
အခုပြောပြမယ့် ခရီးစဉ်လေးကတော့ ရန်ကုန်မြို့နဲ့ မနီးမဝေးမှာ ရှိနေပြီး Day Trip အဖြစ် သွားလို့ရမယ့် စန္ဒာယောက်အပန်းဖြေစခန်းအကြောင်းပဲ ဖြစ်ပါတယ်။ စန္ဒာယော်ကမ်းခြေဟာဆိုရင် ရန်ကုန်မြို့နဲ့ အနီးဆုံးနေရာ ၁၂မိုင် ရန်ကုန်-ပုသိမ် လမ်းမကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းမှာ တည်ရှိပါတယ်။ လှိုင်သာယာက ထွက်ပြီဆိုရင် ၁၅မိနစ်လောက်ပဲ ကားထပ်မောင်းရပါတယ်။ လူမူကွန်ရက်က Reviewတွေမှာ နာမည်ကြီးနေလို့ စတင်စုံစမ်းကြည့်ရာမှာ နံနက် ၁၀နာရီ့နေ ညနေ ၄နာရီထိဖွင့်ကြောင်း သိလိုက်ရပါတယ်။ တစ်နေကုန်ကဲလို့ရတာကြောင့် ရုံးပိတ်ရက် အပန်းဖြေချင်သူတွေအတွက်လည်း အဆင်ပြေတယ်လို့ ပြောရမှာပါ။
သူငယ်ချင်းတွေနဲ့ ကြိုတင်စီစဉ်ပြီးမှသွားတာဖြစ်လို့ ဘာမှတောင် သိပ်မရှာလိုက်ရပဲ ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်း အထဲမှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေတာ တွေ့ရတာ အပျော်တွေတောင် ကူးစက်သွားပါတယ်။ ရေလွှာလျောစီးက အကြီးရော၊ အသေးရော ရှိလို့ ကလေးနဲ့ လူကြီးအတွက်ပါ အဆင်ပြေပါတယ်။ ဒါပေမဲ့ အမိုးပါတော့ ချောင်းသာ၊ ငွေဆောင်တို့လို နေပူမှာ မစိုးရိမ်ရပါဘူး။ ကလေးတွေ ခေါ်သွားရင်တော့ ဆော့လို့ကောင်းပြီး မပြန်ဘူးလုပ်နေလို့ မနည်းချော့နေရမယ်နော်။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ အနားယူလိုသူတွေအတွက်လည်း စိမ်းစိုတဲ့ ကန်ရေပြင်ဘေး တဲလေးထဲမှာ အေးဆေးပဲ အနားယူပြီး ငါးမျှားနေလို့ ရပါတယ်။ ငါးမျှားကန်တွေအလိုက်လည်း စျေးနှုန်းအမျိုးအစားတွေ ရှိပါသေးတယ်။ Hotelနဲ့ Resort တွဲဖွင့်ထားလို့ အခန်းအမျိုးအစားလည်း အမျိုးမျိုး ရှိပါတယ်။ စပါးချင်း view၊ ရေကူးကန်view အလိုက် စျေးအမျိုးမျိုး ရှိပြီး ၁ခန်းကို လူ၁၀ယောက်နေလို့ရလို့ အေးဆေးပါပဲ။ အရေးကြီးဆုံးဖြစ်တဲ့ ကားပါကင်ကလည်း နေရာအကျယ်ကြီး ရှိတာကြောင့် လာရောက်လည်ပတ်သူတွေအတွက် အခက်အခဲရှိမှာ မဟုတ်ပါဘူး။

မနက်ပိုင်းအပြတ်ကဲပြီး နေ့လည် ဗိုက်ဆာချိန် အစားအစာအဖြစ် Sandayaw စားသောက်ဆိုင်ကနေ မှာယူစားသောက်နိုင်ပါတယ်။ Sandayaw စားသောက်ဆိုင်ကတော့ ဝါးနဲ့ သဘာ၀ဆန်ဆန် ဆောက်လုပ်ထားလို့ တကယ့်နယ်ဝေးတစ်နေရာရောက်နေသလို ခံစားချက်မျိုး ရစေမှာပါ။ ကိုယ့်အစားအစာကိုယ် အိမ်က ယူသွားမယ်ဆိုရင် စားပွဲဝိုင်းကြေး ၅၀၀၀ ပေးရပြီး ၅ယောက်အထက်ဆိုရင်တော့ ၁၀၀၀၀ ပေးရပါတယ်။ ကျွန်တော်တို့ကတော့ လူများတဲ့အတွက် အစားအသောက်မှာတော့ အနည်းငယ် အခက်အခဲလေး ရှိပါတယ်။
ရေကူးကန်ထဲ ကလေးတွေအတွက် စိတ်ပူသူတွေအတွက် Life Jacket လည်း free ငှားရမ်းနိုင်လို့ စိတ်ချလက်ချ ဆော့ကစားလို့ ရပါတယ်။ ငွေကြေးပိုတက်နိုင်သူတွေအတွက် vip ငါးကန်၊ Vip tentတွေလည်း ငှားရမ်းနိုင်ပါတယ်။

ဒါကြောင့် ရုံးပိတ်ရက်လေး Day Trip သွားပြီး ရန်ကုန်မြို့နဲ့ သိပ်မဝေးဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေချင်တယ်ဆိုရင်တော့ Sandayaw Resortက ရွေးချယ်စရာတစ်ခုပါလို့ အကြံပေးချင်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel