ပဲခူးရိုးမရဲ့ ဆောင်းရာသီအရသာကို ခံစားဖို့ Nature Land Camping & Glamping Site ကိုသွားကြစို့
lotaya.mpt.com.mm
|
2022-11-29

ဒီတစ်ခေါက်ခရီးကတော့ ပဲခူးရိုးမအနီးက ဆောင်းရာသီအငွေ့အသက်တွေပြည့်နေတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ Nature Land Camping & Glamping Site ကို သွားဖြစ်ခဲ့တယ်။ ရန်ကုန်ဆောင်းက မအေးဘူးလို့ ပြောပြောနေတာနဲ့ ရန်ကုန်နားက သီးခြားဆောင်းဦးရာသီလေး ရှိနေတဲ့နေရာတစ်ခုကို ရွေးရတော့တာပေါ့။ အဲ့ဒီမှာ ဒီအပန်းဖြေစခန်းလေးကို သတိရခဲ့တယ်။ တွေ့ထားတာတော့ကြာပြီ ကြားထဲမှာပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုလို့ သွားမယ်ဆိုပြီး မသွားဖြစ်ခဲ့တဲ့နေရာလေးပါပဲ။ ၁၀ လပိုင်း ၂၂ ရက်နေ့ကမှ အဆင့်မြှင့်တင်မှုတွေလုပ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါပြီဆိုတဲ့ ပို့စ်လေးတွေ့တော့ အပြေးသွားလိုက်ကြတယ်။

Nature Land Camping & Glamping Site က အမြန်လမ်း ၂၃ မိုင် ပဲခူးရိုးမအနီးမှာရှိလို့ ရိုးမရဲ့အအေးဓာတ်က ဆောင်းရာသီမဟုတ်ရင်တောင် စိမ့်စိမ့်လေးအေးပါတယ်။ ကိုယ့်ကားနဲ့ကိုယ် ဒါမှမဟုတ် ကားစီးလုံးငှားသွားရင်တော့ ပိုအဆင်ပြေမယ်။ ဒီအပန်းဖြေစခန်းမှာ ဘာတွေလုပ်လို့ရမလဲဆိုရင်တော့ အမိုက်စား activity တွေ အများကြီးလုပ်လို့ရတယ်လို့ပဲ ပြန်ဖြေပါရစေ။ အရင်ဆုံးပြောပြချင်တာကတော့ Camping site ဖြစ်တဲ့အတွက် camping လုပ်လို့ရပါတယ်။ ခုလို IT ခေတ်ကြီးထဲမှာ မြို့ပြကနေ ခဏလောက် ထွက်ပြေးရတာတန်စေမယ့် နေရာတစ်ခုပါ။


တောထဲမှာ လမ်းလျှောက်ဖူးပါသလား? ဒါဆိုရင် Nature Land Camping & Glamping Site မှာ trekking လည်း လုပ်လို့လည်းရပါတယ်။ အကြမ်းစီးလို့ရမယ့် ဖိနပ်လေးတွေလည်းလိုအပ်မယ်နော်၊ ချွေးစို့ရုံလောက်လေး jogging လုပ်ပြီး လေကောင်းလေသန့်လေးတွေ ရှုရှိုက်ရတဲ့ ဖီလင်ကလည်း တကယ်မိုက်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ activity တစ်ခုကတော့ kayaking ပါပဲ။ ထူးထူးဆန်းဆန်းကြီးတော့ မဟုတ်ပါဘူး။ ကယက်လှေကလေးတွေလှော်ရင်း သူငယ်ချင်းတွေနဲ့ ကြေးတစ်ခုသတ်မှတ်ပြီး ပြိုင်ဆိုင်ကြတာကလည်း ပျော်စရာတကယ်ကောင်းပါတယ်။

နောက်တစ်ခုကတော့ Nature Land Camping & Glamping Site ရဲ့ သင်္ကေတလို့ ပြောလို့ရတဲ့ Bamboo rafting လို့ခေါ်တဲ့ ဝါးဖောင်စီးခြင်းပါ။ ညနေစောင်းနေအေးတဲ့အချိန် ဝါးဖောင်းပေါ်မှာ ငြိမ့်ငြိမ့်လေးထိုင်စီးလိုက်၊ ညကျမှ လရောင်အောက်မှာ ဝါးဖောင်ပေါ်မှာ ထိုင်ဖီးလ်လိုက်နဲ့ ပျော်စရာကြီးပါ။


သဘာဝရေကူးကန်လေးလည်းရှိလို့ ရေကူးချင်လည်း အဆင်သင့်ပါပဲ။ ဒါပေမယ့် စခန်းရဲ့ စည်းမျဉ်းအရ light jacket လေးတော့ မဖြစ်မနေ ဝတ်ပေးဖို့လိုပါတယ်။ တခြား campsite တွေမှာ လုံးဝမမြင်ဖူးတဲ့ အရာလေးလာပါပြီ။ Water Slide ပါ၊ water world တွေက လျှောတွေထက် ပိုထူးခြားတာကတော့ တောင်ပေါ်ကနေ ကန်ထဲကိုထိုးဆင်းရမှာပါတဲ့။ နည်းနည်းစိတ်လှုပ်ရှားစရာပဲနော်။

နောက်ထပ် activity အသစ်တွေအနေနဲ့ Zipline နဲ့ Archery တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ZipLine ကရေကန်ပေါ်ကနေ ဖြတ်ဆွဲထားပြီး တွဲလောင်းလေးစီးသွား ကန်ပေါ်ရောက်မှ ခုန်ချပေါ့။ ရေမကြောက်၊ အမြင့်မကြောက်တဲ့သူတွေအတွက် တကယ့်ကို အမိုက်စား လှုပ်ရှားမှုတစ်ခုပါပဲ။ ဂျူမုံတို့ ရော်ဘင်ဟုတို့ကြိုက်တဲ့ သူတွေပါရင်တော့ OMG! Archery activity က ကွက်တိပဲ။ ခြံထွက်ဝါးတွေကိုသုံးပြီး ဖန်တီးထားတဲ့ လေးတွေ၊ မြားတွေနဲ့ ပစ်ကွင်းလေးတွေနဲ့ အသင့်ရှိပါတယ်။ အချင်းချင်းတော့ ပြန်မပစ်နဲ့ပေါ့ just kidding။

ဒါဆိုဈေးနှုန်းလေးတွေအနေနဲ့ကတော့ Day Camp အတွက်ကို ၃၅၀၀၀ က စတင်ပြီး Night Camp အတွက်ကိုတော့ ၄၅၀၀၀ က စတင်ပါတယ်။ နိုဝင်ဘာပရိုမိုးရှင်းအဖြစ် ၁၀ ရာခိုင်နှုန်းလျှော့ထားပြီး Royalty customer ဆိုရင်တော့ နောက်ထပ် ၅ ရာခိုင်နှုန်း ရဦးမှာပါ။ မနက်စာ နေ့လည်စာလည်း စီစဉ်ပေးထားပြီး Viewအမိုက်စားနဲ့ တည်းခိုစရာ tent လေးတွေလည်း အဆင်သင့်ရှိပါတယ်။ မီးဖိုလေးတွေလည်း ရှိတာကြောင့် BBQ ခေါက်ဆွဲပြုတ် စတာတွေကိုလည်း လုပ်စားလို့ရပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ ပဲခူးရိုးမအနီးက တောတွင်း အပန်းဖြေစခန်းလေးတစ်ခုဖြစ်တဲ့ Nature Land Camping & Glamping Site အကြောင်းကို သိသွားပြီလို့ ထင်မိပါတယ်။


MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#အပန်းဖြေစခန်း
#NatureLandCamping&GlampingSite
#ပဲခူးရိုးမ
#ကယက်လှေ
#Bamboorafting

Some text some message..