ကမ်းခြေသွားစရာမလိုပဲ ကမ်းခြေရောက်သွားသလိုခံစားရမယ့် Green Land Hotel & Resort
lotaya.mpt.com.mm
|
2022-12-20

ဟိုတယ်နဲ့ အပန်းဖြေစခန်းကို တစ်နေရာတည်းမှာပဲ ရှိနေတဲ့ နေရာလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲ့ဒီနေရာကတော့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာရှိတဲ့ Green Land Hotel & Resort  လို့ခေါ်ပါတယ်။ ရန်ကုန်ကနေဆိုရင် ၁ နာရီခွဲလောက်သာ သွားရတဲ့ ၂၂ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ မဲဇလီဒလကျေးရွာ၊ ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းမှာ တည်ရှိပါတယ်။


ပန်းလှိုင်မြစ်ဘေးမှာရှိပြီး နေရာက တော်တော်လေး ကျယ်ဝန်းပါတယ်။ ပိတ်ရက်မရှိလည်း ဖွင့်ထားတဲ့အတွက်ကြောင့် ရုံးဖွင့်ရက်ရော၊ ရုံးပိတ်ရက်ရော အဆင်ပြေပြေသွားနိုင်မှာပါ။ ရေကူးကန်ကလည်း ကမ်းခြေပုံစံဖန်တီးထားတာကြောင့် ကမ်းခြေသွားစရာမလိုပဲ ကမ်းခြေအရသာကို ခံစားနိုင်မှာပါ။ ပျော်ပျော်ပါးပါး ကခုန်ချင်သူတွေအတွက်လည်း ရေပန်းနဲ့ dancing floor ရှိတာကြောင့် စိတ်ကြိုက်ပျော်လို့ရပါတယ်။ ကလေးတွေအတွက်လည်း ကစားကွင်းတွေဖန်တီးထားပြီး mini zoo လေးတောင် ရှိပါသေးတယ်။ ရေကူးကန်ဝင်ကြေး လူကြီး ၈၀၀၀ ၊ ကလေး ၅၀၀၀ ပေးပြီးတာနဲ့ တစ်နေကုန် စိတ်ကြိုက်ကူးလို့ရပါတယ်။


အမိုးအကာမရှိပဲ ကမ်းခြေပုံစံရေကူးကန်ဖြစ်တာကြောင့် နေလောင်ခံခရင်မ်လေးတွေတော့ လိမ်းသွားတာ ပိုကောင်းပါတယ်။ တစ်ချို့ကလည်း အသားမဲမှာစိုးလို့ ရေမကူးပဲ ဓာတ်ပုံပဲလာရိုက်ကြသူတွေ ရှိပါတယ်။ အဲ့ဒီအတွက်လည်း ဟိုတယ်ဝင်ကြေး ၃၀၀၀ ကျပ်သာ ပေးရုံနဲ့ အပန်းဖြေစခန်းတစ်ခုလုံးမှာရှိတဲ့ ဓာတ်ပုံရိုက်စရာ နေရာအစုံမှာ စိတ်ကြိုက်ရိုက်လို့ရပါတယ်။ Pet free ဖြစ်လို့ ရေကူးကန်နေရာကလွဲရင် ဟိုတယ်တစ်ဝန်းလုံးကို ကိုယ်ချစ်ရတဲ့ pet လေးတွေနဲ့ လျှောက်သွားနိုင်ပါတယ်။ တစ်ချို့ resort တွေမှာ ပြင်ပအစားအစာတွေ ယူလာလို့မရပေမယ့်လည်း ဒီမှာတော့ ဟိုတယ်ဝန်းနဲ့မြစ်ကမ်းနားတွေမှာ ယူဆောင်စားသောက်လို့ရပါတယ်။ ဒါပေမယ့် ရေကူးကန်ဝန်းထဲတော့ မရပါဘူး။

နေ့ချင်းပြန် day trip လာရောက်သူတွေအနေနဲ့လည်း ဟိုတယ်ခန်းမလိုချင်ရင် အေးဆေးနားလို့ရတဲ့ နားနေဆောင်လေးတွေ ငှားလို့ရပါတယ်။ ၈ ဦးကနေ ၁၀ ဦးထိ နေနိုင်ပြီး တစ်နေ့စာအတွက် ၁၅၀၀၀ သာ ကျသင့်မယ့် မြစ်ကမ်းနားနဲ့ ရေကန်ဘေးတွေမှာ အဆောင်လေးတွေရှိပါတယ်။ ဟိုတယ်အခန်းခတွေမှာလည်း ၅၀၀၀၀ ကစပြီး အခန်းတိုင်းအတွက် မနက်စာနဲ့ ရေကူးကန်၊ ကစားကွင်းအသုံးပြုခွင့်တွေ ပါဝင်ပါတယ်။ နေခင်းနေ့လည် ဓာတ်ပုံတွေ လျှောက်ရိုက် စားသောက်ပြီး ညနေနေအေးချိန်မှ ရေကူးတာတော့ ပိုကောင်းပါတယ်။


ဟိုတယ်နဲ့တွဲထားတာဖြစ်လို့ မိုက်ခဲချင်သူတွေအတွက်လည်း KTV ပါ ရှိလို့စိတ်ကြိုက် chill လို့ ရပါတယ်။ အခန်းအမျိုးအစားအလိုက် ဈေးလေးတွေတော့ ကွာသွားပါတယ်။ နောက်ထပ် ကမ်းခြေသွားရင် ယောကျ်ားလေးတွေ လုပ်လေ့ရှိတာတစ်ခုက ဘောလုံးကန်တာပါပဲ။ ဒီအတွက်လည်း ပူစရာမလိုပါဘူး Green Land မှာ ဖူဆယ်ကွင်းရှိပါတယ်။ ကွင်းကြေးသက်သက်တော့ ပေးရပြီး နေ့ဆို ၁ နာရီ ၁၀၀၀၀ နဲ့ ညဆို ၁ နာရီ ၁၂၀၀၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။ တကယ်လို့ အစားအသောက်တွေ မှာစားချင်တယ်ဆိုလဲ အရမ်းမိုက်တဲ့ river view နဲ့ စားသောက်ဆိုင်လည်း ရှိပါတယ်။

နေရောင်နဲ့တိုက်ရိုက် ထိတွေ့ရတာကြောင့် အသားအရေထိခိုက်မှုမရှိအောင် ကြိုတင်ကာကွယ်သွားဖို့လိုပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူတူ ရေလေးကူးလိုက်၊ ကစားလိုက်နဲ့ တစ်နေကုန်လို့ ကုန်မှန်းတောင် မသိနိုင်မယ့် နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်ကနေလည်း သိပ်မဝေးတဲ့ ညောင်တုန်းမှာတင်ဖြစ်လို့ အေးအေးဆေးဆေး သွားလို့ပြန်လို့ရပါတယ်။ ဒီလောက်ဆိုရင်တော့ ပျော်စရာအချိန်လေးတွေကို Green Land Hotel and Resort မှာ ကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#ကမ်းခြေ
#ရေကူးကန်
#ဟိုတယ်
#GreenLandHotel&Resort
#ညောင်တုန်းမြို့

Some text some message..