ကျောက်နံရံပေါ်က အံဖွယ်လက်ရာများနဲ့ ဗုဒ္ဓတစ်ထောင် ပြည်အကောက်တောင်
lotaya.mpt.com.mm
|
2022-10-13

ဒီတစ်ခေါက်ကတော့ ပြည်မြို့တစ်ဖက်ကမ်းက အကောက်တောင်ဘုရား တည်ရှိရာနေရာကို ခရီးဆန့်ဖြစ်ခဲ့ကြတယ်။ ပြည်မြို့ဆိုတာကတော့ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းမှာရှိတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး သွားရလာရလွယ်ကုတဲ့ မြို့တစ်မြို့ပါပဲ။ ခရီးသွားကားကြီးတွေနဲ့ရော ကိုယ်ပိုင်ကားနဲ့ရော ချောချောမွေ့မွေ့သွားလို့ရတဲ့ မြို့တစ်ခုဖြစ်ပြီး ဟိုတယ်တွေ၊ မိုတယ်တွေလည်း ပေါများတာကြောင့် နေစရာအတွက်လည်း ပူစရာမလိုပါဘူး။ ပြည်မြို့ဖြစ်တဲ့အတွက်ကို စားစရာတွေကလည်း အလျှံအပယ်ပေါများလှပါတယ်။

ခရီးသွားတွေ အများဆုံးသွားတဲ့ နေရာတစ်ခုကတော့ ဧရာ၀တီမြစ်အနောက်ဘက်ကမ်းက ဗုဒ္ဓတစ်ထောင်အကောက်တောင်ဘုရားပါပဲ။ ပြည်မြို့တစ်ဖက်ကမ်း ထုံးဘိုမြို့နဲ့ ကြံခင်းမြို့ကြားမှာ တည်ရှိပါတယ်။ ထုံးဘိုမြို့ကတော့ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ ပြည်ကနေဆိုရင်တော့ တစ်နာရီခွဲလောက်က ကားစီးသွားရပြီး ကြံခင်းကနေလည်း သွားလို့ရပါတယ်။ တောင်ပေါ်ဘုရားဖြစ်လို့ တောင်ပေါ်ကို ကားနဲ့ တက်ရမှာဖြစ်လို့ ကားကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ဖို့တော့ လိုပါတယ်။ တောင်ပေါ်ဆုတောင်းပြည့်ဘုရားကိုဖူးရင်း နတ်ရေကန်ကိုလည်း လေ့လာလို့ရပါတယ်။ ပြီးရင်တော့ ထုံးဘိုလှေဆိပ်ကနေ စက်လှေနဲ့ ဧရာဝတီမြစ်ရဲ့ အလှရှုခင်းတွေနဲ့ အကောက်တောင်ကျောက်နံရံပေါ်က ဗုဒ္ဓရုပ်ပွားတောာ်တွေကလည်း ဖူးမျှော်ရတဲ့ခံစားချက်က တကယ့်ကို ထူးခြားပါတယ်။


အရင်ကတော့ တောင်ပေါ်ကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးက လာတဲ့ဧည့်သည်တွေကို သတ်သတ်လွတ်ဟင်းလျာတွေနဲ့ ထမင်းကျွေးလေ့ရှိပြီး လူမျိုးဘာသာမရွေး စားလို့ရပါတယ်။ တစ်ခုသတိထားရမှာကတော့ အကောက်တောင်ဟာ အလွန်တရာနတ်ကြီးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ စကားမှားလို့လုံးဝမဖြစ်သလို အသားလည်း စားလို့မရတဲ့ နေရာတစ်ခုလို့ သိရပါတယ်။ ဘုရားရင်ပြင်နဲ့ သိပ်မဝေးလှတဲ့ နေရာမှာတော့ ရေတံခွန်လည်း ရှိပါသေးတယ်။ ရေတံခွန်ကြီးနဲ့ ရေတံခွန်လေးရယ်လို့ နှစ်ခုရှိပြီး ရေတံခွန်လေးကတော့ မိုးတွင်းမှသာ ရှိတယ်လို့  ပြောကြပါတယ်။

အကောက်တောင်က အပြန်ကျရင်လမ်းမှာ ဝင်စရာနေရာတွေ ရှိပါသေးတယ်၊ ပန်းတောင်းငါးမျက်နှာနဲ့ ဗောဓိတစ်ထောင်ဘုရားတို့ကိုလည်း ဝင်ရောက်ဖူးမျှော်လို့ရပါတယ်။ ပြည်ဘက်ပြန်ကူးလာပြီးပြီဆိုရင်တော့ န၀၀ဒေးတံတားကြီးရဲ့ အဆင်းမှာ ကြက်သောက်စမ်းဆိုင်လေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး ပူပူစပ်စပ်ကြက်သောက်စမ်းလေး သောက်လိုက်ရတာကတော့ ခရီးပန်းလာသမျှ ပြေလျော့သွားနိုင်ပါတယ်။ ပြည်မြို့ဝန်းကျင်မှာလည်း သရေခေတ္တရာ ပျူမြိုဟောင်းလိုမျိုး UNESCO စာရင်းဝင် နေရာတစ်ခုရှိနေသေးလို့ သွားရောက်လေ့လာဖို့ အကြံပေးချင်ပါတယ်။ ဧရာဝတီမြစ်ဘေး ကမ်းနားလမ်းတစ်လျှောက်မှာလည်း ဟိုတယ်တွေရှိလို့ အဲ့ဒီမှာတည်းမယ်ဆိုရင်တော့ ဧရာဝတီမြစ်နဲ့ နေဝင်နေထွက်အလှတွေကို ခံစားလို့ရမှာပါ။


အော် ပြည်မြို့မှာ အကောင်းဆုံးအချိန်တစ်ခုကတော့ မနက်စာစားရတဲ့အချိန်ပါပဲ။ အစားအသောက်နဲ့လည်း နာမည်ကြီးတဲ့ ပြည်မြို့ရဲ့ ကမ်းနားလမ်းလက်ဖက်ရည်ဆိုင်က ဆီလုံလက်ဖက်ရည်နဲ့ ကြက်သားပလာတာ စမူဆာသုပ် ပြီးရင်လက်ဖက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်က နာမည်ကြီးပြည်ထမင်းသုပ်သုပ်စစ်စစ်လေးတွေကို စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ထမင်းသုပ်ဆိုင်ရှေ့မှာ တောင်းလေးနဲ့ရောင်းတဲ့ အဖွားရဲ့ကောက်ညှင်းပေါင်းလေးကလည်း ဖက်စိမ်းလေးနဲ့ထုပ်ပေးလို့ ဖက်နံ့သင်းသင်းလေးရယ် အငွေ့တထောင်းထောင်းပေါ်မှာ နှမ်းထောင်း၊ပဲပြုတ်လေးတွေ ဖြူးထားတဲ့ ကောက်ညှင်းပေါင်းလေးကလည်း စားလို့ကောင်းလှပါတယ်။


ဒီလောက်ဆိုရင်တော့ အကောက်တောင်ခရီးစဉ်လေးရယ် ပြည်မြို့က စားစရာလေးတွေထဲက တစ်ချို့ရဲ့ အကြောင်းလေးတွေကို သိပြီးပြီဆိုတော့ ကိုယ်တိုင်သွားချင်စိတ်တွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#အကောက်တောင်
#ဧရာဝတီမြစ်
#ပြည်မြို့
#ကျောက်နံရံ
#နတ်ရေကန်

Some text some message..