
သက်တမ်းရှည်ကြာ Internet Explorer အပြီးအပြတ် အနားပေးလိုက်ပြီ
သက်တမ်းရှည်ကြာ Internet Explorer ကို Microsoft က အနားပေးလိုက်ပါပြီ။
ဗုဒ္ဓဟူးနေ့ (ဇွန် 15 ရက်)ကစလို့ Microsoft က သက်တမ်း ၂၇ နှစ် ရှိပြီဖြစ်တဲ့ Internet Explorer ဘရောက်ဆာကို ပံ့ပိုးမှု ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ Internet Explorer ကို စိတ်ကုန်တဲ့သူတွေရှိသလို ဆက်လက်သုံးစွဲနေသူတွေလည်း ရှိနေဆဲပါ။
IE လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ Internet Explorer ဘရောက်ဆာကို ၂၀၂၂ ဇွန်လ ၁၅ ရက်မှာ အပြီးအပြတ် အနားပေးတော့မယ်လို့ Microsoft က တစ်နှစ်ကြိုတင် အသိပေးခဲ့ပါတယ်။ IE အစား ၂၀၁၅ မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Edge ဘရောက်ဆာကို ပြောင်းလဲသုံးစွဲစေခဲ့ပါတယ်။ ရွှေ့ပြောင်းချိန် တန်ပြီဆိုတာ Microsoft က ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။
Microsoft Edge က Internet Explorer ထက် ပိုမိုမြန်ဆန်၊ ပိုမိုလုံခြုံပြီး ခေတ်မီသော ရှာဖွေမှုအတွေ့အကြုံကုိ ပေးအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ခေတ်မမီတော့တဲ့ ဝဘ်ဆိုက် စာမျက်နှာတွေ ဖွင့်ကြည့်နိုင်အောင်လည်း Edge မှာ စီမံပေးထားတယ်လို့ Microsoft Edge Enterprise မှ ထွေဂျာ Sean Lyndersay က ဘလော့ဂ်ပို့စ်မှာ ၂၀၂၁ မေလတုန်းက ရေးသားအသိပေးခဲ့ပါတယ်။
Microsoft က Internet Explorer ပထမဆုံး ဗားရှင်းကို ၁၉၉၅ မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကာလမှာ အသုံးအများဆုံး ဘရောက်ဆာက Netscape Navigator ဖြစ်ပါတယ်။
Microsoft က Windows operating system မှာ IE ကို ပူးပူးကပ်ကပ်တွဲပြီး default အဖြစ် ထည့်ပေးထားတော့ Windows သုံးတဲ့အခါ IE ကိုပဲ သုံးဖြစ်ကြပါတယ်။ Netscape ကျရှုံးသွားတယ်။
အခုလို Windows operating system မှာ တွဲထားတာ လက်ဝါးကြီးအုပ်ချင်လို့ လုပ်ထားတဲ့ လုပ်ရပ်လို့ တရားစွဲခံရပါတယ်။ Mozilla ရဲ့ Firefox, Opera and Google ရဲ့ Chrome တို့အပေါ် မမျှတရာ ရောက်တယ်လို့ တရားရုံးက ၂၀၀၂ မှာဆုံးဖြတ်ပါတယ်။
အဲဒီအချိန်မှာ IE ဘရောက်ဆာက ၉၀% ကျော် ဝေစု ရရှိထားပါတယ်။
ဒါပေမဲ့ သုံးစွဲသူတွေအကြား IE အပေါ်ငြိုငြင်စရာ စိတ်ပျက်စရာတွေ ကြုံနေကြတယ်။
IE က နှေးတယ်။ crash တာ ပုံမှန်လို ဖြစ်လာတယ်။ ဟက်ခံရတာအတွက်လည်း အရံအတား မထားပေးထားဘူး။
နာမည်မှေးမှိန်လာပြီး တခြားဘရောက်ဆာတွေ ပြောင်းသုံးကြတယ်။
ကွန်ပျူတာမှာ Windows တင်ပြီးရင် ဘရောက်ဆာက IE ပဲရှိတော့ IE ကို ဖွင့်ပြီး အင်တာနက် တက်တယ်။ တခြားဘရောက်ဆာကို ဒေါင်းလုဒ် ယူပြီး တင်လိုက်တယ်။ ပြီးရင် တင်လိုက်တဲ့ ဘရောက်ဆာကို default အဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်။ IE က အဖြည့်ခံသက်သက် ဖြစ်လာတယ်။ ဘရောက်ဆာ ဒေါင်းယူဖို့ ဘရောက်ဆာတစ်ခုမျှသာ ဖြစ်နေပါေတာ့တယ်။
ယခုအခါ ဘရောက်ဇာများထဲမှာ Chrome က အသုံးအများဆုံး နံပါတ်(၁)၊ Safari က ဒုတိယအများဆုံး၊ Edge က တတိယအများဆုံးနှင့် Firefox က စတုတ္ထ အများဆုံး ဖြစ်ပါတယ်။
#MyanmarICTGuide