မိုးကုတ်မြို့က ရေခဲကမ္ဘာလေး သို့မဟုတ် အရာအားလုံးအေးခဲနေတဲ့ ဘားနဒ်ရွာ
lotaya.mpt.com.mm
|
2022-12-06

ဆောင်းရာသီရဲ့ အအေးဆုံးအချိန်ဖြစ်တဲ့ ဒီဇင်ဘာလထဲရောက်လာပြီဆိုတော့ အပူပိုင်းဒေသတွေမှာတောင် စိမ့်စိမ့်လေး အေးလာပါပြီ။ ဒါပေမယ့် ရန်ကုန်လိုလူနေထူထပ်ပြီး ကားတွေ၊ စက်ရုံအလုပ်ရုံတွေများပြားလွန်းတဲ့ နေရာအတွက်တော့ ဆောင်းရာသီဆိုတာ ဘာလဲမေးယူရအောင် အေးချမ်းတဲ့ရာသီဥတုနဲ့ အလှမ်းဝေးလှပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း ငှက်တွေလို ဆောင်းခိုလိုက်ရအောင်၊ ငှက်တွေက အအေးရှောင်ပေမယ့် ကျွန်တော်တို့ကတော့ ရေခဲကမ္ဘာထဲအလည် တစ်ခေါက်လောက် သွားကြည့်ကြတာပေါ့။

အပူပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရေခဲလောက်အောင်အေးတဲ့ နေရာတွေသိပ်မရှိလှပါဘူး။ ဒါကြောင့် ရေခဲလောက်အောင်အေးတဲ့  တောင်ပေါ်မြို့လေးတစ်မြို့ကို ခရီးလေးတစ်ခေါက် သွားဖို့စဉ်းစားမိတယ်။ တောင်ပေါ်မြို့လို့ပြောလိုက်တာနဲ့ အားလုံးတွေးမိမှာက ကလော၊ တောင်ကြီးနဲ့ ပြင်ဦးလွင်ပေါ့၊ သိပ်သတိမထားမိတဲ့ နောက်ထပ်တောင်ပေါ်မြို့လေးတစ်မြို့ကတော့ ပတ္တမြားမြေလို့ အားလုံးသိကြတဲ့ မိုးကုတ်မြို့ပါပဲ။


မိုးကုတ်မြို့မှာ ကွယ်ဝှက်နေတဲ့ ရေခဲကမ္ဘာလေးတစ်ခုရှိပါတယ်၊ သိတဲ့သူတွေလည်း သိလောက်မယ်ထင်ပါတယ်။ မိုးကုတ်မြို့က ပတ္တမြားနဲ့တခြားအဖိုးတန်ကျောက်တွေကြောင့် နာမည်ကြီးသလို ရိုးရာအစားအစာတွေနဲ့ အခုသွားမယ့် ရေခဲရွာလေးဖြစ်တဲ့ ဘားနဒ်ရွာကြောင့်လည်း ထင်ရှားပါတယ်။ ဘားနဒ်ဆိုတာ တကယ်တော့ Bernard ဆိုတဲ့ အင်္ဂလိပ်နာမည်ပါ၊ ကိုလိုနီခေတ်တုန်းက အင်္ဂလိပ်တွေ အခြေချခဲ့လို့ ဒီနာမည်တွင်ခဲ့ပြီး ရွာမှာရှိတဲ့ အင်္ဂလိပ်စစ်သင်္ချိုင်းကလည်း ဘားနဒ်ရွာရဲ့ ထင်ရှားတဲ့ လည်ပတ်စရာ နေရာတစ်ခုဖြစ်ပါတယ်။


ဘားနဒ်ရွာလေးရဲ့ ထူးခြားချက်ကတော့ တစ်နှစ်ပတ်လုံးနီးပါး အေးခဲနေပြီး ဆောင်းရာသီအထူးသဖြင့် ဒီဇင်ဘာမှာ ပိုပြီးအေးခဲပါတယ်။ ဘယ်လောက်တောင်အေးလဲဆိုရင် အပူချိန်က အနုတ် ၈ ဒီဂရီဝန်းကျင်သာရှိပါတယ်။ ဒီရွာလေးကို ဘယ်လိုသွားမလဲဆိုရင်တော့ ရန်ကုန်ကနေ မန္တလေး ၊ မန္တလေးကနေ မိုးကုတ် အဆင့်ဆင့်သွားရပါတယ်။ မိုးကုတ်မြို့မှာ တည်းခိုစရာနေရာတွေလည်း များသလို၊ ဟိုတယ်ဖြစ်ဖြစ် မိုတယ်ဖြစ်ဖြစ် သူတို့ကို ဘားနဒ်ရွာကို ဘယ်လိုသွားရမလဲမေးလိုက်ရင် သူတို့စီစဉ်ပေးပါလိမ့်မယ်။ သိပ်မခက်ပါဘူး၊ ဒါပေမယ့် သွားရတဲ့လမ်းကတော့ နည်းနည်းကြမ်းပါတယ်၊ ထူးခြားတာတစ်ခုက လမ်းမှာဘာမြူဘာနှင်းမှ မရှိပေမယ့် ဘားနဒ်ရွာနားနီးလာလေလေ မြူခိုးတွေ၊ ရေခဲတွေတွေ့လာရလေလေပါပဲ။

ရွာထိပ်ကိုရောက်ပြီဆိုတာနဲ့ ပထမဆုံးမြင်ရမှာကတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဘားနဒ်ရွာကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေပါပဲ။ ပြီးတော့ စိမ့်နေအောင် အေးခဲနေတဲ့ ဆောင်းရာသီစစ်စစ်ကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်။ ဆိုလိုတာကတော့ အဝတ်အစားထူထူလေးတွေ၊ ခေါင်းစွပ်တို့ လက်အိတ်တို့ ဝတ်သွားသင့်ပါတယ်။ မဟုတ်ရင် ရွာထဲမှာ ဘာမှဝယ်လို့မရပါဘူး၊ အေးခဲပြီး နေမကောင်းဖြစ်သွားနိုင်ပါတယ်။ မနက်စောစောသွားလေလေ၊ ပိုပြီးအေးလေလေဖြစ်ပြီး ပတ်ဝန်းကျင်မြင်ကွင်းတွေကလည်း မယုံနိုင်စရာကောင်းလောက်အောင် လှပလွန်းပါတယ်။ အေးခဲနေတဲ့ မျက်ခင်းပြင်တွေ၊ ချယ်ရီပန်းနဲ့ အခြားအပင်တွေပေါ်က ရေခဲတွေကလည်း သဘာဝကထုလုပ်ပေးတဲ့ ပန်းပုရုပ်တွေလို အံ့သြစရာကောင်းလောက်အောင် လှလွန်းပါတယ်။


ဘားနဒ်ရွာရဲ့ အထင်ရှားဆုံးနေရာတစ်ခုဖြစ်တဲ့ စစ်သင်္ချိုင်းကလည်း လည်ပတ်သင့်တဲ့နေရာတစ်ခုပါ။ ရှေးလက်ရာမပျက် နဂိုအခြေအနေအတိုင်း ရှိနေတုန်းပါပဲ၊ အေးခဲနေတဲ့ ပတ်ဝန်းကျင်နဲ့ စစ်သင်္ချိုင်းရဲ့ လွမ်းဆွေးစရာအနေအထားကတော့ ဘာမှန်းမသိတဲ့ ဝမ်းနည်းစရာခံစားချက်ကို ရစေပါတယ်။ ဘားနဒ်ရွာတစ်ရွာလုံး ဓာတ်ပုံရိုက်လို့မလှတဲ့နေရာရယ်လို့ကို မရှိပါဘူး။ ပြီးတော့ ဘားနဒ်ရွာရဲ့ ၅ ရက်တစ်ဈေးနေ့ကလည်း ကြိတ်ကြိတ်တိုးစည်ကားလှပါတယ်။ စိတ်ကြိုက်လျှောက်သွား ဓာတ်ပုံရိုက်ပြီးရင်တော့ ဈေးထဲက ဒေသထွက်အစားအစာတွေ ပတ်စားရင် ဒေသခံတွေရောင်းတဲ့ ဒေသထွက်ပစ္စည်းလေးတွေလည်း ဝယ်ဖြစ်ခဲ့ပါတယ်။

နေခေါင်းပေါ်ရောက်နေတဲ့ နေ့ခင်းနေ့လည်အချိန်မှာတောင် ရာသီဥတုက အေးနေတုန်းပါပဲ။ ဈေးထဲလည်း လျှောက်သွားပြီးပြီဆိုတော့ မိုးကုတ်ပြန်ဖို့ အချိန်ကျပါပြီ။ မိုးကုတ်ရောက်ရင် ဟိုတယ်မှာတရေးတမောနားပြီး မိုးကုတ်ညဈေးလေးလည်း ပတ်ရဦးမှာမို့လို့ ဘားနဒ်ရွာခရီးလေးကိုတော့ ဒီလောက်ပါပဲ။ ကလော၊ တောင်ကြီး မေမြို့တို့သွားရတာ ရိုးနေပြီဆိုရင်တော့ မိုးကုတ်မြို့ကရေခဲရွာလေး ဘားနဒ်ကို အလည်တစ်ခေါက်လောက် သွားဖို့အကြံပေးလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#မိုးကုတ်မြို့
#ရေခဲကမ္ဘာ
#ဘားနဒ်ရွာ
#ဆောင်းရာသီ
#စစ်သင်္ချိုင်း

Some text some message..