
စမတ်ဖုန်း ကျောခိုင်းထားတဲ့ LG ရဲ့ တက်ဘလက်အသစ်
တောင်ကိုရီးယားမှ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း LG က စမတ်ဖုန်း ဈေးကွက်ထဲ ယှဉ်ပြိုင်ရင်း ကျရှုံးခဲ့ပါတယ်။
LG က ၁၉၉၅ ခုနှစ်မှာ မိုဘိုင်းဖုန်း သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကို ထူထောင်ခဲ့ပါတယ်။ ၂၀၁၃ မှာ အောင်မြင်မှု အထွတ်အထိပ် ရောက်ခဲ့ပါတယ်။ စမတ်ဖုန်းထုတ်လုပ်မှုမှာ LG က ကမ္ဘာ့တတိယအကြီးဆုံးဖြစ်ပါတယ်။ Samsung က ပထမ၊ Apple က ဒုတိယ ဖြစ်ပါတယ်။
LG ရဲ့ အထင်ကရ flagship စမတ်ဖုန်းတွေမှာ ပစ္စည်းပိုင်းမှာ ချို့ယွင်းချက် ရှိတဲ့အပြင် ဆော့ဖ်ဝဲလ်ပိုင်းမှာလည်း ချို့ယွင်းချက်တွေ ရှိနေပါတယ်။ system software ကို update ပေးတာမှာလည်း နှေးတယ်။ လူကြိုက်မများတော့တဲ့ အဖြစ်သို့ ဆိုက်ရောက်သွားခဲ့ပါတယ်။
အရှုံးပြတဲ့ ၃ လပတ်တွေ ဆက်တိုက်ဖြစ်နေချိန်မှာ LG က တရုတ်စမတ်ဖုန်း ဈေးကွက်ထဲမှ နုတ်ထွက်လိုက်ပါတယ်။
အရှုံးပေါ်နေတာ တရုတ်ဈေးကွက်တစ်ခုထဲတော့ မဟုတ်ပါဘူး။
အခြားဈေးကွက်တွေမှာလည်း စမတ်ဖုန်းက အရှုံးပေါ်နေတယ်။ မိခင်နိုင်ငံ တောင်ကိုရီးယား ဈေးကွက်မှာလည်း အရှုံးပြနေတယ်။ တောင်ကိုရီးယားမှာ Samsung စမတ်ဖုန်းတွေကိုပဲ အသည်းအသန် ဖြစ်နေကြတယ်။
နောက်ဆုံးမှာတော့ LG က စမတ်ဖုန်းဈေးကွက် အားလုံးမှ နုတ်ထွက်ခဲ့ပါတယ်။
၂၀၂၁ ဧပြီလမှာ LG က စမတ်ဖုန်းဈေးကွက်မှ နောက်ဆုတ်ထွက်ခွာကြောင်း၊ မိုဘိုင်းဖုန်း လုပ်ငန်းကဏ္ဍ ဆက်တိုက်အရှုံးပေါ်နေ၍ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
LG နုတ်ထွက်သွားပြီးချိန်မှာ အရောင်းဆိုင်တွေရဲ့ စင်တွေပေါ်မှာ LG စမတ်ဖုန်းတွေ ဆက်ရှိနေတယ်။ လူတွေရဲ့ လက်ထဲမှာလည်း LG စမတ်ဖုန်းတွေ ဆက်ရှိနေတယ်။
ဒီတော့ LG က အဲဒီ စမတ်ဖုန်းတွေအတွက် ဆော့ဖ်ဝဲ updates တွေကို ၃ နှစ်တိုင်တိုင် ဆက်လက်ဖြန့်ဖြူးပေးခဲ့ပါတယ်။
ယခုအခါ LG က Project Jetta လို့အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေပါတယ်။
စခရင် ၁၀.၄ လက်မ အရွယ်အစားရှိ တက်ဘလက် ထုတ်လုပ်ဖို့ စီမံကိန်း ဖြစ်ပါတယ်။ ချစ်ပ်က Snapdragon 680 သုံးထားပြီး RAM က 4 GB ၊ သိုလှောင်မှု storage က 128 GB ဖြစ်ပါတယ်။ 7,000 mAh ဘက်ထရီ သုံးထားပါတယ်။Android 12 တင်ပေးထားတယ်။
စခရင် resolution က 2,100 x 1,200 pixels ဖြစ်ပါတယ်။ မျက်နှာစာနှင့် ကျောဘက် နှစ်ခုစလုံးမှာ ကင်မရာ ပါတယ်။ အထူက ၀.၃ လက်မ (7.1 mm) ဖြစ်ပါတယ်။
မော်ဒယ်နံပါတ်က LGE 10A30Q ဖြစ်ပါတယ်။
ပညာရေးအတွက် သုံးစွဲရန် တက်ဘလက်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ရောင်းချမယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
#MyanmarICTGuide
Source: .notebookcheck