
မေမြို့လို့ပဲပြောပြော ပြင်ဦးလွင်လို့ပဲခေါ်ခေါ် ချယ်ရီတွေနဲ့ လှပနေတဲ့ မြို့တစ်မြို့ကို မိတ်ဆွေတို့ မြင်ကြမှာပါ။ အလားတူပဲ ထင်းရှူးပင်တွေ၊ တိမ်ခိုးတိမ်ငွေ့တွေကြားက တောင်ပေါ်မြို့လေးကိုလည်း သတိရကြမှာပါ။ ဒီလိုမျိုး လူပြောများနေတဲ့ ပြင်ဦးလွင်မြို့လေးကို ကျွန်တော်လည်း တစ်ခါက အလည်အပတ်အဖြစ် ရောက်ရှိခဲ့ဖူးပါတယ်။ ပန်းမြို့တော်လို့ တင်စားကြတဲ့ ပြင်ဦးလွင်မြို့လေးကို လည်ပတ်ဖြစ်ခဲ့ပုံတွေကို မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ရန်ကုန်ကနေ Express ကားနဲ့ပဲ တိုက်ရိုက်သွားရောက်ခဲ့တာဖြစ်ပြီး လမ်းခရီးမှာတော့ နည်းနည်းလေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြင်ဦးလွင်ကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ရောက်သွားတော့ မနက်အစောကြီးဖြစ်နေတာကြောင့် ဗိုက်ဆာဆာနဲ့ပဲ ကော်ဖီဆိုင် လိုက်ရှာမိပါတယ်။ အဲ့ဒီမှာ ပြင်ဦးလွင်ကန်တော်ကြီးထဲက ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး တစ်ဂွီဂွီမြည်နေတဲ့ဗိုက်ကို ဖြည့်တင်းရပါတော့တယ်။ မနက်ပိုင်း ပန်းခြံဖွင့်စဆိုတော့ လူရှင်းနေတဲ့အတွက်ကြောင့် ဓါတ်ပုံရိုက်ရတာ တော်တော်လေး အဆင်ပြေပါတယ်။

ပြင်ဦးလွင်မြို့ကို ကြည့်ရင်လိုက် ဥရောပတိုက်က မြို့လေးတစ်မြို့လိုပဲ အမှိုက်ဘာညာရှင်းလင်းပြီး သန့်ရှင်းသပ်ရပ်နေပါတယ်။ ကိုလိုနီခေတ်က အပန်းဖြေစခန်းမြို့လည်း ဖြစ်တဲ့အတွက် ကိုလိုနီခေတ်အဆောက်အဦးအချို့ကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။ ဘာသာစုံနဲ့ ဆက်နွယ်နေတဲ့ ဘုရားကျောင်းကန်အစုံ၊ အစားအသောက်အစုံ၊ ဝတ်စားဆင်မှုအစုံ၊ ဓလေ့အစုံကို မြင်ရတဲ့မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။
ပြင်ဦးလွင်ဆိုတာကလည်း သိကြတဲ့အတိုင်း လည်ပတ်စရာနေရာတွေ အရမ်းများတာကြောင့် နာမည်ကြီးနေရာတွေ လွတ်မသွားစေဖို့ သေချာစီစဉ်ရပါတယ်။ ပထမဆုံးတော့ ဘုရားသွားဖူးကြမယ်ဆိုပြီး မဟာအံ့ထူးကံသာစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ဇီနမာန်အောင်ကျောက်တောင်စေတီ၊ နှီးဘုရား၊ မြွေဘုရားတို့ကို ဆက်လက်ဖူးမျှော်ခဲ့ကာ တရုတ်ဘုံကျောင်းကြီးထဲလည်း ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဘုရာစုံဖူးပြီးတော့ ညပိုင်းရောက်သွားပြီဖြစ်တဲ့အတွက် တည်းခိုခန်းပြန်ပြီး အနားယူဖြစ်ခဲ့ကြပါတယ်။

နောက်ရက်မှာတော့ ဓါတ်တော်ချိုင့်ရေတံခွန်နဲ့ ပွဲကောက်ရေတံခွန်လို့ခေါ်တဲ့ BE ရေတံခွန်ကို သွားရောက်လည်ပတ်ကာ အနားယူခဲ့ပါတယ်။ ဓါတ်တော်ချိုင့်က အရမ်းလှပတဲ့ ရေတံခွန်ဖြစ်ပြီး အောက်ခြေထိဆင်းပြီး သွားကြည့်ရင် ပိုလှပေမယ့် ကျွန်တော်တို့ကတော့ အချိန်မရလို့ မလေ့လာဖြစ်ခဲ့ပါဘူး။ ဒီရေတံခွန်မှာ အဆင့်၃ဆင့်ရှိပြီး အဆင့်တိုင်းမှာ သူ့အလှနဲ့သူရှိနေပါတယ်။ ရေတံခွန်တစ်ခုလုံးရဲ့အလှကို အပေါ်က The Viewဟိုတယ်ကနေ လှမ်းမြင်ရပါတယ်။ ပွဲကောက်ရေတံခွန်ကတော့ မဟာအံ့ထူးကံသာဘုရားနားမှာရှိပါတယ်။ ဒီရေတံခွန်ကတော့ အလွယ်တကူသွားရောက်နိုင်တာကြောင့် လည်ပတ်သူ ပိုများပါတယ်။ ခရီးသွားရာသီဆိုရင် လူတော်တော်လေးရှုပ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ရက်ကတော့ ရေတံခွန်နှစ်ခုသွားတာနဲ့ပဲ အချိန်တွေကို ကုန်ဆုံးလိုက်ပါတယ်။ မိတ်ဆွေတို့ သွားချင်တယ်ဆိုရင် ဒီဇင်ဘာခြံရေတံခွန်၊ ရေပျံတောင်ရေတံခွန်တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။
နောက်ရက်မှာတော့ နာမည်ကြီး ပိတ်ချင်းမြောင် လှိုဏ်ဂူကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပြင်ဦးလွင်လာသူတိုင်း လာရောက်ကြတဲ့နေရာလည်းဖြစ်လို့ လူအတော်လေးများပါတယ်။ ရေတံခွန်အငယ်စားလေးလည်းဖြစ်လို့ ရေကစားသူတွေလည်း ပေါသလို နေ့လည်စာကို ထမင်းဆီဆမ်း၊ ဆက်သားခြောက်ဖုတ်တို့နဲ့စားရတာ အတော်လေး မြိန်ပါတယ်။ ပရဆေး၊ တောထွက်ပစ္စည်းတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူသင့်တဲ့နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ အလားတူပဲ မေမြို့မှာ လည်ပတ်စရာ Resortတွေ၊ ပန်းခြံတွေ များစွာလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ကတော့ နောက်နေ့မနက်ပြန်မှာဖြစ်တဲ့အတွက် တောင်ပုလ View Pointကိုပဲ သွားရောက်ဖြစ်ခဲ့ပါတယ်။

တောင်ပုလကတော့ နာမည်နဲ့လိုက်အောင်ကို လှပတဲ့ရှုခင်းလေးတွေ ရှိနေပါတယ်။ ရှမ်းလူမျိုးတို့ရဲ့ ခမ်းနားလှပတဲ့ စိုက်ခင်းနဲ့ သာယာလှပတဲ့ တောင်တန်းတွေက ကျွန်တော်တို့ကို ဆွဲဆောင်နေပါတယ်။ တောင်ပေါ်တက်ရတာကြိုက်သူတွေအတွက် Trekkingလုပ်ရတာ အရမ်းမိုက်တဲ့နေရာတစ်ခုလို့လည်း ပြောရမှာပါ။ တောင်ပေါ်ရောက်တာနဲ့ ရှုခင်းလှလှလေးတွေ တန်းမြင်ရတာကြောင့် စိတ်အေးချမ်းပြီး ပင်ပန်းတာတွေ အကုန်ပျောက်ကုန်ပါတယ်။ တောင်ပုလတောင်ပေါ်မှာ သဘာဝပန်းခြံရှိသလိုပဲ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင်ဆုတောင်းပြည့်စေတီတော်လည်း ရှိနေပါတယ်။
ညနေပိုင်းမှတော့ ရှမ်းပြည်ရဲ့ Trademarkရှမ်းခေါက်ဆွဲစားပြီး တည်းခိုခန်းကို ပြန်လာခဲ့ကြပါတယ်။ ဒီခရီးစဉ်အတွက် ပျမ်းမျှတစ်ဦးကို တစ်သိန်းကျပ်လောက်ကျသင့်ခဲ့ကြပါတယ်။ ညဘက်အိပ်စက်အနားယူပြီး မနက်ပိုင်းမှာတော့ မြို့တော် ရန်ကုန်ကို ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ ဒါကြောင့် ပြင်ဦးလွင်ဆိုတာ လည်ပတ်စရာတွေနဲ့ ပြည့်နှက်နေပြီး တစ်ပတ်လောက်နေမယ်ဆိုရင်တောင် လည်ပတ်လို့မဝတဲ့မြို့လေးဖြစ်တာကြောင့် မိတ်ဆွေတို့အတွက် အေးအေးချမ်းချမ်း အပန်းဖြေစရာနေရာလေးတစ်ခုပါလို့ အကြံပြုလိုက်ရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel