မြန်မာနိုင်ငံရဲ့ မော်ဒိုက်လို့ ထင်ရှားတဲ့ ညောင်ဦးဖီးကျွန်းသို့ အလည်တစ်ခေါက်
lotaya.mpt.com.mm
|
2022-12-13

ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်က ရုံးကစီစဉ်ပေးမှုနဲ့အတူ သွားရောက်ဖြစ်ခဲ့တဲ့ ကော့သောင်းမြို့အနီးက ညောင်ဦးဖီးကျွန်းအကြောင်း ပြန်ပြောပြချင်ပါတယ်။ ညောင်ဦးဖီးကျွန်းဆိုတာကတော့ တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်စွန်းမြိတ်ကျွန်းစုများထဲက ကျွန်းပေါင်း၈၀၀ကျော်ထဲ အလှဆုံးကျွန်းတစ်ခုဖြစ်ပါတယ်။ ကော့သောင်းမြို့နဲ့ ရေမိုင် ၄၂မိုင်အကွာမှာ တည်ရှိပြီး Speed Boatနဲ့ဆိုရင် ၁၅မိနစ်ခန့် ကြာမြင့်ပါတယ်။ ကျွန်းပေါ်မှာ ဖြူဖွေးနေတဲ့ သဲသောင်ပြင်၊ ရေပေါ်ရေအောက် ရှုခင်းတွေနဲ့ သန္တာကျောက်တန်းအလှများကို ခံစားကြည့်နိုင်ပါတယ်။ ရုံးကစီစဉ်ပေးတာဖြစ်တဲ့အတွက် Tour packageနဲ့ တန်းစီစဉ်ပေးတာဖြစ်လို့ ကော့သောင်းမြို့ထံ လေယာဉ်တိုက်ရိုက်နဲ့ သွားရောက်ခဲ့ပါတယ်။


အဲ့ဒီနောက် ရှေ့မှာ တင်ပြခဲ့သလိုပဲ Speed Boatနဲ့ ညောင်ဦးဖီးကျွန်းထံသွားရောက်ခဲ့ရာမှာကတော့ ၁၅မိနစ်လောက်ပဲကြာခဲ့ပြီး လမ်းတစ်လျောက် ဇာဒက်ကြီး၊ ဇာဒက်ကလေးနဲ့ အခြားကျွန်းများကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်းကိုသွားရာလမ်းတစ်လျှောက်မှာလည်း Speed boatပေါ်ကနေ လေပြေလေညှင်းလေးတွေ တိုက်ခတ်တာကို ခံစားရင်း ရှုခင်းတွေကိုလည်း တစ်ဝကြီး ကြည့်ရှုခဲ့ရပါတယ်။ ကျွန်းကို ရောက်တာနဲ့ ဖြူဖွေးနူးညံ့တဲ့ သဲသောင်ပြင်ပေါ် လမ်းလျှောက်တာ၊ ရေငုပ်တာတွေအပြင် Scuba Divingတွေပါ ပြုလုပ်လို့ရပါသေးတယ်။


Divingပြုလုပ်ရင်း ရေအောက်မှ ရှုခင်းတွေ၊ သန္တာကျောက်တန်းတွေ၊ ငါးမျိုးစိတ်ပေါင်းများစွာကိုလည်း အတိုင်းသားမြင်နေရလို့ စိတ်ချမ်းသာမှုကို ပေးစွမ်းစေပါတယ်။ ကောင်းကင်ပြာကြီးရဲ့အောက်က စိမ်းလဲ့လဲ့ရေပြင်နဲ့ ဖြူဝင်းတဲ့သဲမြေပြင်တွေက ချစ်သူတွေအတွက် ခိုနားရာ လောကနိဗ္ဗာန်ဘုံလို့ဆိုရမှာပါ။ ကျွန်းပေါ်မှာလည်း အမှိုက်လုံးဝမရှိလို့ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်ကာ ဓာတ်ဖမ်းဖို့လည်း ကြိုးပုခက်လေးတွေ စီစဉ်ပေးထာတာမို့ ပုံကောင်းကောင်းလေးတွေ ရရှိမယ်ဆိုတာ သေချာပါတယ်။


ရုံးကတော့ ၃ညအိပ်၄ရက်ခရီးအဖြစ် လိုက်ပို့ပေးတာဖြစ်ပြီး ဈေးနှုန်းကို စပ်စုကြည့်ရာမှာတော့ တစ်ဦးကို ၁၀ သိန်းစွန်းစွန်းလောက် ကုန်ကျတယ်လို့ သိရပါတယ်။ ကျွန်းပေါ်မှာ အပြတ်ကဲပြီးချိန်မှာတော့ ကော့သောင်းမြို့က နာမည်ကြီး Resortတစ်ခုမှာ ပြန်လည်အနားယူကြပါတယ်။ ၄ရက်၀န်းကျင် သဘာဝအလှတွေကို ရှုစားပြီးချိန်မှာတော့ ကော့သောင့်မြို့ကနေ လေယာဉ်နဲ့ပဲ ရန်ကုန်မြို့ကို ပြန်လာခဲ့ကြပါတယ်။ ဒါကြောင့် အလှပဆုံး ရှုခင်းတွေနဲ့ သဘာဝအလှတရားတွေကို တစ်ဝကြီးခံစားကြည့်ရှုချင်တယ်ဆိုရင်တော့ ကော့သောင်းမြို့နားက ညောင်ဦးဖီးကျွန်းကို သွားရောက်လည်ပတ်နိုင်ပါတယ်လို့ ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#ရှုခင်း
#သန္တာကျောက်တန်း
#ကော့သောင်းမြို့
#ညောင်ဦးဖီးကျွန်း
#မော်ဒိုက်

Some text some message..