
ရခိုင်ပြည်နယ်ဆိုတာ ဗုဒ္ဓသာသနာထွန်းကားပြီး ရှေးရခိုင်ဘုရင်တွေ အုပ်စိုးစဉ်က စေတီပုထိုးများစွာ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။ အဆိုပါဘုရားစေတီများစွာထဲကမှ ကိုးသောင်းပုထိုးတော်ကြီးကတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သွားရလာရခက်တဲ့နေရာတစ်ခုဖြစ်ပေမယ့် မရောက်ရောက်အောင် သွားဖူးရတာကိုက ကုသိုလ်ရနေပါပြီ။ ကျွန်တော်တို့လည်း ရောက်အောင်သွားခဲ့ကြပြီး မြောက်ဦးမြို့ပေါ်က ဈေးသက်သာတဲ့ မိုတယ်လေးတစ်ခုမှာပဲ တည်းခိုခဲ့ကြပါတယ်။
လေ့လာစရာနေရာတွေ၊ ဖူးမျှော်စရာ စေတီပုထိုးတွေအများအပြား ရှိတာကြောင့် ၂ ရက်လောက်တော့ အချိန်ယူရနိုင်ပါတယ်။ အဲ့ဒါကြောင့် အငှားကားလေးငှားပြီး သွားချင်တဲ့နေရာတွေဆီကို ပုဒ်ပြတ်ငှားပြီး သွားဖြစ်ခဲ့ပါတယ်။ မြောက်ဦးမြို့ရဲ့ နာမည်ကျော်နေရာတွေထဲမှာတော့ ကိုးသောင်းပုထိုးတော်ကြီးက အထင်ရှားဆုံးပါပဲ။ အဲ့ဒါကြောင့် ဒီပုထိုးတော်ကြီးရဲ့ သမိုင်းကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်မိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကိုးသောင်းပုထိုးကိုရောက်ပြီးမှ ဒီနေရာအကြောင်းကို မသိခဲ့ရင် သွားရတာ အဓိပ္ပာယ်မဲ့နေသလိုကြီး ဖြစ်နေနိုင်တာကြောင့်ပါပဲ။
ကိုးသောင်းပုထိုးတော်ကြီဟာ မြောက်ဦးမြို့နန်းတော်ရာကုန်းအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃ - ၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာတည်ထားခဲ့သော ပုထိုးတော်ကြီး တစ်ခုဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ပေါင်း ၉ သောင်း ကိန်းဝပ်စံပယ်နေတာကြောင့် ကိုးသောင်းပုထိုးတော်ကြီးလို့ အမည်တွင်စေခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ကိုးသောင်းပုထိုးတော်ကြီး မတိုင်မီ သျှစ်သောင်းပုထိုးတော်ကြီးရှိပြီး ရခိုင်ဘုရင် မင်းတိက္ခာရဲ့ ခမည်းတော်ဘုကြီး တည်ထားခဲ့တာဖြစ်ပါတယ်။ ဖခင်တည်ထားခဲ့တဲ့ ဘုရားဆင်းတုတော်ပေါင်း ၈ သောင်းထက် ပိုသာစေဖို့ ကိုးသောင်းပုထိုးဆိုပြီး တည်ထားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ဘုရားတည်နေဆဲ အချိန်ကတစ်ခါ၊ ထီးတော်တင်ချိန်မှာတစ်ခါ မိုးကြိုးထိခဲ့တာကြောင့် ဆုံးခန်းတိုင်အောင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ကိုးသောင်းပုထိုးတော်ကြီးဟာ ယနေ့ခေတ်တိုင်အောင် မပြီးစီးသေးတဲ့ လက်ရာအတိုင်းဖြစ်နေခဲ့ပါတယ်။
ကိုးသောင်းပုထိုတော်ကြီးကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ မြောက်ဦးရှေးဟောင်း သုတေသနဌာနခွဲမှ စတင်တူးဖော် သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ပုထိုးတော်အတွင်း လိုဏ်ပတ်လမ်းများကို ကျောက်သားတွေနဲ့ ထုဆစ်ထားပီး ကျောက်တစ်ချပ်ချင်းစီရဲ့ အပေါ်ပိုင်းမှာ ထူပါရုံစေတီ ၉ ဆူစီရှိပါတယ်။ အပြင်နံရံတွေမှာလည်း ဘုံအဆင့် ကိုးဆင့်စီထားရှိပြီး အဲ့ဒီအဆင့်တွေမှာလည်း အရံစေတီငယ် ၁၀၈ ဆူကိုလည်း အစဉ်လိုက်တည်ထားပါတယ်။
မြောက်ဦးခေတ်ရဲ့ စေတီပုထိုးတွေထဲမှာ ထုထည်အကြီးဆုံးဖြစ်ပြီး အခုချိန်မှာတော့ ရာသီဥတုနဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် မူလလက်ရာဟောင်းတွေ ပျောက်ဆုံးပြီး အောက်ပစ္စယံရဲ့ ပေ ၃၀ ခန့်အမြင့်ထိသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ အလျားကတော့ တောင်ဘက်ကနေ မြောက်ဘက်ထိ ပေ ၂၅၀ ၊ အနံကတော့ အရှေ့ကနေ အနောက်ကို ပေ ၂၃၀ ခန့်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပြည်တွင်းစစ်ကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းဘုရာအတော်များ ထိခိုက်ပျက်စီးခဲ့ရပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းတဲ့အတွက်ကြောင့်လည်း ပျက်စီးမှုတွေ အများအပြား ရှိနေပါတယ်။ မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ စက်တင်ဘာ ၂၅ ရက်နေ့မှာ ယူနက်စကိုဌာနချုပ်ကို တင်သွင်းခဲ့ပြီး အဆိုပြုလွှာအချောသတ်ကိုတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမကုန်မီက တင်သွင်းရမှာဖြစ်ပေမယ့် ပြည်တွင်းစစ်နဲ့ ကိုဗစ်ကြောင့် ၂၀၂၁ ဇန်နဝါရီလကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
သင်က ရှေးဟောင်းလက်ရာတွေ၊ ရှေးဟောင်းစေတီပုထိုးတွေကို လေ့လာရတာနှစ်သက်တယ်ဆိုရင်တော့ မြောက်ဦးရှေးဟောင်း သုတေသနနယ်မြေက အကောင်းနေရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာရဲ့ ရှေးလက်ရာတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်သလို မရေမတွက်နိုင်အောင် များပြားပြီးထူးခြားဆန်းကျယ်တဲ့ စေတီပုထိုးများစွာလည်း ရှိနေပါတယ်။ ဒါပေမယ့် ခေတ်ကာလအနေအထားအပေါ်မှာ မူတည်ပြီး သွားဖို့အတွက်တော့ အကြံပြုချင်ပါတယ်။
မြောက်ဦးမြို့မှာစားသောက်စရာအတွက်လည်း မပူရပဲ ကားဆရာတွေက အကောင်းဆုံး ဆိုင်တွေဆီကို လိုက်ပို့ပေးပါလိမ့်မယ်။ အချိန် ၂ ရက်လောက်ယူပြီး လည်ပတ်ရင်း ကိုးသောင်းပုထိုးတော်ကြီး အပြင်အခြားစေတီပုထိုးတွေကိုလည်း သွားရောက်ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ အခုဖော်ပြခဲ့တာကတော့ မြောက်ဦးမြို့နာမည်ကျော် ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီးရဲ့ သမိုင်းကြောင်းနဲ့ သွားရောက်ခဲ့ပုံလေးတွေပဲဖြစ်ပါတယ်။ဒီတစ်ပတ်အတွက်တော့ ဒီလောက်ပါပဲ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel