
အိန္ဒိယမှာ စမတ်ဖုန်း အများဆုံး ထုတ်လုပ်ခဲ့သည့် brand များ
အိန္ဒိယအစိုးရက စမတ်ဖုန်းထုတ်လုပ်သူများနှင့် အခြားသော အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သူများကို အိန္ဒိယမှာ စက်ရုံထားရှိပြီး နိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်မှုကို လုပ်ကိုင်ကြဖို့အတွက် ဆွဲခေါ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အခြားတစ်ဘက်မှာတော့ ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းများအပေါ် အခွန်ကိစ္စ၊ ပြည်ပငွေလွှဲကိစ္စများဖြင့် အရေးယူတာတွေလည်း ရှိနေပါတယ်။

ပြည်တွင်း စီးပွားရေး မြင့်တက်စေဖို့ ပြည်ပလုပ်ငန်းများ လာရောက်လုပ်ကိုင်ဖို့ မက်လုံးအစီအစဉ်များလည်း ပြဋ္ဌာန်းပေးထားပါတယ်။
ကျင့်သုံးနေတဲ့ လုပ်နည်းကိုင်ဟန်နှင့် မူဝါဒများကြောင့် အိန္ဒိယဈေးကွက်ထဲမှာ နေရာယူဖို့ တရုတ်စမတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်းများက အိန္ဒိယမှာ ခြေကုပ်ယူပြီး “Made in India” စမတ်ဖုန်းများ ထုတ်လုပ်ကြပါတယ်။
နာမည်ကြီး သုတေသနလုပ်ငန်း Counterpoint က “Made in India” စမတ်ဖုန်းကို သုတေသန လုပ်ဆောင်ပြီး ၂၀၂၂ ပထမ ၃ လပတ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ၃ လပတ်အတွင်း အိန္ဒိယဈေးကွက်ထဲသို့ ဖုန်းလုံးရေ ၄၈ သန်းကျော် ပေးပို့ခဲ့ပါတယ်။ ဦးဆောင်နေရာမှာ ရောက်ရှိနေတဲ့ brand က Oppo ဖြစ်ပါတယ်။

အကြီးတန်းသုတေသီ လေ့လာဆန်းစစ်သူ Prachi Singh က "အိန္ဒိယ စမတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း ကြီးထွားလာနေပါတယ်။ ၂၀၂၂ မှာ “Made in India” စမတ်ဖုန်းလုံးရေ သန်း ၁၉၀ ကျော်ကို ထုတ်လုပ်ပေးပို့လိမ့်မယ်။ ပြည်တွင်းရောင်းအားလည်း တက်တယ်။ ပြည်ပကိုလည်း တင်ပို့နေတဲ့အတွက် လုပ်ငန်းကဏ္ဍ ဆက်တိုက်ကြီးထွားနေပါတယ်။ ၂၀၂၂ ပထမ ၃ လပတ်အတွင်း စမတ်ဖုန်း ဝယ်လိုအား လျော့ကျခဲ့ပါတယ်။ အိန္ဒိယစမတ်ဖုန်း ဈေးကွက်မှာ Oppoက အင်အားတောင့်တောင့်တင်းတင်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် ဈေးကွက်ထဲမှာ ကြီးထွားမှု ရရှိခဲ့ပါတယ်" လို့ ပြောကြားပါတယ်။
အိန္ဒိယ စမတ်ဖုန်း အပိုင်းအကန့်မှာ ကန်ထရိုက်စနစ်ဖြင့် အီလက်ထရွန်းနစ်ပစ္စည်းများကို တပ်ဆင်ထုတ်လုပ်ပေးတဲ့ EMS (Electronic Manufacturing Services) လုပ်ငန်းများက “Made in India” စမတ်ဖုန်း ထုတ်လုပ်မှုကဏ္ဍမှာ ဝေစု ၄၂% ရှိပါတယ်။
၂၀၂၂ ပထမ ၃ လပတ်အတွင်း EMS တွေထဲမှာ Bharat FIH က လုံးရေအများဆုံး ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒုတိယနေရာမှာ Dixon Technologies ရှိနေပါတယ်။
ပြင်လုပ်ငန်းထံ ကန်ထရိုက်မပေးဘဲ ကုမ္ပဏီကိုယ်တိုင် ထုတ်လုပ်တဲ့ “Made in India” စမတ်ဖုန်း brand တွေ အိန္ဒိယ စမတ်ဖုန်းဈေးကွက်ထဲ တင်ပို့မှုမှာ OPPO က ဈေးကွက် ဝေစု ၂၂% ဖြင့် ဦးဆောင်နေပါတယ်။ Samsung က ၂၁% ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
အိန္ဒိယ ကီးပက်ဖုန်းကဏ္ဍမှာ ၂၀၂၂ ပထမ ၃ လပတ်မှာ EMS တွေရဲ့ “Made in India” ကီးပက်ဖုန်းတွေက ဈေးကွက်ဝေစု ၆၈% ကျော်ကို ရရှိပါတယ်။ Lava , Flex, Bharat FIH, နှင့် Dixon Technologies တို့က ကီးပတ်ဖုန်း အပိုင်းအကန့်မှာ ဦးဆောင်နေကြပါတယ်။
#MyanmarICTGuide
Telegram Channel
https://t.me/Guid4U/257
Source: Counterpoint