
ဒီတစ်ခေါက် ခရီးထွက်မယ် စဉ်းစားလိုက်တော့ ရန်ကုန်နဲ့ မနီးမဝေးမှာ ရှိနေတဲ့ ဂေါ်ရန်ဂျီကျွန်းကို မျက်စိကျမိပါတယ်။ ဂေါ်ရန်ဂျီကျွန်းဟာ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်တောင်ဘက် (၂၅) မိုင်အကွာမှ ငရုတ်ကောင်းမြို့နှင့် နံ့သာပုကျေးရွာရဲ့ အနောက်ဘက်ပင်လယ်တွင် တည်ရှိပြီး အလွန်ဂမ္ဘီရဆန်ကာ လျှို့ဝှက်ဆန်းကြယ်သောကျွန်းလို့ နာမည်ကြီးပါတယ်။
ဂေါ်ရန်ဂျီကျွန်းကို သွားရောက်ဖြစ်ခဲ့တာကတော့ အလုပ်တွေပိပြီး မွန်းကြပ်မှုတွေကနေ ထွက်ပေါက်ရှာနိုင်ဖို့အတွက် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ည၉နာရီလောက် စထွက်လာခဲ့ပြီး ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း မောင်းလာကာ ပုသိမ်ကို ရောက်တော့ ချောင်းသာ၊ ငွေဆောင်ဘက်ကို ဆက်ထွက်လာခဲ့ပါတယ်။ အဲ့ဒီကနေ မော်တင်စွန်း-ငရုတ်ကောင်းလမ်းခွဲကို ၅၄မိုင် ထပ်မောင်းရပါတယ်။ ဒီနေရာအထိ လမ်းကောင်းပေမယ့် ဆက်သွားတဲ့လမ်း ၁၇မိုင်လောက်က လမ်းကြမ်းပါတယ်။ ရန်ကုန်ကနေဆို စုစုပေါင်း ၁၀နာရီကျော် မောင်းခဲ့ရပါတယ်။ ကျွန်းကို ရောက်တာနဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း အမောတွေအကုန်ပြေသွားတဲ့ ခံစားချက်မျိုး ရရှိခဲ့ပါတယ်။

ဂေါ်ရန်ဂျီကျွန်းဟာ ပင်လယ်အောက်ခြေမှ ကျောက်ဆောင်များထိုးထွက်ပြီး ဖြစ်ပေါ်လာတဲ့ကျွန်းလို့ မှတ်သားရပါတယ်။ ကျွန်းရဲ့ အမြင့်ဆုံး ကျောင်တောင်ပေါ်မှာ အမြင့်ပေ ၂၇၅၊ ဉာဏ်တော်အမြင့် ၁၈ပေရှိတဲ့ မြဝတီဆုတောင်းပြည့်စေတီကို တည်ထားကိုးကွယ်ထားတာ မြင်တွေ့ရပါတယ်။ ကျွန်းရဲ့တောင်ပိုင်းက ကျယ်ဝန်းပြီး မြောက်ပိုင်းမှာ အနည်းငယ်ရှူးပြီး ကျဉ်းသွားတယ်လို့ မှတ်သားရပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့ ထူထပ်တဲ့တောအုပ်တွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျွန်းရဲ့ အရှေ့ဘက်ပင်လယ်ဘက်ခြမ်းမှာ စပါးကြီးမြွေနဲ့ လင်းနို့ငှက်တွေ နေထိုင်တဲ့ ကွေ့ကောက်သော လှိုင်ဂူတွေ ရှိနေပါတယ်။
ဂေါ်ရန်ဂျီကျွန်းနားက နံ့သာပုရွာ အရှေ့ဘက်မှာ စပါးထားကျွန်းဆိုတာလည်း ရှိပြီး အဲ့ဒီကျွန်းနဲ့ ဆိုရင် တစ်ပြိုင်နက်တည်း ကမ်းခြေ၂ခုကို ရောက်သလို ခံစားချက်မျိုး ရရှိစေပါတယ်။ ရေကျချိန်မှာ အဆိုပါကျွန်းကို လမ်းလျှောက်သွားရင်တောင်ရပါတယ်။ အဆိုပါ ကျွန်းရဲ့ အနောက်ဘက်မှာဆိုရင် သန္တာကျောက်တန်းတွေကို သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

နေဝင်ချိန်နဲ့ နေထွက်ချိန်မှာ ဂေါ်ရန်ဂျီကမ်းခြေအတွက် ထူးခြားတာက အခြားကမ်းခြေတွေလို ပင်လယ်ထဲဝင်သွားတဲ့ ရှုခင်းမျိုး မဟုတ်ဘဲ နေဝင်ချိန်ဆို ကမ်းခြေရဲ့ ဘယ်ဘက်က တောတန်းထဲနေဝင်ပြီး နေထွက်ချိန်ကို ညာဘက်တောတန်းကနေစပြီး ကြည့်ရှုခံစားခဲ့ပါတယ်။ ဂေါ်ရန်ဂျီမှာ တည်းစရာ ဘန်ဂလိုလေးတွေလည်း ရှိပါတယ်။ “သီရိသုတအောင်၊ Goyangyi Lordge၊ G7 Plage၊ လမင်းသာ၊ ထီးထာ၊ ရေပြာကျွန်း” စတဲ့ ဘန်ဂလို Resort လေးတွေက တည်းခိုရတာ အဆင်ပြေပါတယ်။ ဈေးနှုန်းကလည်း သိပ်မကြီးဘဲ ကမ်းခြေနဲ့ တဆက်တည်း ရှိတာကြောင့် ပင်လယ်ပြင်မှာ ဆော့ကစား၊ ရေကူး အပန်းဖြေချင်သူတွေအတွက် အဆင်ပြေလှပါတယ်။
ဂေါ်ရန်ဂျီကျွန်းမှာ အဓိကကျတာကတော့ ကျွန်းတစ်ခုလုံးကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့ လှေကားပေါင်း ၄၂၀ရှိတဲ့ မြဝတီစေတီတော်ပဲ ဖြစ်ပါတယ်။ တောင်ပေါ် ဘုရားရင်ပြင်ပေါ် ရောက်တာနဲ့ ဂေါ်ရန်ဂျီကျွန်း အလှကို မြင်ပြီး လှေကား၄၂၀ တက်လာရတယ်ဆိုတဲ့စိတ် ပျောက်ကွယ်သွားခဲ့ပါတယ်။ ရင်ပြင်ပေါ်ကနေ နှစ်ဖက်လှ ပင်လယ်ကြီး ဝန်းရံထားတဲ့ ဂေါ်ရန်ဂျီကျွန်း အလှကို ကြည့်ရှုခံစားနိုင်သလို လမ်းတစ်ဝက်မှာ လှမ်းမြင်နေရတဲ့ ပင်လယ်ပြင်အလှ၊ လိပ်ချိုင်ကျွန်းအလှတွေကို ခံစားခဲ့ရပါတယ်။

နေ့လယ်စာအတွက် တောင်အောက်ကိုဆင်းပြီး လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို သုံးဆောင်ခဲ့ပါတယ်။ စားသောက်ပြီးတော့ ခုနက လှမ်းမြင်ခဲ့ရတဲ့ လိပ်ချိုင်ကျွန်းကို စက်လှေနဲ့ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ လိပ်ပုံသဏ္ဍာန် ကျောင်ဆောင်ကြီးရှိလို့ လိပ်ချိုင်လို့ ခေါ်တာဖြစ်ပြီး သဘာဝအတိုင်း ခရုခွံတွေနဲ့ ဖုံးလွှမ်းထားတဲ့ ခရုကမ်းခြေကိုလည်း လည်ပတ်ခဲ့ပါသေးတယ်။
ညနေဘက်မှာတော့ ဂေါ်ရန်ဂျီကျွန်းတလျှောက် လမ်းလျှောက်ပြီး နေဝင်ဆည်းဆာအလှကို ကြည့်ကာ အပန်းဖြေနိုင်ပါသေးတယ်။ ညနေ ၆း၃၀မှာတော့ လှပလွန်းပြီး အရိုင်းဆန်တဲ့ ဂေါ်ရန်ဂျီကျွန်းကနေ ပြန်လည်ထွက်ခွာလာပါတော့တယ်။
ဂေါ်ရန်ဂျီကျွန်းဟာ ချောင်းသာ၊ ငွေဆောင်တို့လိုတော့ လူတွေရဲ့ သည်းခြေကြိုက် မဟုတ်ပေမယ့် သဘာဝတရားကို ခံစားရင်း အရိုင်းဆန်တဲ့အလှကို ကြည့်ရှုလိုသူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်ကြောင်း အကြုံပြုလိုက်ရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel