
အမေ့ရွာဆိုတာလေးကတော့ ရန်ကုန်မြို့နဲ့ တစ်နာရီခွဲလောက်ပဲ သွားရမယ့် မှော်ဘီ ပန်းတစ်ပွင့်တောင်နားက Resort လေးပဲ ဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ တစ်နေ့တာလောက်ကို ရွာငယ်လေးတစ်ခုထဲ ရောက်သွားသလို ခံစားစေရမယ့် နေရာလေးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ နေ့ချင်းပြန်ဖြစ်ဖြစ် ညအိပ်ပဲဖြစ်ဖြစ် တစ်ခဏတာ ဝင်လည်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်တာကြောင့် လူတန်းစားမရွေးအတွက် အဆင်ပြေစေမယ့် နေရာလေးပါ။

ပိုကောင်းတာကတော့ နေ့ချင်းပြန်ဖြစ်ဖြစ်၊ ညအိပ်တာပဲဖြစ်ဖြစ်၊ ခဏဝင်လှဲလျောင်းတာပဲဖြစ်ဖြစ် အားလုံးအတွက် အမေ့ရွာမှာ ခေါင်းအုံးနဲ့အိပ်ယာတွေ ထားပေးထားတာပဲ ဖြစ်ပါတယ်။ နယ်ကလာတဲ့သူတွေအတွက်လည်း ကိုယ့်မွေးရပ်မြေဖြစ်တဲ့ အမေ့ရွာကို ပြန်ရောက်သွားစေမယ့် ခံစားချက်မျိုး ရရှိစေမှာပါ။ ရွာဆိုတဲ့အတိုင်း တကယ့်ရွာကို ရောက်သွားသလို သူကြီးအိမ်၊ ဆယ်အိမ်မှူးအိမ်၊ ရွာသားအိမ်၊ စတဲ့ တဲအိမ်လေးတွေရော Tent တွေပါ ရှိတယ်နော်။

အားသာချက်တစ်ခုကတော့ မြို့ပြမှာ မွန်းကျပ်ပြီး လာရောက် အော်ဟစ်ပေါက်ကွဲချင်သူတွေအတွက်လည်း ကိုယ့်အဖွဲ့ကိုယ် ဘယ်သူ့ကိုမှ အားနာစရာမလိုပဲ အော်ဟစ်ပေါက်ကွဲလို့ ရပါတယ်။ ဧက၄၀ကျော်တဲ့ အမေ့ရွာ ခြံဝင်းကြီးအတွင်း စစချင်းမြင်ရမယ့် ရာဘာခြံကြီးရယ်၊ တဲအိမ် ၄လုံးရယ်၊ ရေကူးကန်ပါဝင်တဲ့ ပန်းခြံကြီးရယ်၊ ရာသီချိန်မှာ ခူးလို့မနိုင်အောင်ကို သီးနေတဲ့ ကျွဲကောပင်ရယ်၊ အခြားသီးပင်စားပင်တွေရယ် ရှိနေတာကြောင့် အလွန်အေးချမ်းပြီး သာသာယာယာ အနားယူနိုင်ပါတယ်။
အလားတူ လိုအပ်သလို သုံးနိုင်တဲ့ အိုးခွက်ပန်းကန်တွေ၊ ပန်းခြံနဲ့ သစ်ပင်တွေကြား အနားယူနိုင်ဖို့ Tent၊ သန့်ရှင်းသပ်ရပ်တဲ့ ရေကူးကန်တို့ကိုလည်း ရှိနေပါတယ်။ ဒါ့အပြင် စက်ဘီး၊ ဆိုင်ကယ်၊ လေးဘီး၊ စွန်လွှတ်၊ ကြက်တောင်ရိုက်၊ ခြင်းခတ် ဖို့အတွက်လည်း ဝါသနာပါရာ လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

နေ့ချင်းပြန်သွားမယ့် မိတ်ဆွေ၊ သူငယ်ချင်းများအတွက် နေ့လည်စာ ဖက်ထမင်းအပါအဝင် Tea Time မှာလည်း မြန်မာ့ ရိုးရာ အစားအစာ (၁) ခုကို တည်ခင်း ဧည့်ခံပေးထားပါတယ် ။ ညအိပ်သွားမယ့် မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက် နေ့လည်စာ ဖက်ထမင်း၊ Tea Time၊ dinner ၊Breakfast များအပါအဝင်အသားကင်များ၊ Hot Pot set စားဖိုဆောင်မှ menu များကို ဝယ်ယူ သုံးဆောင်နိုင်မှာပါ။
အမေ့ရွာ အနီးအနားမှာ ရှိပြီး မှော်ဘီမှာ အလွန် နာမည်ကြီးတဲ့ ပန်းတပွင့်တောင်ဘုရား နဲ့ ဖူးကြီးဆည် ကိုလည်း အလွယ်တကူ သွားရောက် လည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်အမေ့ရွာ အနီးအနားရှိ စိုက်ပျိုးခြံ အများစုကိုလည်း လည်ပတ် ကြည့်ရှုနိုင်သလို တစ်ညလောက် တည်းခိုရုံနဲ့ မှော်ဘီမြို့ရှိ နာမည်ကြီး နေရာအစုံကို တခါတည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကုန်ကျစရိတ် သက်သာစွာနဲ့ မွေးရပ်မြေရွာကို ပြန်ရောက်သွားသလို ခံစားရစေမယ့် အမေ့ရွာ Resort ဟာ အားလပ်ရက် မွန်းကြပ်မှုတွေကို ဖြေဖျောက်ပေးနိုင်မယ့် လည်ပတ်စရာတစ်ခုဖြစ်တယ်ဆိုတာ တင်ပြပေးလိုက်ပါတယ်နော်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel