နာမည်နဲ့လိုက်အောင် ပန်းချီကားတစ်ချပ်လို လှပတဲ့ ကျောက်ပန်းချီကမ်းခြေသို့ အလည်တစ်ခေါက်
lotaya.mpt.com.mm
|
2023-01-05

ဟိုတစ်ခေါက်က ဖိုးဖိုးကျောက်ကမ်းခြေသွားခဲ့အပြီးမှာ မွန်ပြည်နယ်က နောက်ထပ် လည်ပတ်အပန်းဖြေစရာ ကမ်းခြေတွေကို ထပ်မံရှာဖွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ သံဖြူဇရပ်နားက ကျောက်ပန်းချီကမ်းခြေဆိုတာလေးကို သွားတွေ့ပါတယ်။ နာမည်လေးကလည်း စိတ်ဝင်စားစရာကောင်းတော့ ဒီတစ်ခေါက် ဒီကမ်းခြေလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ကမ်းခြေရဲ့နေရာအတိအကျလေးကတော့ မော်လမြိုင် သံဖြူဖရပ်-ကျိုက္ခမီလမ်းမကြီးဘေး၊ ပဒံငံလေးကျေးရွာအကျော်မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်ကတော့ မော်လမြိုင်မြို့က အမျိူးတွေဆီ အလည်သွားရင်း သွားရောက်ဖြစ်ခဲ့တာဖြစ်ပြီး သံဖြူဇရပ်ကနေတစ်ဆင့် ဆက်သွားရတာဖြစ်ပါတယ်။ နေရာက သံဖြူဇရပ်-ကျိုက္ခမီလမ်းမကြီးဘေးကနေ ၁၅မိနစ်လောက် သွားရတာအပြင် လမ်းတစ်လျှောက် အရိပ်ရ ရာဘာခြံကလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ သွားတုန်းကတော့ အဆောက်အဦးတွေ တည်ဆောက်ဆဲဖြစ်သလို ဧည့်သည်တွေကလည်း သိပ်မလာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ တည်းခိုခန်း၊ ဟိုတယ်တွေ သိပ်မတွေ့ရဘဲ နယ်ခံတွေနဲ့ အခြားခရီးသွားတွေက နေ့ချင်းပြန် လာရောက်လည်ပတ်ကြပါတယ်။


ကမ်းခြေလေးက တိတ်ဆိတ်ပြီးအေးအေးချမ်းချမ်းပဲရှိနေကာ တောင်ကုန်းပေါ်မှာ သေချာအလှဆင်ထားတဲ့ ပင်လယ်စာ စားသောက်ဆိုင်ရှိပြီး အဆိုပါနေရာကနေ ကြည့်လိုက်ရင် ပင်လယ်ကြီးရဲ့အလှကို ခံစားနိုင်သလို လတ်ဆတ်တဲ့လေကိုလည်း ပြည့်ပြည့်၀၀ရှူနိုင်ပါတယ်။ ကမ်းခြေတစ်လျှောက်လုံး အမှိုက်လုံးဝမရှိသလို လမ်းတစ်လျှောက် အမှိုက်ပုံးလေးတွေလည်း ထားရှိပေးထားလို့ အဆင်ပြေပါတယ်။ ကမ်းခြေသွားတဲ့လမ်းတစ်လျှောက်လည်း ဓာတ်ဖမ်းလို့ကောင်းအောင် လှည်းဘီးလေးတွေနဲ့ အလှဆင်ပေးထားတာတွေ့ရပါတယ်။


လှိုင်းပုတ်သံတွေ၊ နေဝင်ချိန်၊ နေထွက်ချိန်တွေလည်း လှပစွာကြည့်ရှုနိုင်သလို အေးအေးဆေးဆေးနဲ့ relaxလုပ်နိုင်တဲ့နေရာလေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း နေ့ချင်းပြန်ခရီးဆိုတော့ တစ်နေကုန်အပန်းဖြေခဲ့ပြီးနောက် နေဝင်ချိန်လေးကြည့်ရှုပြီး မော်လမြိုင်မြို့ကို ပြန်လာခဲ့ပါတယ်။ ဒီခရီးစဉ်အတွက်ကတော့ မော်လမြိုင်ကနေ ကျောက်ပန်းချီကမ်းခြေအထိ ၇သောင်းကျပ်ဝန်းကျင် ကုန်ကျနိုင်ပါတယ်။


ဒါကြောင့် ကျိုက္ခမီစက်စဲကမ်းခြေဘက်ရောက်ဖြစ်ကြတယ်ဆိုရင် ဒီကမ်းခြေကိုလည်း မဖြစ်မနေမရောက်လာပြီး အပန်းဖြေသင့်ပါတယ်လို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#မော်လမြိုင်
#ကျောက်ပန်းချီကမ်းခြေ
#ရာဘာခြံ
#သံဖြူဇရပ်
#ပဒံငံလေးကျေးရွာ

Some text some message..