လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ ခန့်က ကျောက်ခေတ်လူသားတို့ နေထိုင်ရာ ပြဒါးလင်းဂူ
lotaya.mpt.com.mm
|
2022-11-08

ဒီတစ်ခေါက်ခရီးစဉ်ကတော့ ရန်ကုန်ကနေဆိုရင် အတော်လေးလည်း လှမ်းပြီး သွားရတာလည်း ကားတစ်တန်၊ လှေတစ်တန်နဲ့ ခက်ခက်ခဲခဲသွားရတဲ့ နေရာတစ်ခုကို သွားဖြစ်ခဲ့ပါတယ်။ ဒီနေရာက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ ကျော်ခန့်ကတည်းက တည်ရှိနေခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး အဲ့ဒီအချိန်ကာလတုန်းက ဒီနေရာမှာ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ အထောက်အထားတွေကိုလည်း မြင်တွေ့ရပါတယ်။ အဲ့ဒီနေရာလေးကတော့ ရေပြာအိုင်ရယ်၊ ကမ္ဘာ့အကောင်းဆုံး ကော်ဖီတွေရယ်နဲ့ အခုပြောပြမယ့် ကျောက်ခေတ်လူသားတွေ နေခဲ့ရာ ပြဒါးလင်းဂူတို့ကြောင့် နာမည်ကြီးတဲ့ ဓနုတိုင်းရင်းသားတို့နေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံမြို့နယ်လေးပဲ ဖြစ်ပါတယ်။

အော်ဂဲနစ်စိုက်ခင်းတွေ၊ လှပတဲ့ရှုခင်းများစွာရှိသလို ကလောကနေတစ်ဆင့် သွားလို့ရတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်မယ့် ခရီးတစ်ခုပါ။ ပြဒါးလင်းဂူဟာ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှတ်မှာ ရှိတယ်လို့ဆိုကြပြီး ရှေးဟောင်းသုတေသနအဖွဲ့တွေနဲ့ အခြားအဖွဲ့များစွာက ၁၉၆၂ ခုနှစ်မှာ တူးဖော်တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၀၀ ကျော်မှာရှိပြီး ထုံးကျောက်အမျိုးအစား ဂူတွေပါ။


ရွာငံကနေ တစ်နာရီသာသာမောင်းသွားရင် မြသပိတ်ရေပြာအိုင် သို့မဟုတ် အပြာရောင်ရေတွေလှပလွန်းတဲ့နတ်ရေကန်ကို ရောက်ပါတယ်။ ရေအောက်က သစ်ကိုင်းတွေ၊ ငါးတွေကိုပါ မြင်ရတဲ့အထိရေကြည်ပြီး ရေတွေပြာနေရတဲ့ အကြောင်းအရင်းကတော့ အလင်းရောင်က ရေကြမ်းပြင်ကို မရောက်တာကြောင့်လို့ ဆိုပါတယ်။ အဆိုပါရေပြာက အနာရောဂါတွေကို ပျောက်ကင်းစေတယ်လို့လည်း ဓနုတိုင်းရင်းသားတွေက ယုံကြည်ကြပါတယ်။ အခုတော့ သံကြိုးတွေနဲ့ ကာရံလိုက်ပြီဖြစ်လို့ တိုက်ရိုက်ခတ်လို့မရတော့ပဲ သွယ်တန်းထားတဲ့ ရေကိုသာ ယူခွင့်ရှိပါတော့တယ်။ အိုင်ထဲကနေ တိုက်ရိုက်ခတ်ရင်လည်း ဘေးတွေ့တတ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

ပြဒါးလင်းဂူဟာ သွားရလာရအလွန်ခက်ခဲတဲ့ နေရာမှာတည်ရှိပြီး ဂူ ၁ နဲ့ ဂူ ၂ ဆိုပြီး ခွဲထားပါတယ်။ ဂူ ၁ ကတော့ ကျောက်ခေတ်လူသားတွေရဲ့ ခြေရာလက်ရာတွေနဲ့ နံရံဆေးရေးပန်းချီတွေရှိပါတယ်။ ထုံးကျောက်ဂူဖြစ်လို့ ကျောက်ခတ်ပန်းဆွဲများစွာလည်းရှိပြီး ပြဒါးပါဝင်မှုကြောင့် တလက်လက်ထနေပုံက ကြက်သီးထလောက်အောင် လှပါတယ်။ ၁၉၆၉ မှာ ကျောက်လက်နက် ၄၂၂ ခု တူးဖော်တွေ့ရှိခဲ့ပြီး ၂၀၀၉ ဇန်နဝါရီလမှာ နောက်ထပ်ကျောက်ခေတ်လက်နက် ၄၀၀ ကျော်ကိုလည်း ထပ်မံတူးဖော်ရရှိခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ပြဒါးလင်းဂူရဲ့ သက်တမ်းက နှစ်ပေါင်း ၁၃၀၀၀ ရှိပြီဖြစ်ပါတယ်။ ဂူ ၁ ထဲက နံရံဆေးရေးပန်းချီ ၁၂ ကနေ ၁၄ ပုံနဲ့ ကျောက်လက်နက်ပေါင်း ၁၆၀၀ ခန့်နဲ့ အရိုးအပိုင်းအစတွေ၊ ၄ ပေးခန့်ထူတဲ့ ပြာပုံတွေလည်း ရှိနေခဲ့ပါတယ်။

ဂူ ၂ မှာတော့ ကျောက်ခေတ်လက်ရာတွေ မရှိပေမယ့် အပေါ်မှာပြောခဲ့တဲ့ ကျောက်ခတ်ပန်းဆွဲတွေနဲ့ ပြဒါးမှုန်လေးတွေ တော်တော်လေးလှပါတယ်။ ကျယ်ဝန်းပြီး အလျားရှည်သလို ဂူအမိုးတွေပေါ်မှာလည်း လေဝင်ပေါက်ကြီးတွေ ၆ ပေါက်တောင်ရှိလို့ အောက်စီဂျင်လည်း ကောင်းစွာရပါတယ်။ ဂူနှစ်ခုအကွာက ကိုက် ၂၀၀ ကျော်ဝေးပြီး မိုးရာသီမှာ လုံးဝမသွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဂူကြီး ၅ ခုတစ်ဆက်တည်းဖြစ်ပြီး အခန့် ၆ ခန်း ပေ ၈၀၀ ခန့်ကျယ်ပြီး အကျယ်ဆုံးနေရာက ပေ ၃၀၀ ခန့်ရှိပါတယ်။ ဂူ ၂ ထဲမှာဆိုရင် အမြင့်ဆုံးနေရာက ပေ ၉၀ ခန့်ရှိပါတယ်။ ဒီဂူကြီးတွေဖြစ်ပေါ်လာတာဟာ လွန်ခဲ့တဲ့နှစ် ၂ သန်းခန့်က ပင်လယ်ရေအောက်စီးကြောင်းကြီးများကြောင့် အခုလိုကြီးမားတဲ့ လှိုဏ်ဂူကြီးတွေ ဖြစ်လာနိုင်ကြောင်း ပညာရှင်တွေက ပြောကြပြီး မြန်မာနိုင်ငံမှာဆိုရင်တော့ အကြီးဆုံးဂူကြီးလည်း ဖြစ်ပါတယ်။


ပြဒါးလင်းဂူးကဲ့သို့ ပုံစံတူဂူတွေအဖြစ် ပြင်သစ်နိုင်ငံက ကမ္ဘာကျော် Lascaux ဂူ၊ စပိန်နိုင်ငံက Consquer ဂူတို့ရှိပြီး ကိုယ့်နိုင်ငံမှာလည်း ဒီလောက်အဖိုးတန်တဲ့ နေရာကြီးတစ်ခုရှိနေတာကို ကမ္ဘာ့က သိပ်မသိတာ တက်ယနှမြောဖို့ကောင်းလှပါတယ်။ ပိုဆိုးတာက မြန်မာတွေရဲ့ထုံးစံအတိုင်း ဘယ်ရောက်အမှတ်တရဆိုပြီး နေ့စွဲရေးတာတွေ၊ ဘယ်သူ+ဘယ်သူ စတဲ့ပေါက်တတ်ကရစာတွေကို ဂူနံရံတစ်ချို့မှာ မြင်တွေ့ခဲ့ရတာကြောင့် ဒါတွေက ကမ္ဘာ့အလှဆုံးနေရာတစ်ခုကို ရုပ်ဆိုးစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ဒီလိုရှားပါးပြီးထူးခြားလှတဲ့ နေရာတစ်ခုရှိနေတယ်၊ ဒီနိုင်ငံမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေတာကို သိရတာရင်ခုန်စရာတော့ ကောင်းပါတယ်။

ပြဒါးလင်းဂူသို့ခရီးတစ်ခေါက်ကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါရစေ၊ ကမ္ဘာကျော်နေရာတစ်ခု ဖြစ်ရမယ့်နေရာကို ရောက်သွားခဲ့ပေမယ့် ကိုယ့်နိုင်ငံအတွက်နှမြောစွာနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ နောက်ထပ်လာမယ့် ခရီးစဉ်တွေမှာ ဘယ်တွေကို သွားဦးမလဲဆိုတာကိုလည်း စောင့်မျှော်အားပေးကြပါဦး။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#ရေကန်
#ကျောက်ခေတ်
#ရေပြာအိုင်
#ပြဒါးလင်းဂူ
#ရွာငံမြို့

Some text some message..