
ဝန်ထမ်းတွေအတွက် ရုံးပိတ်ရက်ဆိုတာက စိတ်အပန်းဖြေထွက်ပေါက်တစ်ခုလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အားလပ်ရက်တစ်ခု ရပြီဆိုတာနဲ့ ခရီးထွက်ပြီး အပန်းဖြေဖို့ အမြဲစဉ်းစားလေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထားဝယ်မှာ နာမည်ကြီးလှတဲ့ ထားဝယ်ရှင်ကိုးရှင် ဘုရားဖူးသွားဖို့ မိသားစုနဲ့အတူ ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ကနေ ညနေ၄နာရီစတင်ထွက်ခွာခဲ့ရာမှာ ပဲခူး၊ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့တွေကို ကျော်ဖြတ်ကာ တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်မြို့ ကလိန်အောင်ကို မနက် ၈နာရီမှာရောက်ရှိခဲ့ပါတယ်။ ထားဝယ်မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၂၆၀၀ကျော်ရှိပြီး စပါး၊ ရာဘာ၊ ဆီအုန်းတို့ကို စိုက်ပျိုးကာ အသက်မွေးကြတယ်လို့ မှတ်သားရပါတယ်။
ထားဝယ်မြို့ရဲ့ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားထဲက ၁ဆူဖြစ်တဲ့ ကလိန်အောင်ဆံတော်ရှင်စေတီတော်ကို ရောက်ရှိပြီး စေတီတော် တောင်ပေါ်ကို တောက်တက်ကားလေးနဲ့ တက်ရောက်ကာ ဖူးမြော်ခဲ့ရပါတယ်။ ကလိန်အောင်ဆံတော်ရှင်စေတီတော်က ထားဝယ်မြို့အဝင် ကလိန်အောင်မှာ တည်ရှိလို့ ရှင်ကိုးရှင်ထဲက ပထမဆုံး ဖူးမြော်တဲ့ စေတီပဲ ဖြစ်ပါတယ်။ တောင်ပေါ်ကို ရောက်တာနဲ့ ဘုရားရင်ပြင်တော်ပေါ်ကနေ လှပတဲ့ သဘာဝရှုခင်းကို ရှုမြင်ရပါတယ်။

ကလိန်အောင်ကနေ ဆက်လက်ထွက်ခွာလာခဲ့ပြီးနောက် ထားဝယ်မြို့ရဲ့ မြောက်ဘက် ၇မိုင်ခန့်ကွာဝေးတဲ့ မောင်မယ်ရှောင်ရွာက ရှင်ဓာတ်ဝဲဘုရားကို ထပ်မံဖူးမြော်ခဲ့ပါတယ်။ ရှင်ဓာတ်ဝဲဘုရားအနီးမှာ ထိုင်တော်မူ ကျောက်ဆင်းတု ဘုရားတစ်ဆူလည်း ရှိနေတာ တွေ့မြင်ခဲ့ရပါတယ်။
အဲ့ဒီနောက် ရှင်တောင့်ပုံစေတီတော်ကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ရှင်တောင့်ပုံစေတီဟာ ထားဝယ်ခရိုင် သရက်ချောင်းမြို့လယ်နားမှာ ရှိတာဖြစ်ပါတယ်။ ရှင်တောင့်ပုံစေတီ တည်ရှိရာတောင်က အမြင့်ပေ ၂၀၀၀ကျော် ရှိပါတယ်။ ရှင်တောင့်ပုံစေတီဟာ မတ်စောက်ပေမဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ စေတီတော်ရှိရာကို သွားရောက် ဖူးမြော်နိုင်ပါတယ်။ တောင်ပေါ်ကနေ မျှော်ကြည့်လိုက်ရင် တောင်ပေါ်ကို တက်ရောက်လာတဲ့ ကွေ့ကောက်နေသော တောင်ပေါ်လမ်းအပြင် သဘာဝတောတောင်အလှတွေကိုလည်း ရှုမြင်နိုင်ပါတယ်။

ရှင်တောင့်ပုံစေတီကနေ ထားဝယ်-မြိတ်ကားလမ်းနံဘေးရှိ ရှင်မုတ္ထီးကျေးရွာမှုရှိတဲ့ ရှင်မုတ္ထီးဘုရားကို ဆက်လက်ဖူးမြော်ခဲ့ပါတယ်။ ကားလမ်းဘေးမှာ တည်ရှိတာကြောင့် ဘုရားအနီးဝန်းကျင်မှာ ပစ္စည်းအရောင်းဆိုင်လေးတွေကိုလည်း မြင်တွေ့ရပါတယ်။
ရှင်မုတ္ထီးက အပြန်မှာတော့ ထားဝယ်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားစာရင်းဝင် လောကသရဖူ လျောင်းတော်မူ ဘုရားကြီးကို ဖူးမြော်ခဲ့ရပါတယ်။ ထားဝယ်မြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရပြီး ကားလမ်းဘေးဝန်းကျင်မှာ ထန်းပင်တွေကိုလည်း ညီညီညာညာ တွေ့မြင်ရပါတယ်။ ထားဝယ်မြို့ အဝင်လမ်းမှာရှိနေတဲ့ ဦးတိုက်စေတီတော်ကို ဖူးမြော်ရင်း ထားဝယ်မြို့ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ညနေစောင်းနေပြီဖြစ်တာကြောင့် မြို့ပေါ်မှာ ရေပူပါတဲ့ တည်းခိုခန်းတစ်ခုမှာ အနားယူခဲ့ပါတယ်။
တစ်ညတာ အိပ်စက်အနားယူပြီးနောက် နံနက် ၅နာရီမှာ ပြန်ထခဲ့ပြီး ထားဝယ်ကနေ ၅၂မိုင်ဝေးတဲ့ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာကို သွားရောက်ကာ တောင်ပေါ်ခရီး ၃မိုင်ခန့် ထပ်မံတက်ရောက်ခဲ့ပြီးနောက် ရှင်မျှော်တောင်စေတီကို ရောက်ခဲ့ပါတယ်။ အဆိုပါ ခရီးလမ်းကို ထားဝယ်မြို့ကနေ ဘုရားဖူးကားနဲ့သွားနိုင်သလို ဒေသခံတွေထံကနေ ကားစင်းလုံးငှားပြီးလည်း သွားရောက်နိုင်တယ်လို့ သိရပါတယ်။
ရှင်မျှော်တောင်စေတီကို သွားရာလမ်းတစ်လျောက် ပင်လယ်ကမ်းစပ်နဲ့ နီးကပ်နေလို့ သာယာတဲ့ ပင်လယ်ကမ်းခြေအလှ၊ သဘာဝဒီရေတောတွေ၊ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကို လေ့လာခံစားခဲ့ရပါတယ်။ ရှင်မျှော်တောင်စေတီကနေ အပြန်မှာ လောင်းလုံမြို့မှာရှိတဲ့ မြင်းခွာအော်ကမ်းခြေကို ဝင်ရောင်ကာ ကမ်းခြေအလှကို ခံစားရင်း နေ့လည်စာစားခဲ့ပါတယ်။
မြင်းခွာအော်ကမ်းခြေကနေ ရှင်ဥသြစေတီကို သွားရောက်ခဲ့ပါတယ်။ ရှင်သြဥစေတီကတော့ ထားဝယ်မြိုု့ ပိန္နဲတောရပ်မှာ ရှိတဲ့ ရွှေကျောင်းကြီးအတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ သစ်လုံးတိုင်တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းကိုလည်း တွေ့မြင်နိုင်ပါတယ်။
ရှင်သြဥစေတီကနေ ကရင်ပြင်အရပ် အာဇာနည်လမ်းအနီးက ရှင်ပင်ခရုစေတီတော်ကြီးကိုလည်း ဖူးမြော်ခဲ့ပါတယ်။ ရှင်ပင်ခရုစေတီတော်ကြီးဟာ နှစ်ပေါင်း ၃၀၀ကျော်ခန့်ကတည်းက စတင်တည်ထားခဲ့တယ်လို့ လေ့လာခဲ့ရပါတယ်။ အဲ့ဒီနောက် လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာမှာရှိတဲ့ ရှင်တောက်ထိန်ဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ စေတီတော်ဖြစ်ပေမဲ့ စင်စစ်အားဖြင့် အရှေ့ဘက်သိမ်အတွင်းမှာရှိတဲ့ တစ်ဝဂူရုပ်ပွားတော်က ရှင်တောက်ထိန်ဘုရားဖြစ်တယ်လို့ မှတ်သားရပါတယ်။
နောက်ဆုံးအနေနဲ့ ရှင်ကိုးရှင်ဘုရားကို ပြီးပြည့်စုံစွာ ဖူးမြောက်ဖို့ ရှင်ဇလွန်စေတီတော်ကို ထပ်မံသွားရောက်ဖူးမြော်ခဲ့ပါတယ်။ ရှင်ဇလွန်စေတီဟာ လောင်းလုံမြို့နယ် မြို့ဟောင်းသာဂရမှာ တည်ရှိပါတယ်။ ဘုရားရဲ့ထူးခြားချက်ကတော့ ခေါင်းလောင်းပုံ အထက်ပိုင်းပတ်လည်း အင်္ဂတေပန်းဖြစ်ပြီး အလွန်ရှေးကျကာ ပျူခေတ်နဲ့ ခေတ်ပြိုင်ဖြစ်တယ်လို့ မှတ်သားရပါတယ်။

သမိုင်းဝင် ရှင်ကိုးရှင်ဘုရားစုံ ဖူးမြော်အပြီးမှာတော့ ထားဝယ်ရဲ့ နာမည်ကျော် မောင်းမကန်ကမ်းခြေကို ဝင်ရောက်ဖူးမြော်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် ထားဝယ်မြို့ကနေ ပြန်လည်ထွက်ခွာလာကာ အပြန်ခရီးစဉ်တစ်လျောက် ရေးမြို့က ကိုင်ရင်လေးကျောင်း၊ လေးမျက်နှာ ထိုင်တော်မူ ရုပ်ပွားတော်၊ စက်စဲကမ်းခြေ၊ ကျိုက္ခမီရေလယ်ဘုရား၊ မုဒုံမြို့က ဝင်းစိန်တောရ၊ မော်လမြိုင်မြို့ပေါ်က ဘုရားတွေ စတဲ့ အထင်ကရ နေရာတွေကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြောက်ပြီးချိန်မှာတော့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ကြကာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ကြပါတော့တယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel