ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၂)
lotaya.mpt.com.mm
|
2022-05-07

သားဦးရတနာဖွားမြင်ခြင်း

…………………...

ရန်ကုန်မြို့ပြင်ရှိ ဂိုဒေါင်ဟောင်းကြီးတစ်လုံးထဲတွင် မူးယစ်ရာဇာကြီး ဦးစိန်လင်းသည် သူ့တပည့်များ ခြံရံလျက် ကုလားထိုင်တစ်လုံးပေါ်တွင် ကြိုးများနှင့် တုပ်‌နှောင်ထားသော လူတစ်ယောက်ကို စစ်ဆေးမေးမြန်းလျက်ရှိလေသည်။ သူ၏ လူယုံတော်ကြီး အောင်သောင်းက ဦးစိန်လင်း၏ လက်ယာဘက်တွင် မားမားကြီး လက်ပိုက်ရပ်လျက်ရှိသည်။ ထိုင်ခုံပေါ်မှလူ၏ မျက်နှာသည် အညိုအမဲစွဲကာ ယောင်ကိုင်းနေပြီး မျက်ခွံပေါ်ရှိ အက်ကွဲဒဏ်ရာမှ သွေးများတွင်တွင် စီးကျနေသည်။ သူ့ ညာဘက်လက်ရှိ လက်ချောင်းများမှာ လိမ်အချိုးခံထားရသဖြင့် တွန့်လိမ်ကောက်ကွေးကာ ပုံများပျက်ယွင်းနေလေပြီ။ 

‘ကဲပါ ဆန်နီရယ်။ ငါတို့လည်း တစ်ယောက်အကြောင်း တစ်ယောက် မသိကြတဲ့လူတွေမှ မဟုတ်ဘဲနဲ့။ မင်းနဲ့ ငါနဲ့ အလုပ်အတူလုပ်လာတာ ဘယ်လောက်တောင် ကြာပြီလဲ… ပြောစမ်းပါဦး။ အင်း ဟုတ်ပါရဲ့ - ဟေ့ အောင်သောင်း။ ဆန်နီနဲ့ ငါတို့ သိတာ ဘယ်လောက်ကြာပြီလဲကွ’

‘ဆယ်နှစ်ရှိပါပြီ ဆရာကြီး’

တပည့်လုပ်သူက မဆိုင်းမတွ ၀င်ထောက်ပေးသည်။ ဆန်နီဆိုသူသည် နာမည်နှင့်လိုက်အောင် နီကြောင်သော ဆံပင်မွေးများရှိသည်။ သူသည် ကြောက်ရွံ့တုန်လှုပ်လွန်းသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

‘ကျွန်… ကျွန်တော်… တကယ်မလုပ်ပါဘူး ဆရာကြီးရဲ့။ ဆရာကြီးဆီက ကျွန်တော် ဘယ်တော့မှ မခိုးရဲပါဘူးဆရာကြီးရယ်...။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျ… အီး ဟီး ဟီး...’

‘ဆန်နီ.. ဆန်နီ...။ မင်းတော်တော် ဒုံး‌ဝေးတဲ့ကောင်ပဲကွာ။ ငါက မင်းငါ့ဆီက ခိုးလို့ ဒေါသထွက်နေတာ မဟုတ်ဘူးငါ့ကောင်ရ။ ငတ်လို့ မရှိလို့ ခိုးတာကို ငါ လက်ခံပေးလို့ရတယ်။ အခုဟာက မင်းလိုကောင်မျိုးက ငါ့ကို လူလည်ကျတာ။ နှစ်ပေါက်တစ်ပေါက်ရိုက်တာကွ။

မင်းသိအောင် ငါပြန်ပြောပြမယ်။ အဲဒီနေ့က ရန်ကုန်အ၀င်မှာ တာ၀န်ကျတဲ့ ဒုရဲအုပ်ဂျူတီချိန်းသွားတာ မင်းလက်ချက်မဟုတ်လား။ လူစားထိုးတဲ့ ဒုရဲအုပ်က ဗိုလ်ချုပ်မြင့်ငွေ ခါးပိုက်ထဲကကောင်။ အခု ငါ့ ပစ္စည်းတွေ အကုန်သူသိမ်းသွားတော့ ငါ ဘယ်လိုပြန်တောင်းရမလဲ။ ရဲတွေနဲ့ ပတ်သက်ပြီး မင်းတာ၀န်ရှိတယ် မဟုတ်လား။ ငါတစ်ခုပဲ သိချင်တယ်။ မင်း ‌ဝေစု ဘယ်လောက်ရလိုက်သလဲဆိုတာပဲ...’

‘အီး ဟီး ဟီး… ။ ဆရာကြီးရယ် ရှစ်ကြီးခိုးပါရဲ့။ တာ၀န်ကျတဲ့ ကျွန်တော်တို့လူ ဒုရဲအုပ်က အဲဒီမတိုင်ခင်ညမှာ အရက်အမူးလွန်ပြီး ဆေးရုံတင်ရလို့ပါဆရာကြီးရဲ့။ ကျွန်တော့်ဆီ သတင်းအရောက်နောက်ကျသွားလို့ပါ။ ကျွန်တော် မခိုးရပါဘူးဗျ’

‘ကဲ အောင်သောင်းရယ်။ ဒီကောင် ဒီလောက်‌ခေါင်းမာနေရင်လည်း ကျန်တဲ့ လက်ချောင်းတွေ ဆက်ချိုးပေးလိုက်ပါကွာ။ လက်ဆယ်ချောင်းကုန်မှ အမြင်မှန်ရသွားလည်း နည်းလားကွ’

အောင်သောင်းသည် သွားကြီးများကို ဖြီးပြီး ပလိုင်ယာကြီးကို ကိုင်လျက် ဆန်နီရှိရာဆီသို့ ချဥ်းကပ်သွားလိုက်သည်။ သူ့ပါးစပ်ထဲတွင် အပြည့်နီးပါး စိုက်ထားသော ရွှေသွားကြီးများက တလက်လက် အရောင်ထွက်နေသည်။

‘အားးးး အမလေး။ ကယ်ကြပါဗျ။ အမေရေ မကယ်နိုင်တော့ဘူးလားဗျ’

‘ဆရာကြီး ဆရာကြီး’

ဆန်နီ၏ အော်ဟစ်ငိုကြွေးသံကြီးကို ဖုံးအောင် မနည်းအော်ရင်း ချာတိတ်လေးတစ်ယောက် ဂိုဒေါင်အပြင်မှ ၀င်ပြေးလာသည်။

‘ဟဲ့‌ကောင်လေး။ ဘာဖြစ်တာလဲ အလန့်တကြား’

‘ဆရာကြီး အပြင်မှာ ကိုစိုးသန်းတို့ ဂျစ်ကားရောက်နေတယ်။ သူတို့ ဆရာကြီးအတွက် အရေးတကြီး သတင်းလာပြောတာဆရာကြီး’ ကောင်လေးမှာ အသက်ကို မနည်းရှူရင်း ပြောနေရသည်။ ခြံပြင်မှ အမြန်ပြေး၀င်လာခြင်း ဖြစ်ပုံရလေသည်။

‘ဟေ့ချာတိတ် မြန်မြန်ပြောကွာ။ ငါ့ ခါးကြားထဲက သေနတ်ထုတ်ပြီး ပစ်လိုက်ရ’

‘မ.. မလုပ်ပါနဲ့ ဆရာကြီး..။ ဟို ဟို.. ကိုစိုးသန်းတို့ပြောတာ ဆရာကတော် ဗိုက်နာလို့ ဆေးရုံရောက်နေပြီတဲ့ ဆရာကြီး’

ချာတိတ်လေးမှာ ခေါင်းလေးကို ပုရင်း ကြောက်လန့်တကြားပြောလိုက်ရသည်။ ဦးစိန်လင်း၏ နဖူးကြောကြီးများ ထောင်တက်သွားသည်။ သူ၏ အသက်သည် ငါးဆယ်ရှိပြီဖြစ်သဖြင့် ဆံပင်များပါးကာ ထိပ်ပြောင်စပြုလာပြီ ဖြစ်သည်။ အသားမည်း ရုပ်ဆိုးပြီး ဂင်တိုတိုနှင့် ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိသည်။ သူသည် နေပူမရှောင် မိုးရွာမရှောင် ဘယ်သွားသွား တိုက်ပုံလက်ရှည်ကိုသာ စွဲစွဲမြဲမြဲ ၀တ်ဆင်တတ်လေသည်။

‘ဘာ.. ဘာပြောတယ်။ မူယာ ဘာဖြစ်လဲ။ ခွေးမသားလေး.. ငါ့မိန်းမ ဘာဖြစ်သလဲ မြန်မြန်ပြောစမ်း..’

‘ဆရာကြီး ကျွန်တော်တို့ စိုးသန်း ဘာပြောလဲ ကိုယ်တိုင် သွားမေးရအောင်’

အောင်သောင်းက အခြေအနေကို ၀င်ထိန်းရင်း သူ့ဆရာကို သတိပေးလိုက်သည်။

‘အေး ဟုတ်တယ်… အောင်သောင်း မင်းပြောတာဟုတ်တယ်’

‘လာဆရာကြီး။ ကျွန်တော် လိုက်ခဲ့မယ်။ အော် ဒါနဲ့ ဆန်နီကို ဘာလုပ်လိုက်ရမလဲ’

‘တောက်ကွာ။ ခေါင်းပူရတဲ့ကြားထဲ။ မင်းက ဒီခွေးကောင်ကို စကားထဲထည့်ပြောနေရသေးတယ်။ မင်း ကြည့်ရှင်းလိုက်ကွာ’

‘ဟုတ်ကဲ့ဆရာကြီး’

အောင်သောင်း ဆန်နီရှိရာသို့ ခပ်သုတ်သုတ် ပြန်လှည့်လာသည်။ ဘေးတွင်တော့ အောင်သောင်း၏ တပည့်လူမိုက်အဖွဲ့က ၀ိုင်းကာ စောင့်နေကြ၏။ ဆန်နီက ရွှေသွားအောင်သောင်းကို အသနားခံသော မျက်နှာလေးနှင့် မော့ကြည့်ရှာသည်။

‘ကို‌အောင်သောင်း… ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ အရင်က သေအတူရှင်အတူ လုပ်ခဲ့တာလေးတွေကို ထောက်ပြီး...’

‘အေးပါ ဆန်နီရာ မင်းအဲလိုမလုပ်ဘူးဆိုတာ ငါသိပါတယ်။ ငါကပဲ အားလုံးရဲ့ ကိုယ်စား တောင်းပန်ပါတယ်၊ ကဲ ကဲ ငါ ကြိုးဖြည်ပေးမယ်’

ဟုပြောပြီး ဆန်နီ၏ နောက်ကျောဘက်သို့ လျှောက်သွားလိုက်သည်။

… ဒိုင်း….

ဆန်နီရှေ့သို့ ဇက်ကျိုးကျသွား၏။ သူ့နောက်စေ့ သေနတ်ဒဏ်ရာမှ မီးခိုးတအူအူထွက်နေသည်။ အောင်သောင်း ခြောက်လုံးပြူးသေနတ်ကို ဂျာကင်အတွင်းသို့ ပြန်ထိုးထည့်လိုက်သည်။

‘ခွေးမသား။ မင်းမလုပ်လည်း အသုံးမကျတာက အသုံးမကျတာပဲ။ သေတာပဲကောင်းတယ်’

ဟု မထီမဲ့မြင်ပြောပြီး သူ့ဆရာနောက်သို့ အမြန်ပြေးလိုက်သွားသည်။ ဦးစိန်လင်းသည် ခြံအပြင်သို့ရောက်နေပြီး ခြံ၀ရှိ  ဂျစ်ကားပေါ်တွင် ထိုင်နေသော ပိန်စောက်စောက်နှင့် လူမိုက်စိုးသန်းကို လှမ်းအော်မေးလိုက်၏။

‘ဟေ့ကောင် စိုးသန်း မူယာဘာဖြစ်လဲ’

‘ဆရာကြီး ဆရာကတော် ဗိုက်နာလို့ ဒေါ်ကြီးငွေတို့ အမျိုးသမီးဆေးရုံ ခေါ်သွားကြပြီ။ ကျွန်တော်လည်း သိသိချင်း ဆရာကြီးကို လာပြောတာ။ လာဆရာကြီး ကျွန်တော် တစ်ခါတည်း မောင်းပို့ပေးမယ်’

ဦးစိန်လင်း ဘာမှ မေးမနေတော့ဘဲ ဂျစ်ကားပေါ် ခုန်တက်ကာ ထိုင်လိုက်သည်။ အောင်သောင်းက ဦးစိန်လင်းနောက်ရှိ ဘေးစောင်းထိုင်ခုံတွင် ၀င်ထိုင်သည်။ အမိုးဖွင့် ဂျစ်ကားသည် ၀ူးကနဲ မောင်းထွက်သွား၏။ ဦးစိန်လင်းသည် ကားစီးနေရင်းမှ သူ့တပည့်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။

‘ဟေ့ကောင် အောင်သောင်း။ မူယာ့ကိုယ်၀န်က ခြောက်လပဲ ရှိသေးတာမဟုတ်လား။ ခြောက်လနဲ့ မွေးရင် ကလေးက ရှင်ပါ့မလားကွ’

ကိုယ်၀န်ဆောင်အကြောင်းမပြောနဲ့ ရည်းစားပင် မရဘူးသော လူမိုက်ကြီးအောင်သောင်းသည် ဦးစိန်လင်း၏ မေးခွန်းကို ဖြေရခက်နေတော့သည်။ သို့သော် ဆရာသမား ကျေနပ်အောင် ဖြီးဖြန်းပြောမှဟု စိတ်ကူးလိုက်ပြီး -

‘ဟို… ဒီခေတ်က ဆေးပညာတွေ ဒီလောက်တိုးတက်နေတာပဲ ဆရာကြီးရာ။ ဆရာ၀န်တွေကလည်း တော်တာပဲ’

သူ့အဖြေ ဘာကို ဆိုလိုမှန်းပင် သူသေချာမသိသော်လည်း ဦးစိန်လင်း ထပ်မမေးတော့သဖြင့် အောင်သောင်း သက်ပြင်းချမိသည်။ မိနစ်အနည်းငယ်မျှ ဂျစ်ကားကို အမြန်မောင်းပြီးလျှင် သူတို့သည် ရန်ကုန် အမျိုးသမီးဆေးရုံကြီးသို့ ဆိုက်ရောက်သွားကြသည်။

စနေနေ့ဖြစ်သဖြင့် ဆေးရုံထဲတွင် လူရှင်းနေသည်။ ကားမောင်းနေစဥ် ညနေစောင်းအချိန်ရှိသော်လည်း သူတို့ ဆေးရုံရောက်ချိန်တွင် မှောင်မည်းကာ ညအချိန်ရောက်သွားပြီဖြစ်သည်။ ကောင်းကင်ပြင်တွင် တိမ်မည်းများ ဖုံးလာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ မိုးကြီးသည်းထန်စွာ ရွာသွန်းတော့မည်ဟူသော နိမိတ်ပင်။ အချိန်က ည ခုနစ်နာရီကျော်ပြီး ရှစ်နာရီထိုးခါနီးပြီ။

သူတို့လူစု ဆေးရုံ၀င်းထဲတွင် အဆောင်များကို အပြေးတပိုင်း ပတ်ရှာကြပြီး အတော်ကြာမှ မူယာတက်နေသော သားဖွားဆောင်သို့ ရောက်သွားကြသည်။ သားဖွားဆောင်သည် ပိုက်ဆံရှိ လူကုန်ထံ အသိုင်းအ၀ိုင်းအတွက် စီစဥ်ထားသော သီးသန့်ဆောင်ဖြစ်သည်။ ဦးစိန်လင်းသည် ပထမထပ်တွင်ရှိသော အဆိုပါ သီးသန့်ဆောင်ရှိရာဆီသို့ အပြေးတက်သွားလိုက်သည်။

‘စိုးသန်း - မင်း ခြံထဲကို ကားငှားပြန်။ ပြီးရင် ဆရာကြီးရဲ့ မာစီဒီးကားကို ယူလာပြီး ဒီမှာထားခဲ့။ ပြီးရင် ငါ့ကို သော့လာတက်ပေး။ မင်းက လိုလိုမယ်မယ် ဂျစ်ကားထဲမှာစောင့်’

ဟု ပြောပြီး အောင်သောင်း ဦးစိန်လင်းနောက်မှ ထပ်ကြပ်မကွာ လိုက်တက်သွားသည်။ အပေါ်ထပ်ရောက်လျှင် ကောင်တာတွင် အလုပ်လုပ်နေသော သူနာပြုများကို တွေ့လိုက်ရသည်။ ထိုကောင်တာနှင့် မလှမ်းမကမ်းတွင် တံခါးတစ်ချပ်ရှိပြီး ထိုတံခါး၏ နောက်တွင်မူ သားဖွားလူနာ သို့မဟုတ် သူ၏ ဇနီး မူယာရှိပုံရလေသည်။

‘ဟေ့ နာ့စ်။ မူယာ ဘယ်မှာလဲ’

ဦးစိန်လင်းအကြောင်းကို အားလုံး သိထားပြီးဖြစ်သဖြင့် ရိုင်းစိုင်းရင့်သီးသော သူ့ အမူအယာကို မည်သူမျှ အတိုက်အခံမပြုလုပ်ဘဲ သူနာပြုဆရာမတစ်ဦးက သူ့အနားလာပြီး -

‘အန်ကယ်ဦးစိန်လင်းရှင့်။ မမူယာ ဗိုက်နာလို့ ဒီအခန်းထဲမှာ တင်ထားရပါတယ်ရှင့်။ ဆရာ၀န် စမ်းသပ်ကြည့်ရသလောက်ကတော့ အခု မိနစ်ပိုင်းအတွင် မွေးတော့မယ်လို့ ပြောပါတယ်ရှင့်။ အန်ကယ်၀င်ကြည့်မလား’

‘အို နင်ဘာတွေ ပြောနေတာလဲ။ ယောကျ်ားကြီးတန်မဲ့ မီးတွင်းထဲ ၀င်ကြည့်လို့ ဖြစ်မလား။ ခက်တော့တာပဲ။ ဒါနဲ့ နေပါဦး။ မူယာ့ကိုယ်၀န်က ခြောက်လဆို။ ခြောက်လနဲ့ မွေးလို့ ဖြစ်ပါ့မလား’

‘အဲ.. အဲဒါတော့ သမီးလည်း မပြောတတ်...’

‘ကဲ ကဲ ဆရာမ။ အခန်းထဲသွားပြီး မူယာ့ကို သူ့ယောက်ျားရောက်ပြီလို့သာ သွားပြောပေးပါဗျာ။ ကျွန်တော်တို့ အပြင်ပဲ စောင့်ပါ့မယ်’

အောင်သောင်းက ၀င်ပြောလိုက်မှ သူနာပြုဆရာမလေးလည်း ကျေးဇူးတင်စွာနှင့် ဦးစိန်လင်းအနားမှ ထွက်ပြေးလေသည်။

‘ဆရာကြီး။ စိတ်အေးအေးထားပါ။ ကျွန်တော်တို့ အတူတူ ဘုရားစာဆိုပြီး ဆုတောင်းကြတာပေါ့’

လူယုံတော် တပည့်ကြီးသည် ယခုလေးတင် ဆန်နီကို ပစ်သတ်လာသော ခြောက်လုံးပြူးကို ဂျာကင်ထဲတွင် နေရာချလိုက်ပြီး - ဦးစိန်လင်းဘေးတွင် ၀င်ထိုင်ကာ အင်္ဂုလိမာသုတ်နှင့် ဗောဇ္စျင်သုတ်တို့ကို ရွတ်ဆိုနေလေတော့သည်။

ထိုစဥ်မှာပင် -

အဲ့.... အဲ့... အဲ့...။

          ကလေးငိုသံသဲ့သဲ့ကြားလျှင် ဦးစိန်လင်း တံခါးကို တွန်းဖွင့်ကာ မီးဖွားခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။ အခန်းထဲရှိ သူနာပြုဆရာမတစ်ယောက်သည် ကလေးကို အနှီးထဲတွင်ထုပ်ပြီး အခန်းထောင့်ရှိ ပုခက်စင်တစ်လုံးဆီသို့ ခပ်သုတ်သုတ် ယူသွားသည်ကို တွေ့လိုက်ရသည်။ သူနာပြုကို ကြည့်ရသည်မှာ စက်ရုပ်တစ်ရုပ်နှင့် တူနေ၏။ ပုခက်အနီးတွင် အသက်ကြီးကြီး ၀၀ဖိုင့်ဖိုင့်နှင့် ဒေါ်ကြီးငွေသည် ထိုင်ခုံတစ်လုံးပေါ်တွင် မတုန်မလှုပ်ထိုင်လျက်ရှိသည်။ ဂျူတီကုတ် အဖြူရောင်၀တ်ထားသော ဆရာဝန်တစ်ဦးက မူယာ့ သွေးခုန်နှုန်းကို တိုင်းနေ၏။ ဆရာဝန်၏ မျက်နှာမှာ သွေးဆုတ်နေသလိုပင်။ ဆရာ၀န်ကိုယ်တိုင်ကပင်လျှင် လူနာနှင့် တူနေလေသည်။ တစ်ခုခုတော့ မှားနေပြီဟု အကင်းပါးလွန်းသူ ဦးစိန်လင်း ရိပ်မိလိုက်သည်။ လူယုံတော် အောင်သောင်းမှာအခန်းထောင့်တစ်နေရာတွင် ရပ်ရင်း အဖြစ်အပျက်များအားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေမိသည်။

          ‘မူယာ...။ နေကောင်းလား။’

          သူ့ထက် အသက်သုံးဆယ်မျှ ငယ်သော ဇနီးချောလေး၏ နဖူးကို အသာပွတ်သပ်ရင်း ဦးစိန်လင်း ကြင်နာစွာမေးလိုက်သည်။ သူမသည် ဆေးရုံမှ ၀တ်ပေးထားသော လူနာ၀တ်စုံ အစိမ်းနုရောင်လေးကို ၀တ်ထားပြီး ယခုပင် မီးဖွားပြီးစဖြစ်သဖြင့် မျက်နှာပေါ်တွင် ချွေးများပြန်ကာ နဂိုဖြူသော အသားအရေထက်ပိုပြီး ဖြူဖျော့နေသည်။ မူယာ ဦးစိန်လင်းကို မော့ကြည့်လျှင် သူ၏ သံသယများမှာ အဖြစ်မှန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ တစ်ခုခုသည် တကယ်ပင် မှားယွင်းနေလေပြီ...။

          ‘အစ်ကိုကြီး... မူယာ့ ကလေးလေးကို မသတ်ပါနဲ့ အစ်ကိုကြီးရယ်။ မူယာ ရှိကြီးခိုးပါရဲ့။ မသတ်ပါနဲ့ အစ်ကိုကြီးရဲ့။’

          ဦးစိန်လင်း၏ ဦးခေါင်းတစ်ခုလုံး နှစ်ဆမျှ ကြီးသွားသလို။ သူ မရည်ရွယ်ပဲနှင့် ကလေးရှိရာ အခန်းထောင့်ဆီသို့ လှည့်ကြည့်လိုက်မိ၏။

          အဲ့.... အဲ့.... အိ.... အိ....။

          ထိုအသံသည် ကလေးငိုသံမဟုတ်ချေ။ .... အတိအကျပြောရလျှင် ထိုအသံသည် လူသံမဟုတ်ချေ...။ တအိအိနှင့် အဆက်မပြတ်ထွက်နေသော ထိုအသံသည်... မွေးကင်းစ... အလို.... ဘုရားဘုရား....။

          သူ တုန်လှုပ်ခြောက်ခြားစွာ ပုခက်ဆီသို့ လှမ်းသွားမိသည်။ အခန်းအပြင်တွင် ယခုအခါ မိုးစက်မိုးပေါက်များသည် သည်းထန်စွာ ရွာကျနေတော့သည်။ လျှပ်စီးများက ဆက်တိုက်ဆိုသလို လက်နေပြီး မိုးခြိမ်းသံများမှာလည်း တဂျိမ်းဂျိမ်းနှင့် မိုးကြိုးမုန်တိုင်းကျရောက်သည့်အလား ရှိလေတော့သည်။

          ‘အစ်ကိုကြီး... အမလေး.. ဘုရားကယ်ပါ။ မသတ်ပါနဲ့ အစ်ကိုကြီးရဲ့...။’

          ဦးစိန်လင်း တိုက်ပုံအောက်မှ ပစ္စတိုသေနတ်ဆီသို့ လက်ရောက်သွားသည်။ သူ့လက်ဖျားများ ရေခဲရိုက်ထားသလို အေးစက်နေကြ၏။ ထိုစဉ်မှာပင် အနှီးထုပ်ကြားမှ တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။ သူ့ဒူးခေါင်းများ မခိုင်ချင်တော့။ ပထမတော့ ကလေးအနှီးထဲတွင် မြွေတစ်ကောင် ဝင်နေသည်ဟု သူထင်လိုက်သည်။ နီတာရဲနေသော ထို ရှည်မျောမျောအရာသည် အဝတ်ကြားမှ အပြင်သို့ တလူးလူးတလွန့်လွန့် ငေါထွက်နေ၏။ အနှီးထုပ်သည် တလှုပ်လှုပ်ဖြစ်နေပြီး တအိအိအသံသည် အဆက်မပြတ်ထွက်ပေါ်နေသည်။

          ‘ဟာ... အမလေး...။ ဘုရားရေ။ ဘုရားရေ။ ဒါ... ဒါ.... ။’

          အနှီးကို သူ ဘယ်ဘက်လက်နှင့် အသာလှပ်လိုက်လျှင် ကလေးငယ်၏ မျက်နှာကို တွေ့လိုက်ရသည်။ အရိပ်ကျသော အခန်းထောင့်နေရာဖြစ်သဖြင့် အနည်းငယ်မှောင်နေသော်လည်း ပြတင်းပေါက် အပြင်မှ လျှပ်စီးများက ဖြန်းကနဲ ဖြန်းကနဲ လက်လိုက်လျှင် မြင်ကွင်းသည် ဆလိုက်မီးနှင့် ထိုးပြသလို ပိုပိုပြီး ထင်ရှားသွားခဲ့သည်။ ကလေးငယ်၏ မျက်နှာသည် လူတစ်ယောက်၏ မျက်နှာနှင့် မတူဘဲ အနည်းငယ် ရှည်မျောမျောကြီးဖြစ်နေ၏။ နှာခေါင်းရိုးသည် မြင့်မောက်လွန်းနေပြီး မှေးစင်းသော မျက်လုံးများမှာ နှာတံ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ရှိနေကြသည်။ အဖတ်လိုက်ဖြစ်နေကြသော နားရွက်လေးနှစ်ဘက်သည် ဆံပင်မရှိသော ဦးခေါင်းအနောက်ဘက်နားတွင် ကုပ်ကပ်ပြီး ပေါက်နေကြလေသည်။

          ဝေါ့...။

          ဦးစိန်လင်း ရုတ်တရက် ပျို့တက်သွား၏။ သူ့လက်ထဲမှ သေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ထို အနှီးတွင်းမှ သတ္တဝါကို ပစ်ဖို့ မစွမ်းနိုင်ဘဲရှိလေသည်။ မူယာ၏ တုန်လှုပ်စွာနှင့် အသနားခံသော အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းထားလျက်ရှိ၏။

          ‘အစ်ကိုကြီး... မူယာတောင်းပန်ပါတယ်အစ်ကိုကြီးရဲ့။ ရှစ်ကြီးခိုးပါရဲ့ ကျေးဇူးရှင်ကြီးရဲ့။’

          အခန်းထဲရှိ ဆရာဝန်နှင့် သူနာပြုတို့မှာ ကျောက်ရုပ်ကြီးများလိုပင်။ အောင်သောင်းမှာမူ ကလေးငယ်ကို သေချာမတွေ့ရသေးသဖြင့် အဖြစ်အပျက်များကို နားမလည်သေးပဲ ရှိနေသည်။ သူတို့အားလုံး၏ မျက်လုံးများသည် ဦးစိန်လင်း၏ ပစ္စတို သေနတ်ပေါ်တွင်သာ စူးစိုက်နေကြလေသည်။ ဦးစိန်လင်း ဒယိမ်းဒယိုင်ဖြစ်နေရာမှ ချက်ချင်း ကိုယ်ကို ပြန်မတ်လိုက်ပြီး သေနတ်ပြောင်းဝကို ဆရာဝန်၏ မျက်နှာတည့်တည့်သို့ ထိုးချိန်လိုက်သည်။ ဆရာဝန် တစ်ကိုယ်လုံး တုန်တက်သွား၏။ ဆရာ၀န်သည် လူငယ်တစ်ဦးဖြစ်သော်လည်း အထူးကုဆရာ၀န်ဖြစ်ပုံရလေသည်။

          ‘မင်း... မင်း...။ ဒီကိစ္စကို လျှို့ဝှက်ထားပါ။ ပေါက်ကြားသွားလို့ကတော့ မင်းရော ဒီသူနာပြုရော သေပြီသာမှတ်...။’

          ‘ဟုတ်.. ဟုတ်ကဲ့ခင်ဗျ...။’

          ‘အမလေး.. ကျေးဇူးကြီးလှပါတယ် အစ်ကိုကြီးရဲ့။ မူယာတို့မျက်နှာကို အစ်ကိုကြီး ဘယ်တော့မှ မမြင်စေရပါဘူး။ မူယာကတိပေးပါတယ်။’

          ဦးစိန်လင်း မူယာဘက်ကို ပြန်လှည့်သွားသည်။ အသက် ငါးဆယ်အရွယ် သူ့ကိုကြည့်ရသည်မှာ နှလုံးရောဂါဖောက်နေသော လူနာတစ်ဦးနှင့် တူနေလေသည်။ အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေသော်လည်း သူ့တိုက်ပုံတစ်ထည်လုံးသည် ချွေးများနှင့် အကွက်လိုက်ဖြစ်နေသည်။

          ‘မူယာ ဘယ်မှ မသွားရဘူး။ ဒီကိစ္စကို အစ်ကိုကြီး ဖြေရှင်းမယ်။’

          သူ အံကြိတ်ပြောလိုက်စဉ် မျက်ရည်တစ်စက် ပေါက်ကနဲ ကျသွား၏။ ဦးစိန်လင်း မျက်ရည်ကျသည်ကို မူယာယခု ပထမဆုံးတွေ့ဖူးခြင်းပင်။

          ‘အစ်ကိုကြီး... ဘာလုပ်မလို့လဲ...။ နေပါဦး..။ အစ်ကိုကြီး.. မူယာပြောတာ နားထောင်...။’

          ဦးစိန်လင်း မူယာ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ သားဖွားခန်းထဲမှ ထွက်လာခဲ့သည်။ အောင်သောင်းက သူ့နောက်မှ ကပ်ပါလာသည်။

‘ ငါ့ကို ကားသော့ပေးစမ်း’ ဟု ပြောကာ အောင်သောင်းလက်ထဲရှိ မာစီးဒီးကားသော့ကို ဖြတ်ကနဲ လုယူလိုက်သည်။

ဦးစိန်လင်းသည် ဆေးရုံ၀င်ထဲတွင် အသင့်ရပ်ထားသော မာစီးဒီးကားကြီးကို တံခါးဖွင့်ကာ အထဲ၀င်ထိုင်ပြီး ၀ူးကနဲ မောင်းထွက်သွား၏။ အောင်သောင်းပင် ၀င်ထိုင်ချိန်မရလိုက်ချေ။ ခပ်လှမ်းလှမ်းတွင် ရပ်ထားဆဲဖြစ်သော အစိမ်းရောင် အမိုးဖွင့်ဂျစ်ကားကို အောင်သောင်း တွေ့လိုက်သည်။ စိုးသန်းက ဂျစ်ကားနှင့် မလှမ်းမကမ်းရှိ အမိုးတစ်ခုအောက်တွင် မိုးခိုရင်း ဆေးလိပ်ဖွာနေသည်။

‘ဟေ့ စိုးသန်း မြန်မြန်လာပြီး ကားစက်နှိုးကွာ’

စိုးသန်း ဆေးလိပ်တိုကို လက်နှင့်တောက်ထုတ်ပြီး ဂျစ်ကားပေါ် ခုန်တက်လိုက်သည်။ မိုးလေ သည်းထန်နေသည့်ကြားတွင် ဦးစိန်လင်း၏ ကားနောက်ကို မနည်းမီအောင်လိုက်ရ၏။ ရန်ကုန်မြို့ကြီး၏ ကားလမ်းမများပေါ်တွင် ရေများက ခြေထောက်မြုပ်အောင် ဖုံးလွှမ်းနေသည်။

‘ကိုအောင်သောင်း။ ကျွန်တော် ဘာမှ မမြင်ရဘူး။ ဆရာကြီးကားလည်း မတွေ့တော့’

‘ဆရာကြီးကားတွေ့စရာမလိုဘူး စိုးသန်း။ ခြံထဲကိုသာမောင်းကွာ’

…………………………………………………...

နောက်မိနစ်အနည်းငယ်ကြာ၍ မာစီဒီးကားကြီး ခြံထဲထိုးဆိုက်လိုက်လျှင် ခြံထဲတွင် ကြိုးခြည်မထားသော ရော်ကီက ဦးစိန်လင်း ကားဆီသို့ အပြေးလာကာ ဝမ်းသာအားရကြိုဆိုလေသည်။ ရော်ကီသည် အရပ်လေးပေခွဲမျှ အမြင့်ရှိသည့် ဧရာမ ဒိုဘာမင် ခွေးကြီးတစ်ကောင်ပင်။ သူသည် တိုက်ကြီး၏ အိမ်ရှေ့ ဆင်၀င်အောက်တွင် မိုးခိုနေရာမှ ဦးစိန်လင်း၏ ကားသံကြား၍ ပြေးထွက်လာခြင်းဖြစ်သည်။ သို့သော် ပစ္စတို သေနတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း ကားပေါ်မှ ဆင်းလာသည့် ဦးစိန်လင်းကို မြင်လျှင် ခုန်ပေါက်မြူးထူးနေရာမှ ရုတ်တရက် ရပ်တန့်သွား၏။

          ဦးစိန်လင်း၏ တစ်ကိုယ်လုံး နတ်ဝင်သည်တစ်ယောက်လို တုန်ရီနေသည်။ သူ့တစ်ကိုယ်လုံးသည် မိုးရေများနှင့် စိုရွှဲနေသည်။ ကောင်းကင်တစ်ခွင်လုံးသည်လည်း အသူရာနှင့် သိကြားမင်းတို့ စစ်ခင်းနေသလို လျှပ်ပန်းလျှပ်နွယ်များလင်းလက်ကာ မိုးခြိမ်းသံများမှာလည်း တဂျိန်းဂျိန်းနှင့် အဆက်မပြတ် ထွက်ပေါ်နေလေတော့သည်။

          ‘... မကောင်းဆိုးဝါးကောင်..’

          လက်ထဲမှ ပစ္စတိုသေနတ်နှင့် ရော်ကီ၏ ဦးခေါင်းကို ထိုးချိန်လိုက်သည်။ ရော်ကီသည် ဦးစိန်လင်း၏ အပြုအမူများကို ရုတ်တရက် နားမလည်နိုင်သော်လည်း သူ့ကို ရန်ပြုမည့်သူတစ်ဦးဖြစ်ကြောင်း ရိပ်စားမိသွားသည်။ ဒိုဘာမင်ခွေးများသည် အသိဥာဏ်မြင့်မားသော ခွေးမျိုးဖြစ်ပြီး တိုက်ရည်ခိုက်ရည် အင်မတန်ကောင်းမွန်လှသော ခွေးကြီးများဖြစ်ကြလေသည်။

          ဂီး... ဂီး ဝုတ် ဝုတ်...။

          ရော်ကီသည် ပါးစပ်ကြီးကို အဆုံးစွန် ဖြီးပြီး ဦးစိန်လင်းကို တန်ပြန်မာန်ဖီကာ ဟိန်းဟောက်လိုက်သည်။

‘ခွေးတိရစ္ဆာန်။ မကောင်းဆိုး၀ါး မိစ္ဆာကောင်…’

မူးယစ်ရာဇာကြီး ပါးစပ်မှ ရော်ကီကို အော်ဟစ်ဆဲရေးလျက် သေနတ်ပြောင်း၀ကို ဒိုဘာမင်ခွေးကြီး၏ မျက်လုံးနှစ်လုံးကြားသို့တည့်အောင် ချိန်လိုက်သည်။ ရော်ကီသည် ရှေ့ခြေနှစ်ဘက်ကို နှိမ့်ချပြီး အစွယ်ကြီးများကို ဖြဲကာ တဂီးဂီးမာန်ဖီလျက် ဦးစိန်လင်းကို စူးစူး၀ါး၀ါးပြန်လည် မော့ကြည့်နေသည်။

‘ဂီးးးး ဂရားးးးး ဂရားးးး’

ခက်ထန်လှသည့် အမူအရာရှိသော ဧရာမခွေးကြီးသည် သူ၏ သန်မာလှသော နောက်ခြေထောက်ကြီး နှစ်ဘက်ကို မြေကြီးပေါ်တွန်းကန်လိုက်ပြီး ပစ္စတိုနှင့် ချိန်ထားသည့် ဦးစိန်လင်းကို လှစ်ကနဲ ခုန်အုပ်လိုက်လေသည်။

‘သေစမ်းကွာ ဒီခွေး’

… ဒိုင်း….

ပစ္စတိုသေနတ်မှ မီးပွင့်ထွက်သွားသည်။ ဒိုင်းကနဲ ထွက်ပေါ်လာသော သေနတ်သံသည် လေသံမိုးသံ မိုးခြိမ်းသံများ ဆူညံနေသည့်ကြားတွင် ကျယ်လောင်စွာ မြည်ဟိန်းသွားခဲ့လေသည်။

……………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#မျက်နှာ
#အခန်း
#အသက်
#လောက

Some text some message..