ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၃)
lotaya.mpt.com.mm
|
2022-05-13

ရော်ကီနှင့် သူ၏ သခင်မ

……………………….

‘ဒိုင်း’

… အား….။

ကျည်ဆံသည် ဒိုဘာမင်ခွေးကြီးရော်ကီ၏ လည်ပင်းဘေးမှ ကပ်ပြီး လွဲချော်ထွက်သွားသည်။ ရော်ကီသည် သူ့ကို ချိန်ထားသော ပစ္စတိုကိုင်ထားသည့် ဦးစိန်လင်း၏ လက်ကောက်ဝတ်ကို ခုန်ပြီး လှမ်းဟပ်လိုက်ခြင်းပင်။

          ‘အား... ။ မအေ..။’

          ပစ္စတိုသေနတ်သည် နံဘေးရှိ ခြုံထဲသို့ လွင့်ကျသွား၏။ ဦးစိန်လင်း သူ့လက်ကောက်ဝတ်ကို ကျန်လက်တစ်ဘက်နှင့် ဆုပ်ကိုင်ရင်း ရော်ကီကို ရွံရှာမုန်းတီးစွာ ကြည့်နေမိသည်။ ရော်ကီကလည်း ပါးစပ်ထဲရှိ အစွယ်ကြီးများ အားလုံးပေါ်အောင် မာန်ဖီပြီး ဦးစိန်လင်းကို ပြန်ကြည့်နေသည်။ သူ ဦးစိန်လင်းကို ခုန်အုပ်ပြီး လည်မျိုကိုကိုက်ကာ အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်နိုင်လေသည်။ ဦးစိန်လင်းသည်လည်း သူ့အသက်သေဆုံးရမည်ကို ရပ်စောင့်နေရသလိုပင်။ ပစ္စတိုသေနတ်လည်း မရှိတော့။ ခွန်အားခြင်း၊ သဘာဝခြင်း မမျှတသည့် သတ္တဝါနှစ်ကောင်။

          ဂါး.... ဝုတ်....။

          အား....။

          ရော်ကီ၏ မာန်ဖီကာ ဟိန်းဟောက်လိုက်သံကြီးကြောင့် ဦးစိန်လင်း ကြောက်လန့်ပြီး ဖင်ထိုင်လျက်လဲကျသွား၏။ သို့သော် ရော်ကီသည် ဦးစိန်လင်းကို မကိုက်ဘဲ သူ့ဦးခေါင်းပေါ်မှ ခုန်ကျော်ကာ ပွင့်နေသော ခြံတံခါးပေါက်မှ ထွက်ပြေးသွားလေသည်။ ဦးစိန်လင်း ခြုံပုတ်ကြားရှိ သေနတ်ကို အလျင်အမြန်ကောက်ကာ ရော်ကီ ထွက်ပြေးသွားရာဆီသို့ အပြေးလိုက်သွားမိသည်။ သို့သော် ရော်ကီ၏ အရိပ်အယောင်ကိုမျှ မမြင်ရတော့ချေ။

‘ဆရာကြီး ဘာဖြစ်သွားသေးလဲ’

ထိုအခါမှ အောင်သောင်းနှင့် စိုးသန်းတို့သည် ဂျစ်ကားပေါ်မှ အပြေးလာပြီး ဦးစိန်လင်းကို ထူလိုက်ကြသည်။ သူတို့အားလုံး မိုးရေများစိုရွှဲနေကြ၏။

‘လာဆရာကြီး ကျွန်တော်တို့ ဆရာကြီး လက်က အနာကို ဆေးထည့်ရမယ်’

‘အောင်သောင်း မင်းအခုပဲ ဆေးရုံပြန်။ ဘာတစ်ခုမှ မပေါက်ကြားစေနဲ့’

ဦးစိန်လင်းက သူ့တပည့်ကို ညွှန်ကြားလိုက်သည်။ စိုးသန်းက သူ့ကို တွဲပြီး အိမ်ထဲခေါ်သွားလိုက်သည်။ ရွှေသွားအောင်သောင်းသည် သူ့ဆရာ၏ မာစီဒီးကားကြီးကို မောင်းပြီး ဆေးရုံသို့ ပြန်လာခဲ့သည်။ သူသည် ကလေးကို သေချာမတွေ့ရသေး‌ပေ။ သို့သော် သူ့ထံတွင် တွေ့လိုစိတ်လည်း မရှိပေ။ အောင်သောင်းသည် ဦးစိန်လင်း၏ လူယုံတပည့်ရင်းတစ်ဦးဖြစ်သော်လည်း သူ့ဆရာ၏ အတွင်းရေးများကို စပ်စုလေ့မရှိ။ ထို့ကြောင့်လည်း ဦးစိန်လင်းက အောင်သောင်းကို ပိုပြီး ယုံကြည်ခြင်းဖြစ်သည်။

တကယ်တော့ အောင်သောင်း၏ စိတ်ထဲတွင် ယခုလို ပြဿနာ အကြီးကြီးတစ်ခု ဖြစ်ကို ဖြစ်ရမည်ဟု မျှော်လင့်ထားခဲ့ပြီးသားဖြစ်၏။ ထိုသို့ သူကြိုတင်တွေးထင်ထားခဲ့ရသည့် အကြောင်းရင်းလည်း ရှိလေသည်။ ပါးစပ်ထဲတွင် ရွှေသွားအပြည့်နှင့် လူမိုက်ကြီးသည် မိုးများသည်းထန်နေသော လမ်းမကြီးပေါ်တွင် ကားအကောင်းစားကြီးကို မောင်းရင်း အတိတ်ကို ပြန်ပြောင်း စဥ်းစားနေမိတော့သည်။

…………………………….

လွန်ခဲ့သော သုံးနှစ်ခန့်က။

တရုတ်နယ်စပ် အနှိပ်ခန်းတွင် တွေ့ခဲ့သော မိန်းမချောလေး မူယာကို ဦးစိန်လင်းသည် မြင်မြင်ချင်း ချစ်ကြိုက်သွားပြီး ရန်ကုန်သို့ အပါခေါ်ခဲ့ကာ လက်ထပ်ထိမ်းမြားယူခဲ့သည်။ ကိုယ်တိုင်က တစ်ကောင်ကြွက်ဖြစ်သော ဦးစိန်လင်းသည် သူ့ကဲ့သို့ပင် မိဘမဲ့ဖြစ်သော မူယာကို ပိုပြီး စာနာခဲ့သည်။ သူတို့၏ မင်္ဂလာဆောင်သည် ထိုစဥ်က မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးသော ပွဲကြီးတစ်ပွဲဖြစ်ခဲ့လေသည်။ နိုင်ငံကျော် မင်းသား မင်းသမီး အဆိုတော် မြောက်မြားစွာ တက်ရောက်ခဲ့ပြီး လူထုအကြား သူတို့၏ မင်္ဂလာပွဲဗီဒီယိုတိတ်ခွေကိုပင် လက်သိပ်ထိုး လှည့်လည်ကြည့်ရှုခဲ့ကြရသည်အထိပင်။

မူးယစ်ရာဇာကြီး ဦးစိန်လင်းသည် ယူပြီးခါစတွင် မယားချောလေးကို အင်မတန် ဂရုစိုက် ချစ်မြတ်နိုးဟန် ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့၏။ သူသည် မူယာနှင့် ပတ်သက်ပြီး အလွန်ပင် သ၀န်တိုတတ်လာသည်။ ပွဲလမ်းသဘင်များသွား၍ မူယာနှင့် အခြားယောကျ်ားတစ်ဦးဦးတို့ စကားပြောမိလျှင်ပင် အိမ်ပြန်ရောက်လျှင် မိန်းမလုပ်သူကို ပြဿနာရှာတတ်လာလေသည်။

‘နင် ဟိုမင်းသားနဲ့ တော်တော် အဆင်ပြေလာတယ်ပေါ့’

‘ရှင်.. အစ်ကိုကြီး’

‘ဘာအခုမှ ရူးချင်ယောင်ဆောင်နေတာလဲ။ နင်တော်‌တော် ယွနေလား’

‘အို.. အစ်ကိုကြီး။ မူယာ့ကို အဲလိုမပြောပါနဲ့’

‘ဘာလို့ မပြောရမလဲ။ နင့်ကို ငါ ဘယ်လိုယုံရမလဲ။ ငါနဲ့ မတွေ့ခင်တုန်းက ‌ယောကျ်ား ဘယ်နှယောက်နဲ့ ဖြစ်ခဲ့ပြီးပြီလဲ။ ပြောစမ်း မူယာ။ နင် အဲဒီအနှိပ်ခန်းမှာ ယောကျ်ား ဘယ်နှကောင်ကို ဖျော်ဖြေခဲ့လဲ’

သူတို့ အိမ်ကြီး၏ အတွင်းခန်းတွင် အော်ဟစ်ရန်ဖြစ်သံများကို ဧည့်ခန်းရှိ အောင်သောင်းသည် ရံဖန်ရံခါဆိုသလို ကြားနေမိခဲ့သည်။ ထိုသို့သော အချိန်များတွင် အောင်သောင်းသည် အခြားမည်သူမျှ တိုက်အတွင်းသို့ မလာရောက်စေရန် စောင့်ကြပ်ပေးခဲ့သည်။ ဦးစိန်လင်းသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး အတွင်းခန်းမှ ထွက်လာသည်။

‘တောက်။ ဒီမိန်းမ။ ကြာရင် ငါလက်ပါမယ်ကွာ’

အောင်သောင်း ဘာမှ မပြောဘဲ သူ့ဆရာ၏ အရိပ်အကဲကိုသာ စောင့်ကြည့်နေခဲ့သည်။

‘ဟေ့ကောင် အောင်သောင်း။ ငါ ဒီမိန်းမကို စိတ်မချဘူး’

‘ဟုတ်ကဲ့ဆရာကြီး’

‘မင်းရှိနေရင် တော်သေးတယ်။ ဒါပေမဲ့ ငါတို့က တခါတလေ ညအိပ်ညနေ ခရီးထွက်ရတာတွေ ရှိတယ်။ အဲဒါမျိုးကျရင် ငါစိတ်မချဘူးအောင်သောင်း’

‘ဟုတ်ကဲ့’

‘ငါတို့မရှိတဲ့အချိန် ခြံထဲကို လူစိမ်းမ၀င်နိုင်အောင် ခွေးကြီးတစ်ကောင်လောက် ၀ယ်ထားရင်ကောင်းမယ်’

‘ကျွန်တော် စုံစမ်းပေးရမလားဆရာကြီး’

‘မလိုဘူး အောင်သောင်း။ ငါ့အသိတစ်ယောက်ရှိတယ်။ သူ့ဆီမှာ ခွေးအမျိုးကောင်းတွေ ရှိတယ်ကွ’

ထိုအကြောင်းကို ယခုပြန်တွေးမိလျှင် ရွှေသွားအောင်သောင်း သက်ပြင်းချမိသည်။ သူသာ ထိုခွေးကို ၀ယ်ပေးသူ ဖြစ်ခဲ့ပါလျှင် ယခုအချိန် သူ့ကံကြမ္မာ မတွေး၀ံ့စရာပင်။

နောက်နှစ်ရက်ခန့်ကြာလျှင် ဦးစိန်လင်းသည် ထိုစဥ်က နှစ်နှစ်သားအရွယ်ရှိသော ဒိုဘာမင်ခွေးကြီး ရော်ကီကို အိမ်သို့ ခေါ်လာခဲ့လေသည်။ ရော်ကီသည် နှစ်နှစ်သားသာ ရှိသေးသော်လည်း အရပ်မှာ လူ့ခါးတစ်၀က်မျှ ရှိပြီဖြစ်သည်။ သူ၏ အမြီးနှင့် နားရွက်များကို ထိုခေတ်က ထုံးစံအတိုင်း တိုနေအောင် ဖြတ်ထားပြီးပြီ။ ဒိုဘာမင် ခွေးကြီးမျိုးဖြစ်သဖြင့် တစ်ကိုယ်လုံး မည်းပြောင်ကာ ကြောက်စရာကောင်းသော ခွေးကြီးတစ်ကောင်ဖြစ်နေခဲ့သည်။ မူယာသည် ရော်ကီရောက်စက ထိုခွေးကြီးကို ကြောက်လွန်းသဖြင့် အနားပင် အကပ်မခံခဲ့ချေ။ ဦးစိန်လင်းသည် တမင်ရည်ရွယ်ချက်ရှိရှိနှင့် ခြံလုံစေရန် ကြောက်စရာ အကောင်းဆုံး ဒိုဘာမင်ခွေးမျိုးကို ရွေးချယ်၀ယ်ယူခဲ့ခြင်းပင်။

သို့သော် သူတို့ မျှော်လင့်မထားခဲ့သည်မှာ ဒိုဘာမင်ခွေးမျိုးသည် သခင်အပေါ် အလွန်သစ္စာရှိပြီး မိသားစု၀င်များအပေါ် အလွန်သံယောဇဥ်တွယ်တတ်သော ခွေးမျိုးဖြစ်သည်ဆိုခြင်းပင်။ ရော်ကီသည် သူစိမ်းများနှင့်ဆိုလျှင် ခြံထဲမဆိုထားနှင့် ခြံရှေ့နားတွင် တရစ်၀ဲ၀ဲ လုပ်နေလျှင်ပင် အစွယ်ကြီးများကို ဖြဲပြီး အသားကုန် ထိုးဟောင် တတ်သော်လည်း မိသားစု၀င်များနှင့် အောင်သောင်းကဲ့သို့သော လူရင်းများနှင့် ဆိုလျှင်မူ ယုန်ငယ်လေးတစ်ကောင်ပမာ သိမ်မွေ့ပြီး လိမ္မာသော ခွေးကြီးတစ်ကောင်ဖြစ်ခဲ့သည်။

တစ်ရက်တွင် ဦးစိန်လင်းသည် မူယာကို ထုံးစံအတိုင်း အခြားယောကျ်ားတစ်ယောက်နှင့် စွပ်စွဲပြီး အကြီးအကျယ်ရန်လုပ်လေသည်။ အောင်သောင်းသည် တိုက်ရှေ့ ဆင်၀င်အောက်တွင် ကားရေဆေးရင်း အိမ်တွင်းမှ အသံများကို နားစွင့်နေမိသည်။ ရော်ကီက အိမ်ရှေ့ လှေကားထစ်ပေါ်တွင် ၀ပ်လျက်ရှိသည်။ ခဏကြာသော် အိမ်တွင်းမှ တဘုန်းဘုန်း တဒိုင်းဒိုင်းနှင့် ရိုက်နှက်သံများကို ကြားလိုက်ရသည်။ ဦးစိန်လင်း လက်ပါလေပြီ။ ရိုက်နှက်သံများနှင့်အတူ မူယာ၏ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာ၏။ ရော်ကီ၏ ဖြတ်ထားသဖြင့် တိုနေသော နားရွက်နှစ်ဘက် ဖြတ်ကနဲ လှုပ်သွားပြီး အိမ်တွင်းမှ အသံများကို အောင်သောင်းနှင့်အတူ နားစွင့်နေခဲ့သည်။ ထိုစဥ်မှာပင် အိမ်ရှေ့တံခါးကြီး ၀ုန်းကနဲ ပွင့်သွားပြီး ဦးစိန်လင်း ထွက်ပေါ်လာသည်။ သူ့မျက်နှာကြီးမှာ နဂိုထက်ပို၍ ညိုမှောင်နေပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ တရှူးရှူးတရှဲရှဲ ဖြစ်နေခဲ့သည်။

‘အောင်သောင်း ကားသော့ပေးစမ်းကွာ’

‘ဆရာကြီး ဘယ်သွားမလို့လဲ။ ကျွန်တော် လိုက်ပို့ပေးမယ်လေ’

‘ငါဘယ်သွားသွား မင်း ‌စောက်ပူပါလား။ မင်းဒီမှာနေခဲ့’

ဟုပြောပြီး အောင်သောင်းဆေးနေသော မာစီဒီးကားကို ၀ူးကနဲ ဆောင့်ကာ တရှိန်ထိုး မောင်းထွက်သွားသည်။ မဟုတ်မှလွဲရော စိတ်တိုတိုနှင့် အရက်သွားသောက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ သို့မဟုတ်လည်း သူသွားနေကျ တခြား မယားငယ်တစ်ဦးဦး၏ အိမ်သို့ သွားရောက်ခြင်းလည်း ဖြစ်နိုင်သည်။ ဦးစိန်လင်း ထွက်သွားလျှင် အောင်သောင်း မူယာ့အတွက် စိတ်ပူသွားမိသည်။ သူ အခြေအနေသွားကြည့်ရန် အိမ်ကြီးထဲသို့ ၀င်သွားလိုက်၏။ အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းကြမ်းပြင်တွင် လဲကျနေသော မူယာ့ကို တွေ့လိုက်ရသည်။ မိန်းကလေး၏ ဘယ်ဘက်မျက်ခုံးပေါ်မှ သွေးများစီးကျနေသည်။ သူမ၏ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ပြီး ငိုကြွေးနေရှာသည်။ လူမိုက်ကြီးတစ်ဦးဖြစ်သော အောင်သောင်း ရုတ်တရက် ဘာလုပ်ရမှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။

ထိုသို့ အောင်သောင်း ဘာလုပ်ရမှန်းမသိဖြစ်နေစဥ် သူ့နောက်မှ ၀င်လိုက်လာသော ရော်ကီသည် လဲကျနေသော မူယာ့ထံ အပြေးသွားပြီး သူ၏ ဦးခေါင်းကို မိန်းကလေးထံသို့ တိုးကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် မူယာ့မျက်နှာပေါ်တွင် စီးကျနေသော သွေးများကို သူ၏ လျှာကြီးနှင့် လျက်ပေးနေလေသည်။ မူယာသည် ရော်ကီ၏ လည်ပင်းကိုဖက်ပြီး ချုံးပွဲချ ငိုကြွေးလိုက်လေတော့သည်။

ထိုနေ့မှစပြီး မူယာနှင့် ရော်ကီတို့၏ ဆက်ဆံရေးသည် ပြောင်းလဲသွားခဲ့သည်။ ဒိုဘာမင်ခွေးများသည် သခင်များအားလုံးအပေါ်တွင် သစ္စာရှိသော်လည်း မိသားစုထဲမှ တစ်ဦးဦးကို ရွေးပြီး ခင်တွယ်တတ်သည့် သဘောရှိသည်။ ယခုအခါ သူ့ကို ဤအိမ်အတွင်းသို့ ခေါ်ဆောင်ခဲ့သူသည် ဦးစိန်လင်းဖြစ်သော်လည်း ရော်ကီသည် မူယာ၏ ခွေးတစ်ကောင် ဖြစ်သွားခဲ့လေပြီ။ ရော်ကီသည် မူယာ့ကိုသာ သူ၏ သခင်မအရင်း တစ်ယောက်သဖွယ် ပြုမူနေထိုင်လေတော့သည်။

စနေနေ့ညတစ်ညတွင် အောင်သောင်းသည် သူ့ဆရာနှင့် ဆရာကတော်တို့ကို မွေးနေ့ပါတီပွဲတစ်ခုမှ သွားကြိုပေးခဲ့သည်။ ဦးစိန်လင်းသည် ပါတီပွဲတွင် အရက်အလွန်အကျွံသောက်ခဲ့ပုံရပြီး အမူးလွန်နေသည်။ သူ့ပါးစပ်မှ အယုတ္တအနတ္တများ တချိန်လုံးဆဲရေးပြီး မူယာ့ကို ပါတီပွဲတစ်ခုလုံးရှိ ယောကျ်ားများနှင့် တရစပ် ပေးစားလာခဲ့သည်။ မူယာသည် အောင်သောင်း၏ ရှေ့တွင် ထိုသို့ အပြောခံရသဖြင့် တလမ်းလုံး တရှုံ့ရှုံ့ ငိုကြွေးကာ လိုက်ပါလာရရှာသည်။ ခြံထဲသို့ရောက်ပြီး ကားထိုးဆိုက်သည်နှင့် မူယာသည် ကားတံခါးကို အမြန်ဖွင့်ကာ ကားပေါ်မှ ဆင်းပြေးရန်ပြင်သည်။

‘သေနာမ။ နင်တော်တော် ငါ့ကို မုန်းနေတယ်ပေါ့ ဟုတ်လား။ ဒီလောက်တောင် သွားချင်နေတာ သွားစမ်းဟယ်’

ဟု ဦးစိန်လင်းသည် အော်ဟစ်ကာ ကားပေါ်မှ ဆင်းနေသော မူယာ၏ နောက်ကျောကို သူ့ခြေထောက်ကြီးနှင့် ဆောင့်ကန်ချလိုက်လေသည်။

‘အမလေး သေပါပြီတော့’

မိန်းကလေးသည် အကန်ခံရသဖြင့် ကားပေါ်မှ မြေကြီးပေါ်သို့ ဒလိမ့်ကောက်ကွေး ဟပ်ထိုးလဲကျသွားရှာသည်။

‘စောက်ကောင်မ။ သေဖို့သာပြင်’

ဟု ကြိမ်းမောင်းပြီး ဦးစိန်လင်းသည် ကားပေါ်မှ ဒေါသတကြီးဆင်းချလာသည်။ ထိုစဥ်မှာပင် ခြံထောင့်တစ်နေရာဆီမှ မည်းနက်သော အရိပ်ကြီးတစ်ခုသည် မူယာရှိရာသို့ လျင်မြန်စွာ ရွေ့လျားလာပြီး မြေကြီးပေါ်တွင် လဲကျနေသော မိန်းကလေး၏ ရှေ့တွင် မားမားကြီး ရပ်တန့်သွားလေသည်။

‘ဂီးးးး ဂီးးး ၀ုတ် ၀ုတ်...’

ရော်ကီသည် သူ့သခင်မရှေ့မှ ကာလျက် မူယာ့ကို ရိုက်နှက်ကန်ကျောက်ရန် ချဥ်းကပ်လာသော ဦးစိန်လင်းကို မာန်ဖီကာ အံတုလိုက်ခြင်းပင်။ အရက်မူးသဖြင့် ယိုင်ထိုးနေသော ပုဂ္ဂိုလ်ကြီးသည် ခက်ထန်စွာနှင့် သူ့အား မာန်ဖီကာ မော့ကြည့်နေသော ဧရာမခွေးကြီးကိုမြင်လျှင် အနည်းငယ် ထိတ်လန့်သွားသည်။

‘ဟာ။ ဒီခွေးတော့ နာတော့မယ်။ ငါ ကန်လိုက်ရ’

‘ဂီးးးး… ဂရီးးးးး….’

ဦးစိန်လင်း ရုတ်တရက် ကြောင်သွားသည်။ သူ့တသက်နှင့်တကိုယ် သူ့ကို ဖီဆန်ရဲသောသူနှင့် ရင်မဆိုင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ယခု တွေ့မဲ့တွေ့တော့ ထိုသူသည် လူမဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေသည်။ သူ အိပ်ပျော်နေရာမှ လန့်နိုးသလိုဖြစ်သွားသည်။ ရုတ်တရက် သူမှားမှန်းသိသွား၏။ အမှားဘက်ရောက်နေခြင်းက သူ့မာန်စွယ်ကို ပိုကျိုးသွားစေသည်။

‘ကောင်မ။ နင့်ခွေးကယ်လိုက်လို့ နင်ကံကောင်းသွားတယ်မှတ်ပါ’ ဟု ဆောင့်ကြီးအောင့်ကြီးပြောပြီး ဒယိမ်းဒယိုင်နှင့် အိမ်ထဲသို့ ၀င်သွားလေသည်။

‘ရော်ကီရယ်။ ငါ့အဖြစ်က ဆိုးပါတယ်ဟယ်’

မူယာသည် ရော်ကီကို ဖက်ပြီး ငိုကြွေးပြန်လေသည်။ အောင်သောင်း သတိထားမိသည်မှာ မူယာသည် အခြားသော ခွေးပိုင်ရှင်များကဲ့သို့ ရော်ကီ့ကို ‘သား’ ဟု ခေါ်‌ဝေါ်ခြင်း မရှိချေ။ မူယာသည် သူမ၏ ခွေးကို ကလေးတစ်ယောက်လို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို သဘောမထားဘဲ သူငယ်ချင်း မိတ်ဆွေတစ်ယောက်လို သဘောထားခဲ့သည်။ မူယာနှင့် ရော်ကီတို့ ပိုပြီး ရင်းနှီးလာသလောက် ဦးစိန်လင်းနှင့် ရော်ကီတို့၏ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်လာခဲ့သည်။ သို့သော် ဦးစိန်လင်းသည် သူ့အိမ်နှင့် ခြံကို လုံခြုံအောင် စောင့်ရှောက်နိုင်သော ရော်ကီကို ရန်မလုပ်ဘဲနေခဲ့၏။ သူ့စိတ်ထဲတွင် မူယာ့အနီးသို့ အခြားယောကျ်ားများ မကပ်နိုင်လျှင် ပြီးရောဟုသာ သဘောထားခဲ့လေသည်။

တဖြည်းဖြည်းနှင့် ဦးစိန်လင်းသည် မူယာ့ကို အိမ်ထဲမှ အိမ်ပြင်သို့ အထွက်မခံတော့ချေ။ ယခင်က သူအပြင်သွားလျှင် ပါတီပွဲများ ဧည့်ခံပွဲများသွားလျှင် မူယာ့ကို ခေါ်ထုတ်သွားတတ်သော်လည်း ယခုမူ သူ့မိန်းမကို ဘယ်သို့မျှ သွားခွင့်မပြုတော့။ မူယာသည် ဦးစိန်လင်း၏ ဧရာမ တိုက်ကြီးထဲတွင် အကျဥ်းသားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေတော့သည်။ သူမသည် နေ့စဥ်နှင့်အမျှ မျက်ရည်နှင့် မျက်ခွက်သာလျှင် ရှိတော့၏။ လူယုံတော်အောင်သောင်းသည် ထိုမတရားမှုကို နေ့စဥ်နှင့်အမျှ တွေ့မြင်နေရသော်လည်း မည်သို့ ကူညီရမှန်းမသိခဲ့ချေ။ သူသည် လူမိုက်တစ်ဦးသာဖြစ်ပြီး အိမ်ထောင်ရေး လူမှုရေးများကို နားမလည်ခဲ့ချေ။ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများကို နားလည်ရန်မူ ပို၍ပင် ‌ဝေးပေသေးသည်။

ထို့အပြင် အောင်သောင်းသည် တစုံတခုကို ရိပ်မိသလိုလို ရှိလာခဲ့သည်။ သူသည် အတွင်းလူတစ်ယောက် ဖြစ်သဖြင့် အားလုံးကို သိနေခဲ့သည်။ အိမ်ကြီးထဲသို့ လူ၀င်လူထွက်၊ အချိန်ဇယားများကို အမြဲလိုလို အလွတ်ရနေခဲ့သည်။ သူ ရိပ်မိလာသောအရာမှာ အချို့သော နေ့လယ်ပိုင်းများတွင် ဦးစိန်လင်း အိမ်တွင်မရှိသော အချိန်များ၌ မူယာသည် ရော်ကီ့ကို တိုက်ကြီးအတွင်းသို့ ခေါ်ခေါ်သွင်းထားတတ်ခြင်းပင်။ အောင်သောင်းသည် ပထမတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့သာ ရှိခဲ့သော်လည်း နောက်ပိုင်း သတိထားမိဖန်များသော် စိတ်ထဲတွင် တမျိုးဖြစ်လာလေသည်။ သို့သော် သူသည် ဘာကို တွေးထင်လို့ တွေးထင်ရမှန်း မသိခဲ့ချေ။ အစတွင်တော့ သူ့စိတ်ထဲတွင် မူယာသည် ဦးစိန်လင်း မရှိသည့် အချိန်များ၌ ရော်ကီကို အိမ်ထဲသို့ ခေါ်သွင်းကာ အစားကောင်း အသောက်ကောင်းများ၊ အသားစိမ်း ငါးစိမ်းများကို ခိုးကြွေးနေခြင်းပင် ဖြစ်မည်ဟု ထင်ခဲ့မိသည်။ သို့သော် အောင်သောင်း၏ ထိုတွေးထင်ချက်များသည် တစ်နေ့တွင်မူ လုံး၀ကို ပြောင်းလဲသွားခဲ့လေတော့သည်။

ထိုနေ့က နေ့လယ်ခင်း နေပြင်းသဖြင့် အောင်သောင်း အိမ်ရှေ့တံခါးမကြီးနားရှိ အရိပ်ထဲတွင် ကော်ထိုင်ခုံတစ်လုံးချပြီး ‌ဆေးပြင်းလိပ် ထိုင်ဖွာနေခဲ့သည်။ ဦးစိန်လင်းသည် အစည်းအ‌ဝေး တစ်ခုသွားတက်နေရသည်။ အောင်သောင်းလိုက်ရန်မလိုအပ်သော အစည်းအ‌ဝေးမျိုးဖြစ်သည်။ သူသည် စွပ်ကျယ်လက်ပြတ်ကို ၀တ်ပြီး ဆေးပြင်းလိပ်ကြီးကို ဇိမ်ခံဖွာလျက် မျက်လုံးများမှေးစင်းကာ ထိုနေ့ည ဘယ်ဟိုတယ်တက်ပြီး ပျော်ပါးရမည်ကို ကြိုတင်စဥ်းစား စိတ်ကူးယဥ် နေခဲ့သည်။ ထိုစဥ်မှာပင် တိုက်ကြီးထဲမှ အသံတစ်ခုကို အောင်သောင်း ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

… အဲ့...အဲ့.. အိ.. အိ….

ထိုအသံသည် ခွေးသံဖြစ်သည်။ သို့သော် ခွေးဟောင်သံမဟုတ်ချေ။ ခွေးတစ်ကောင် အသက်ငင်နေသည့် အသံမျိုး။ အောင်သောင်း ထိတ်လန့်သွားမိသည်။ သူ ထိုင်ရာမှ ရုတ်တရက်ထပြီး ခြံထဲပတ်ကာ ရော်ကီကို လိုက်ရှာသည်။ မတွေ့။

ရော်ကီ တစ်ခုခုများဖြစ်နေပြီလား။ အိမ်ထဲမှာ အစာအဆိပ်သင့်ပြီး အသက်ငင်နေပြီလား။

အောင်သောင်း ထိုင်ရာမှထပြီး အိမ်ထဲသို့ ၀င်လာခဲ့သည်။ ဧည့်ခန်းတွင် ဘယ်သူမှမရှိ။ သူ မီးဖိုချောင်ထဲသို့၀င်သွားကြည့်လိုက်သည်။ မီးဖိုထဲတွင် ဘယ်သူမျှမရှိ။ အိမ်နောက်ဘက်ရှိ ရေချိုးခန်းထဲတွင် ဒေါ်ကြီးငွေ အ၀တ်လျှော်နေပုံရသည်။ ရေလောင်းသံ အ၀တ်ရိုက်သံများကို ကြားနေရ၏။

… အဲ့.. အဲ့… ဂီးးး ဂီးးး….

ယခင် သူကြားရသောအသံသည် အိမ်ကြီး၏ အပေါ်ထပ် အိပ်ခန်းအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ရော်ကီသည် အပေါ်ထပ်တွင် ဘာလုပ်နေသနည်း။ အောင်သောင်း၏ ခြေထောက်များက အလိုလျောက် တိုက်ကြီး၏ အလယ်တွင်ရှိသော လှေကားမှတဆင့် အပေါ်ထပ်သို့ တက်သွားကြသည်။ ယခုအခါ ထိုအသံသည် ပိုပြီး ထင်ရှားလာသည်။ လူမိုက်ကြီး၏ နှလုံးခုန်သံများ ပိုမြန်လာ၏။ အောင်သောင်း ဘ၀တွင် လူ့အသက်ပေါင်းများစွာကို သတ်ခဲ့ဖူးသော်လည်း ယခုလောက် စိတ်လှုပ်ရှားခြင်းမရှိချေ။ အိပ်ခန်းအတွင်းမှ ထွက်နေသော အသံသည် တိရစ္ဆာန်တစ်ကောင်၏ အသံတစ်မျိုးထဲမဟုတ်ကြောင်း သူ သိရှိလိုက်ရသည်။ ထိုအသံသည် တိရစ္ဆာန်နှင့် လူသံ နှစ်သံပေါင်းပြီး ထွက်နေခြင်းပင်တည်း။

အောင်သောင်း စေ့ထားသော အိပ်ခန်းတံခါးကို အသာတွန်းကာဖွင့်ကြည့်လိုက်၏။ သူ့မျက်လုံးများ ပြာ‌ေ၀သွားသည်။ သူ့ဘ၀တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဤမျှအထိ အဖြစ်ဆိုးအောင် မည်သို့သော တွန်းအားတွေကများ တွန်းပို့လိုက်ပါသနည်း။ သူ ဘာကြောင့်များ ဤအဖြစ်ကို လျစ်လျူပြုခဲ့မိပါသနည်း။ အောင်သောင်း၏ စိတ်ထဲတွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့နှင့်အတူ ရွံရှာစက်ဆုတ်ခြင်း၊ သနားခြင်း၊ ၀မ်းနည်းခြင်း၊ နောင်တရခြင်း စသည့် ခံစားမှုပေါင်းများစွာသည် တချိန်တည်းတွင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့လေတော့သည်။

…………………………………….

ရွှေသွားအောင်သောင်း မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ကျွန်တော် ပြန်ရေးပြရန် လက်တွန့်နေခဲ့မိသည်။ ထိုမြင်ကွင်းသည် စာရေးဆရာတစ်ယောက်အနေနှင့် ကွက်ကွက်ကွင်းကွင်း မရေးပြသင့်သော အကြောင်းအရာမျိုးဟု ကျွန်တော် ခံစားမိသောကြောင့်ပင်။ ထို့ကြောင့် ကျွန်တော်သည် ဤအဖြစ်အပျက်ကို ဖော်ပြရာ၌ စာရေးဆရာက ရေးသားပြခြင်းမျိုးမဟုတ်ဘဲ ဦးအောင်သောင်း ကျွန်တော့်ကို ပြောပြခဲ့သည့်အတိုင်းသာ ပြန်ရေးပြရန် ဆုံးဖြတ်လိုက်ရပါသည်။

………………………………….

ဦးအောင်သောင်းသည် အသက်ကို မျှင်းရှူရင်း လူနာကုတင်ပေါ်တွင် လှဲနေလျက်က သူ၏ ဘ၀ဇာတ်ကြောင်းကို ကျွန်တော့်အား ပြောပြနေခဲ့သည်။ ပြတင်းပေါက်အပြင်မှ မာကျူရီမီးရောင်နှင့် လရောင်ဖျော့ဖျော့တို့သည် အဘိုးအို၏ မျက်နှာပေါ်သို့ ထိုးကျနေသည်။ ဤပုဂ္ဂိုလ်သည် အခြားလူ့အသက်ပေါင်း များစွာကို သတ်ခဲ့သူဖြစ်သည်။ ယခုမူ သူ့ဘ၀၏ နောက်ဆုံးအချိန်သို့ ရောက်နေလေပြီ။ ဘာသာရေးယုံကြည်မှုအရဆိုလျှင် ဦးအောင်သောင်းသည် ငရဲပြည်သို့ သွားရမည့်သူတစ်ဦးဖြစ်သည်။ သို့သော် သူသည် ငရဲကျမည်ကို စိတ်မပူဘဲ သူထိုနေ့က တွေ့မြင်ခဲ့ရသည်ကိုသာ ကျွန်တော့်အားပြောပြရန် စိတ်အားထက်သန်နေခဲ့လေသည်။

‘ဒေါက်တာရော ကျွန်တော်ရော - မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ ကြီးလာကြတာဆိုတော့ လမ်းဘေးမှာ ခွေးတွေ မိတ်လိုက်တာကို တွေ့ဖူးကြမှာပေါ့။ ခွေးနှစ်ကောင် ဖင်ချင်းပူးပြီး တဂိန်ဂိန်နဲ့ အော်နေတာကို လူတိုင်းလိုလို တခါမဟုတ် တခါတော့ တွေ့ဖူးကြမှာပဲမဟုတ်လား ဒေါက်တာ’

‘တွေ့ဖူးပါတယ် အန်ကယ်။ အထူးသဖြင့် သူတို့ မိတ်လိုက်တဲ့ ရာသီတွေမှာ တွေ့ဖူးကြတာပဲ။ တချို့ စိတ်ပုတ်တဲ့လူတွေဆို အဲလိုဖြစ်နေတဲ့ ခွေးတွေကို ရေနဲ့ ပက်ပြီး မောင်းထုတ်ကြတာတောင်ရှိတယ်’

ကျွန်တော် စကား၀င်ထောက်ပေးလိုက်သည်။ ဦးအောင်သောင်း သူ့ဇာတ်လမ်းကို ပြောပြနေသည်မှာ တစ်နာရီနီးပါးမျှရှိလေပြီ။ အပြင်ဘက်တွင် လန်ဒန်မြို့ကြီး၏ညသည် ဆိတ်ငြိမ်နက်ရှိုင်းလွန်းနေ၏။

‘ဟုတ်တယ် ဒေါက်တာ။ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီလို ရေနဲ့ပက်လည်း သူတို့က ကွဲမသွားဘူး။ ဆက်လျက်ကြီးမဟုတ်လား ဒေါက်တာ။ အဲဒါကို ကျွန်တော် တွေ့ဖူးပေမဲ့ ဘာကြောင့်မှန်းမသိခဲ့ဘူး။ အဲဒီ့နေ့… အဲဒီ့နေ့က ကျွန်တော့်ဆရာကြီးရဲ့ အိပ်ခန်းထဲမှာ ဖြစ်နေတာကို တွေ့လိုက်မှပဲ ကျွန်တော် အဲဒါကို သေချာနားလည်သွားတော့တယ် ဒေါက်တာ….’

ကျွန်တော် ဘာမှ ပြန်မပြောဖြစ်။ ကျွန်တော့်ရင်ခေါင်းထဲတွင် တမျိုးကြီးဖြစ်လာသည်။

‘ဆရာကြီးရဲ့ မိန်းမဟာ… အဲဒီ့နေ့မှာ လူ.. လူတစ်ယောက်မဟုတ်တော့ဘူး ဒေါက်တာ။ လူစိတ်လည်း ရှိပုံမရတော့ဘူး။ ဒီမိန်းကလေးဟာ ကျွန်တော် တွေ့ဖူးသမျှထဲမှာ အချောဆုံး အလှဆုံး မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော်ဟာ ယောကျ်ားတစ်ယောက်ပါ ဒေါက်တာ။ ကျွန်တော့်မှာလည်း သွေးသားဆန္ဒတွေရှိခဲ့ပါတယ်။ နေ့တိုင်းလိုလို နီးနီးကပ်ကပ်နေခဲ့ရတဲ့ ကျွန်တော်အနေနဲ့ သူ့အပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးဘူးလို့တော့ ဗြောင်မလိမ်ချင်ပါဘူး။ ဒါပေမဲ့ အဲဒီ့နေ့ နောက်ပိုင်းမှာတော့ ကျွန်တော် သူ့အပေါ်မှာ အဲဒီလို စိတ်မျိုး ဘယ်လိုမှ ထပ်မပေါ်တော့ဘူး ဒေါက်တာ။

ဒါဟာ ကျွန်တော် သူ့ကို အထင်သေးသွားတာလည်း မဟုတ်ပါဘူး။  သူ့ကို အပြစ်တင်တာလည်း မဟုတ်ဘူး။ မူယာ့မှာ အပြစ်မရှိဘူး။ ရော်ကီ့မှာလည်း အပြစ်မရှိဘူး။ ရော်ကီဟာ ခွေးတစ်ကောင်ပါ။ ခွေးဆိုတာ သခင့်စကားကို နားထောင်ရတယ်။ သခင်ခိုင်းတာကို လုပ်ရတယ်။ သူ့ရဲ့ သခင်မ မူယာဟာ ကျွန်တော့်ဆရာကြီးရဲ့ ဒဏ်ကြောင့် စိတ်ဓာတ်တွေ ဖောက်ပြန်သွားတာလို့ပဲ ပြောရမယ် ဒေါက်တာ….’

ဦးအောင်သောင်း ပြောနေရင်းမှ မျက်ရည်များ၀ဲလာသည်။

‘ခွေးတွေ မိတ်လိုက်ရင် ဘာလို့ ဖြုတ်လို့မရတာလဲဆိုတာ ကျွန်တော် အဲဒီ့နေ့ကမှ ရှင်းရှင်းကြီး တွေ့လိုက်ရတယ်ဒေါက်တာ။ ကျွန်...ကျွန်တော့်ရဲ့ ဒီမျက်လုံးတွေနဲ့ တွေ့လိုက်ရတယ် ဒေါက်တာ… ဘုရား ဘုရား။ ဘုရားကယ်ပါ’

သူ့အသံကြီး တိမ်၀င်သွားပြီး အဘိုးအိုသည် တကိုယ်လုံး တသိမ့်သိမ့်တုန်ကာ ငိုကြွေးလေတော့သည်။ ကျွန်တော် ဦးအောင်သောင်း၏ လက်မောင်းတဘက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်ရသည်။ ကျွန်တော့်ရင်ထဲတွင် အော်ဂလီဆန်လာသည်။ ချက်ချင်းပင် ထိုနေရာမှ ထထွက်သွားချင်လာသည်။ ကျွန်တော့် အိမ်ရှိ နွေးထွေးသက်သာသော အိပ်ရာကို သတိရမိလာသည်။

‘ငါဘာလို့ ဒီလောက်ကျက်သရေတုန်းလှတဲ့ ဇာတ်လမ်းကြီးကို ဆက်ပြီး နားထောင်နေရတာလဲ’ ဟုလည်း ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလေသည်။ သို့သော် ကျွန်တော်သည် သေလုဆဲ အဘိုးအိုတစ်ဦးကို စကားဖြတ်ပြီး ထထွက်မသွားရက်ချေ။ ထို့ပြင် ပိုပြီးထူးဆန်းသည်မှာ ဦးအောင်သောင်း ပြောပြနေသော ဇာတ်လမ်းကြီးသည် ရွံရှာဖွယ်ကောင်းလှသော်လည်း ကျွန်တော့်စိတ်ကို ဆွဲငင်ညှို့ယူထားသလို ရှိနေလေသည်။ ကျွန်တော်သည် ရှေ့ဘာဆက်ဖြစ်မည်ကို သိချင်နေမိခဲ့သည်။ အဘိုးအိုသည် အသက်ကို နား၍ ရှူလိုက်ပြီး သူ၏ ဇာတ်လမ်းကို ဆက်လက်ပြောပြခဲ့လေသည်။

…………………………………………

အောင်သောင်း အိပ်ခန်းတံခါးကို ပြန်ပိတ်ကာ အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ သူသည် အိပ်မက်ထဲတွင် လမ်းလျှောက်နေရသူလို ခံစားနေခဲ့ရသည်။ သူ၏ ခြေဖျားလက်ဖျားများ အေးစက်ပြီး တကိုယ်လုံး တုန်ရီနေခဲ့သည်။ အောင်သောင်းသည် တဖြည်းဖြည်းနှင့် တုန်လှုပ်နေရာမှ ဒေါသများ အလိပ်လိုက်ထွက်လာသည်။ သူ တစ်ခုခုကို ပေါက်ခွဲပစ်လိုက်ချင်စိတ်များ ပေါ်လာသည်။ မတရားမှုအပေါ် ခံပြင်းစိတ်။ သနားစိတ်။ လက်တုံ့ပြန်လိုစိတ်။ သို့သော် သူကိုယ်တိုင်သည်ပင် ဦးစိန်လင်း၏ ခွေးတစ်ကောင်လို ဖြစ်နေသည်မဟုတ်ပါလား။ ခွေးများသည် သခင်က ဘယ်လောက် နှိပ်စက်နှိပ်စက် သခင်ကို ပြန်ကိုက်ဖို့ရန် ခဲယဥ်းတတ်လေသည်။ မူယာသည် ရော်ကီ၏ သခင်မဖြစ်သလို - ဦးစိန်လင်းသည်လည်း အောင်သောင်း၏ သခင်တစ်ပါးပင် မဟုတ်ပါလား။

သူသည် သူ့ဆရာအပေါ်၌ သစ္စာရှိလွန်းသော လူယုံတစ်ဦးဖြစ်သော်လည်း ထိုနေ့က တွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဦးစိန်လင်းအား ပြန်ပြောမပြခဲ့ချေ။ မူယာ၏ ဘ၀သည် လူ့အခွင့်အရေး ဆုံးရှုံးခဲ့ပြီဖြစ်သည်။ သူမ၏ ပတ်၀န်းကျင်မှ လူများသည် သူမကို လူတစ်ယောက်လို မဆက်ဆံခဲ့။ အကျဥ်းသား တစ်ယောက်လို ကျွန်တစ်ယောက်လို ဆက်ဆံခဲ့သည်။ ထိုကဲ့သို့ ချောင်ပိတ်ခံထားရ၍ ထွက်ပေါက်ရှာသော မိန်းကလေးတစ်ယောက်ကို သူသည်ထက်ပိုပြီး ဒုက္ခမရောက်စေလိုခဲ့ချေ။

ထိုနေ့မှစပြီး အောင်သောင်းသည် မူယာနှင့် ရော်ကီတို့၏ ဆက်ဆံရေးကို လျစ်လျူပြုခဲ့သည်။ မသိချင်ယောင်ဆောင်ခဲ့သည်။ လွန်ခဲ့သော ခြောက်လခန့်က မူယာ ကိုယ်၀န်ရှိသည်ဟု သတင်းကြားရလျှင် အောင်သောင်းသည် မိန်းကလေးအတွက် အမှန်ပင် ၀မ်းမြောက်ခဲ့၏။ မူယာ ဒုက္ခတွင်းမှ လွတ်ပြီဟု သူထင်ခဲ့မိသည်။ ကလေးရခဲ့ပါက ဦးစိန်လင်း၏ မနာလို၀န်တိုမှုများ ရပ်တန့်သွားပြီး မူယာတစ်ယောက် အကျဥ်းသားဘ၀မှ လွတ်မြောက်လိမ့်မည်ဟု သူ မျှော်လင့်မိခဲ့သည်။

ယခုမူ အောင်သောင်း၏ မျှော်လင့်ချက်များ ပျောက်ကွယ်သွားလေပြီ။ အဆိုးဆုံး အဖြစ်အပျက်ကြီး ဖြစ်သွားခဲ့ပြီ။ သူမယုံကြည်နိုင်ခဲ့။ လူနှင့် ခွေး မျိုးစပ်၍ ရနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ဘုရားကျောင်းကန်များတွင် မနုဿီဟကဲ့သို့သော လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တ၀ါများမှာ လက်တွေ့လောကတွင် တကယ်ရှိလိမ့်မည်ဟု သူတကယ်ပင် စိတ်မကူးမိခဲ့ချေ။ သို့သော် ယခု အမှန်ဖြစ်ခဲ့လေပြီ။ သူမကြာမီ မိနစ်ပိုင်းအတွင်း ရောက်ရှိတော့မည့် ဆေးရုံအခန်းထဲတွင် မူယာနှင့် ရော်ကီတို့ မိတ်လိုက်ခဲ့သဖြင့် ပေါက်ဖွားခဲ့သော ကလေးငယ်ကလေးကို သူတွေ့ရပေတော့မည်။ ထိုကလေးငယ်၏ အနှီးထဲမှ ထွက်နေသော နီတြာရဲနေသည့် အမြီးလေးကိုတော့ သူတွေ့လိုက်ရသည်။ ထိုအမြီးလေးသည် တလှုပ်လှုပ်ဖြစ်နေသည်။ ထိုသတ္တ၀ါလေးသည် အသက်ရှင်နေသည်။ ထို လူတစ်ပိုင်း ခွေးတစ်ပိုင်း မွေးကင်းစ အကောင်ကလေးသည် တဖြည်းဖြည်း ကြီးလာဦးမည်လား။ ထိုအကောင်လေးကို မူယာသည် နို့ချိုတိုက်ကျွေးပြီး ရင်သွေးငယ်တစ်ဦးအဖြစ် ကျွေးမွေးစောင့်ရှောက်မည်လား။

သို့မဟုတ် - သို့တည်းမဟုတ် - သူ့ဆရာကြီး ဦးစိန်လင်း၏ အလိုအတိုင်း လူမိုက်ကြီး အောင်သောင်းသည် ထိုအပြစ်မဲ့သော ကလေးငယ်လေး၏ ဦးခေါင်းထဲသို့ ကျည်ဆံတစ်တောင့်ပစ်သွင်းကာ ထို လူသားစစ်စစ်မဟုတ်သော်လည်း လူသားမိန်းမတစ်ဦး၏ သားအိမ်ထဲမှ မွေးထုတ်လိုက်သည့် ကလေးငယ်လေး၏ ဘ၀ကို အဆုံးစီရင် ပစ်လိုက်ရမည်လား။

သူ့ရင်ထဲတွင် တစ်ဆို့စွာ ခံစားနေရသည်။ သူ့ရှေ့ရှိ ကတ္တရာလမ်းမကြီးပေါ်တွင်တော့ မိုးများသည်းထန်စွာ ရွာသွန်းထားသဖြင့် ရေများဖုံးလွှမ်းနေလေတော့သည်။

…………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#မိန်းကလေး
#အသက်
#မာန
#လောက

Some text some message..