိုသိုသိပ်သိပ် နေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ TikTok လစဉ်ပုံမှနါသုံးစွဲသူ ၁ ဘီလျံ ဖြစ်လာခဲ့ပါတယ်။
ByteDance ရဲ့ အလားတူ ဗီဒီယိုအတို အက်ပ်ဖြစ်တဲ့ တရုတ်ပြည်တွင်းသုံး Douyin မှာ နေ့စဉ်ပုံမှန် သုံးစွဲသူ သန်း ၆၀၀ ရှိပါတယ်။