ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၄)
lotaya.mpt.com.mm
|
2022-05-14

ကြမ္မာဆိုး

…………….

အောင်သောင်း ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ သီးသန့်လူနာဆောင်သို့ ပြန်ရောက်သွားလျှင် အခန်းထဲတွင် ဆရာ၀န်နှင့် သူနာပြုတို့ ရှိသေးသည်ကို တွေ့လိုက်ရသည်။ ဦးစိန်လင်းသည် မူယာ့ကို ကြည့်ရှုစောင့်ရှောက်ရန် ဆရာ၀န် သူနာပြုတို့ကို ငွေကြေးမြောက်မြားစွာပေးကာ အချိန်ပြည့် ရှိနေစေခဲ့၏။ အသပြာမက်၍ အလုပ်လက်ခံခဲ့သော ထိုဆရာ၀န်နှင့် သူနာပြုတို့မှာ ယခုအခါ မျက်စိမျက်နှာများ အကြီးအကျယ် ပျက်နေကြပြီး နောင်တအကြီးအကျယ် ရနေကြလေပြီ။ သို့သော် သူတို့မှာ ဦးစိန်လင်းကို ကြောက်လှသဖြင့် ယခုမှ ထွက်ပြေးရန် မ၀ံ့ရဲတော့ပဲ အခန်းထဲတွင်ပင် ဆက်နေနေကြသည်။ ဒေါ်ကြီးငွေသည် ကုတင်ပေါ်ရှိ မူယာ့ကို ကြက်သားစွပ်ပြုတ်တိုက်ကြွေးလျက်ရှိသည်။ အခန်းထောင့် ပုခက်ကုတင်ထဲတွင်တော့ …… ရွှေသွားအောင်သောင်း ထိုနေရာသို့ မကြည့်မိအောင် မျက်နှာကို လွှဲထားရလေသည်။

သူအခန်းထဲ၀င်သွားလျှင် အခန်းထဲရှိလူအားလုံးက ဦးစိန်လင်းပါလာမည်အထင်နှင့် အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။

‘ကိုအောင်သောင်း... အစ်ကိုကြီးရောဟင်’

သူမပါးစပ်မှ ဦးစိန်လင်းကို မေးလိုက်သော်လည်း သူမစိတ်ထဲတွင် သိလိုသည်မှာ တခြားဟု အောင်သောင်း ရိပ်စားမိလေသည်။ မူယာသိလိုသည်မှာ ဦးစိန်လင်း ရော်ကီ့ကို ဘာလုပ်လိုက်သလဲ ဆိုသည်ကိုပင်။ အောင်သောင်း မူယာ့အမေးကို ချက်ချင်းပြန်မဖြေဘဲ -

‘ခဏလေး မမူယာ။ ကျွန်တော် ပြောပြမယ်’ ဟု ပြန်ပြောပြီး ဆရာ၀န်ထံ ချဥ်းကပ်သွားကာ တင်းမာခက်ထန်သော လေသံတိုးတိုးနှင့် -

‘ဒီမယ် - မင်းငါပြောတာ နားထောင်။ လူနာနဲ့ ကလေးကို ငါအိမ်ပြန်ခေါ်သွားမယ်။ ဒါပေမဲ့ ဒီအတိုင်းဆို မိန်းကလေးက ပေးခေါ်မှာ မဟုတ်ဘူး။ မင်း အဆင်ပြေအောင် ပြောပေးပါ’

ဟု အမိန့်ပေးလိုက်သည်။ ဆရာ၀န်လည်း ကြောက်ကြောက်နှင့် ခေါင်းညိတ်ပြသည်။ ထို့နောက်မှ အောင်သောင်းသည် မူယာ့ဘေးတွင် ၀င်ထိုင်လိုက်ပြီး -

‘ဆရာကြီး အိမ်မှာ နားနေတယ် မမူယာ။ ဘာမှ မပူပါနဲ့ အားလုံး အဆင်ပြေပါတယ်’

မူယာသည် အောင်သောင်းမျက်နှာကို မ၀ံ့မရဲကြည့်ကာ တခုခုပြောချင်နေသည်။ လူမိုက်ကြီး အောင်သောင်း ဆက်ပြီး သည်းမခံနိုင်တော့။ သူသည် ပြောစရာရှိလျှင် ‌ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ ဒဲ့ဒိုးပြောချလိုက်ရမှ ကျေနပ်သူတစ်ဦးဖြစ်လေသည်။ ယခုလည်း သူ စကားကို သွယ်၀ိုက်မနေတော့ဘဲ -

‘ရော်ကီ ခြံထဲက ထွက်ပြေးသွားတယ်။ အခု ဘယ်မှာလဲ မသိဘူး’

ထိုသို့ပြောပြီးလျှင် သူ့စိတ်ထဲတွင် တမျိုးကြီးဖြစ်သွား၏။ သူသည် ဤကိစ္စကြီး တစ်ခုလုံးတွင် အလိုတူအလိုပါကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် ဘာကြောင့် ဒီခွေးနှင့် ဒီမိန်းမဘက်က ကာပြီးလိုက်ပြောပေးနေရသနည်း။ ထိုစဥ်မှာပင် ဆရာ၀န် ကုတင်နားသို့ ချဥ်းကပ်လာပြီး -

‘မမူယာ - ကျွန်တော် အခု ကြည့်ရသလောက်ကတော့ မမူယာရဲ့ အခြေအနေ အားလုံးကောင်းပါတယ်။ သွေးလွန်တာမျိုးလည်းမရှိဘူး။ သွေးပေါင်ချိန်၊ အပူချိန် အကုန်ကောင်းတယ်။’

‘က.. ကလေးကရောရှင်’

ဆရာ၀န် ခပ်ဆိုင်းဆိုင်း ဖြစ်သွားပြီးမှ -

‘ကလေးကတော့ မမူယာ တွေ့ပြီးတဲ့အတိုင်းပဲ ခြောက်လနဲ့ မွေးတာဆိုတော့ အသက်ရှင်ဖို့ မလွယ်ဘူးဗျာ’

‘ရှင်.. ဆရာတို့ ဘာမှ လုပ်မပေးနိုင်တော့ဘူးလား’

‘ခြောက်လနဲ့မွေးတဲ့အပြင် ကလေးမှာ တခြား ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေလည်း ပါတယ်ဆိုတော့ တကယ်ကို မလွယ်ပါဘူး။ သိပ်မကြာမီမှာပဲ သေဆုံးသွားဖို့များပါတယ်။ အကောင်းဆုံးကတော့ မမူယာ အိမ်ကိုပြန်နားတာပဲ ကောင်းပါလိမ့်မယ်ခင်ဗျ’

ဆရာ၀န်စကားဆုံးလျှင် မူယာ ရှိုက်ကြီးတငင်ငိုကြွေးလေသည်။ အောင်သောင်းသည် အထုပ်အပိုးများ သိမ်းရန် ဒေါ်ကြီးငွေကို ညွှန်ကြားလိုက်၏။ သူ့မျက်လုံးများက အခန်းထောင့်ရှိ အနှီးထုပ်ဆီသို့ ရောက်သွားသည်။ ကလေးငယ်သည် အိပ်ပျော်နေဟန်ရှိလေသည်။ အပြင်တွင် မုန်တိုင်းက စဲသွားပြီး မိုးဖွဲဖွဲသာ ရွာလျက်ရှိ‌တော့သည်။ မိုးရေနံ့သင်းသင်းကို အောင်သောင်းရှူရှိုက်မိသည်။ ပုံမှန်ဆိုလျှင် ဤသို့သော ရာသီဥတုမျိုးတွင် အောင်သောင်းသည် ၀ီစကီလေးမြိုက်လိုက် အမြည်းလေးကိုက်လိုက်နှင့် ဇိမ်ကျနေပေလိမ့်မည်။ ယခုမူ -

သူ့ခြေလှမ်းများက ကုတင်ပုခက်ဆီသို့ ချဥ်းကပ်သွားသည်။ ယခုအခါ ကလေးအနှီးကို လုံနေအောင် ထုပ်ပေးထားသဖြင့် ယခင် သူတွေ့ခဲ့သော နီတာရဲနေသည့် အမြီးလေးကို မတွေ့ရတော့ချေ။ ဖော်ထားသော မျက်နှာနေရာတွင် နှာတံလို - သို့မဟုတ် နှုတ်သီးလို အရာလေးသည် ထိုးထွက်နေသည်။ အောင်သောင်း၏ ခြေဖျား လက်ဖျားများ အေးစက်လာသည်။ သူ့စိတ်ထဲတွင် ငယ်စဥ်က မတောက်တခေါက်ကျက်မှတ်ခဲ့သော ဘုရားစာများကို အလွဲလွဲ အချော်ချော် ရွတ်ဆိုနေမိသည်။

အောင်သောင်းသည် အရပ်ခြောက်ပေကျော်သော လူ့ဘီလူးကြီးတစ်ဦးဖြစ်သော်လည်း အနှီးထဲမှ သေးကွေးချိနဲ့လှသော ကလေးငယ်ကို ရိုးတွင်းချဥ်ဆီထဲမှ စိမ့်ပြီး ကြောက်လန့်နေမိသည်။ အမှန်တော့ ထိုကလေးငယ်ကို သူ၏ ဧရာမလက်ကြီးနှစ်ဘက်နှင့် ဖျစ်ညှစ်ကာ စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်နိုင်၏။ ထိုသတ္တ၀ါလေး သေသွားလျှင် သူတို့အားလုံး ဤအဖြစ်အပျက်ကြီးကို မေ့ပျောက်ပစ်နိုင်လိုက်ကြပေလိမ့်မည်။ ယခု လက်တဆုပ်စာ လူစုလေးမှလွဲပြီး ဤကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤသတ္တ၀ါလေး အကြောင်းကို သိရှိကြတော့မည် မဟုတ်ချေ။ ဤလောကထဲတွင် လူသားမိန်းမတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ မိတ်လိုက်ရာမှ လူတစ်ပိုင်း ခွေးတစ်ပိုင်း သတ္တ၀ါလေးတစ်ကောင် ပေါက်ဖွားခဲ့သည်ဆိုသော အဖြစ်သည် ရေပွက် တစ်ပွက်ပမာ လုံး၀ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုမျှလောက် အဆင်ပြေသွားမည့် ကိစ္စတစ်ခုကို လုပ်ဆောင်ရန် ဘာကြောင့် ဤမျှခက်ခဲနေရပါသနည်း။

လက်မရွံ့ လူမိုက်ကြီးသည် လူပေါင်းများစွာကို သတ်ခဲ့ဖူးသော်လည်း ယခုအခါမူ လူအစစ်ပင် မဟုတ်သည့် အကောင်လေးတစ်ကောင်ကို သတ်ပစ်ရန် ဘာကြောင့် တွန့်ဆုတ်နေရသနည်း။ အောင်သောင်းသည် နောင်အသက်ကြီးသွားပြီး နှစ်ပေါင်းများစွာကြာသည့်အခါ ထိုအကြောင်းကို ပြန်စဥ်းစားမိခဲ့သည်။ ထိုသို့ စဥ်းစားသည့်အခါ ရေးရေးပေါ်လာသော အဖြေတစ်ခုတော့ ရှိလေသည်။ ထိုအဖြေမှာ - သူ … သိလိုခဲ့ခြင်းပင်။

ဟုတ်ပေသည်။ သူ သိချင်မိခဲ့သည်။ ထိုစိတ်သည် ထူးဆန်းလွန်းလှသည်။ အောင်သောင်းသည် ထိုသတ္တ၀ါလေးကို မနှစ်မြို့ခဲ့ချေ။ သို့သော် သူသည် ထိုသတ္တ၀ါလေးကို ဤလောကကြီးထဲတွင် ဆက်ရှိနေစေချင်ခဲ့သည်။ ထိုအကောင်လေးသည် မဖြစ်နိုင်သော ပေါင်းဖက်ခြင်းမှ ဤကမ္ဘာကြီးပေါ်သို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့သည်။ ဤမျှ ဆန်းကြယ်လှသော အရာတစ်ခုကို အောင်သောင်းသည် လွယ်လွယ်နှင့် မဖျက်ဆီးပစ်နိုင်ခဲ့။ သူ၏ မသိစိတ်ထဲတွင် ထိုအကောင်လေး ဘယ်လို ကြီးပြင်းလာမည်။ ဘယ်လို လမ်းလျှောက်မည်။ ဘယ်လို အစာတွေစားမည်။ ထို့ပြင် … ဘယ်လို စကားတွေ ပြောမည် စသဖြင့် အားလုံးကို သိချင်နေမိခဲ့လေသည်။ ထိုအချိန်ကမူ သူသည် ထိုမသိစိတ်ကို နားမလည်မိခဲ့။ သူ သိခဲ့သည်မှာ အောင်သောင်း ထိုကလေးကို မသတ်နိုင်ခဲ့ခြင်းပင်။

ဆရာ၀န်ပြောစကားကို မလွန်ဆန်နိုင်သော မူယာသည် သူမ၏ ရင်သွေးငယ်လေးကို ပိုက်ကာ မျက်ရည်စက်လက်နှင့် အောင်သောင်းမောင်းသော မာစီးဒီးကားကြီးပေါ်တွင် ထိုင်ကာ ဦးစိန်လင်း၏ ခြံကြီးဆီသို့ ပြန်လာခဲ့လေသည်။ လမ်းတလျှောက်လုံးတွင် မူယာ၊ ဒေါ်ကြီးငွေနှင့် အောင်သောင်းတို့ သုံးယောက်လုံး စကားတစ်လုံးမှ မပြောဖြစ်ကြဘဲ ဆိတ်ငြိမ်စွာ လိုက်ပါလာခဲ့ကြသည်။ ရံဖန်ရံခါ မူယာ လက်ထဲရှိ အနှီးထဲမှ ကလေးငယ်၏ ‘အိ အိ အဲ့ အဲ့’ ဟူသော အသံကလေးသာ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကလေး ထွက်ပေါ်လာတိုင်း အောင်သောင်း၏ ကျောရိုးတလျှောက် ရေခဲရေနှင့် လောင်းချလိုက်သလို အေးစက်စက်ကြီး ဖြစ်ဖြစ်သွားခဲ့ရလေသည်။

…………………………………….

သူတို့ အိမ်ပြန်ရောက်သော် ဦးစိန်လင်းသည် သူ၏ အလုပ်ရုံးခန်းထဲတွင် အရက်ထိုင်သောက်နေသည်။ မူယာတို့ကို လုံး၀ထွက်မတွေ့ခဲ့။ အောင်သောင်းသည် မူယာတို့လူစုကို နေရာချပေးပြီး ဦးစိန်လင်းရှိရာ ရုံးခန်းထဲသို့ ၀င်သွားလိုက်သည်။ သူ၏ ဆရာကြီးသည် ၀က်သစ်ချသားစားပွဲခုံကြီး၏ နောက်တွင် ထိုင်ပြီး ဘလူးလေဘယ်ပုလင်းကြီးကို တ၀က်ကျိုးလုနီး သောက်လျက်ရှိသည်။ မျက်နှာကျက်မီးမဖွင့်ဘဲ အခန်းထောင့်ရှိ ညမီးအိမ်ကိုသာ ထွန်းထားသဖြင့် ရုံးခန်းထဲတွင် အမှောင်တ၀က်ကျနေသည်။ ဦးစိန်လင်း၏ မျက်နှာကို အောင်သောင်း မထင်မရှားသာ တွေ့မြင်ရသည်။ သူ့ဆရာ ငိုနေသည်လား။ မဲ့နေသည်လား။ သူအတတ်မပြောနိုင်ခဲ့။

‘အောင်သောင်း။ ဟိုစင်ပေါ်က ဖန်ခွက်တစ်ခွက်ယူပြီး လာထိုင်သောက်ကွာ’

သူ့ဆရာခိုင်းသည့်အတိုင်း အောင်သောင်းသည် အရက်စင်ပေါ်မှ ၀ီစကီ ဖန်ခွက်တစ်ခွက်ကိုယူကာ စားပွဲကြီး၏ အရှေ့ဘက်ခြမ်းတွင် ၀င်ထိုင်ပြီး အရက်တစ်ပက် ငှဲ့ထည့်လိုက်သည်။

‘ချီးယားစ်’

မူးယစ်ရာဇာကြီး၏ အသံထဲတွင် အရွဲ့တိုက်သံ ရောစွက်နေခဲ့သည်။ အောင်သောင်း ဖန်ခွက်ကို မြှောက်ကာ ချီးယားစ်ပြန်လုပ်ပေးလိုက်ရ၏။

‘မင်း ဟို … အကောင်လေးကို မသတ်ခဲ့ဘူးမဟုတ်လား’

ဦးစိန်လင်း ဘယ်လိုသိသလဲတော့ မပြောတတ်။ အောင်သောင်း၏ မျက်နှာပေါ်တွင် မလုံမလဲ ဖြစ်နေသည်ကို အကဲခတ်ကြည့်ပြီး ခန့်မှန်းလိုက်ပုံရ၏။ အောင်သောင်း ဘလူးလေဘယ်ကို ရေမရောပဲ မော့ချလိုက်သည်။ အရက်ပြင်းကို သည်အတိုင်းမော့သောက်လိုက်သော်လည်း သူ့မျက်နှာသည် ရှုံ့မဲ့သွားခြင်းမရှိ။ ရေနွေးကြမ်းသောက်လိုက်သလိုသာ ရှိလေသည်။

‘ကျွန်တော် ဘာလုပ်ရမလဲဆရာကြီး’

‘အောင်သောင်း… အောင်သောင်း’

ဦးစိန်လင်းသည် သူ့တပည့်ကိုကြည့်ရင်း မဲ့ပြုံးပြုံးလျက် ခေါင်းကိုသာ တွင်တွင်ညိတ်နေတော့သည်။

‘မင်းကိုငါ လူငယ်ပြုပြင်ကျောင်းကနေ ခေါ်မွေးစားခဲ့ကတည်းက အခုထိ မင်းဟာ ငါ့အပေါ်မှာ သွေးသားအရင်းလို သစ္စာရှိခဲ့တယ် အောင်သောင်း။ ငါအခု မင်းကို ဒီသတ္တ၀ါလေးကို သွားသတ်လိုက်လို့ ခိုင်းရင် မင်းချက်ချင်းသွားသတ်မှာ ငါသိတယ်။ ဒါပေမဲ့ အောင်သောင်း၊ ငါ မင်းအကြောင်းကို အသိဆုံး။ မင်း ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေဆိုတာ ငါသိပြီးသား။

မင်းဒီကလေးကို မသတ်ချင်ဘူးမဟုတ်လား။

မင်းမသတ်ချင်တာကို ငါမခိုင်းပါဘူး။ တကယ်တော့ ဒီကလေးကို ငါကိုယ်တိုင် သတ်သင့်တာ’

အောင်သောင်း သူ့ဆရာ၏ စကားကို မတုံ့ပြန်ခဲ့။ ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံရာ၏ ဟူသည့်အတိုင်း သူသည် ဆိတ်ဆိတ်သာနေလိုက်သည်။ ဦးစိန်လင်း ဆက်ပြောသည်။

‘ဒါပေမဲ့ ငါလည်း မသတ်ပါဘူး။ ဟုတ်တယ်အောင်သောင်း။ ဒီသတ္တ၀ါလေးကို ငါ မစင်ထက်ရွံတယ်။ ဒါပေမဲ့ ငါမသတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ငါ့အပြစ်ပဲ။ ဒါဟာ ငါ့ကို ဘုရားရိုက်တာပဲ အောင်သောင်း။ ငါ မူယာ့ကို နှိပ်စက်ခဲ့တယ်။ ငါ သူ့ကို ဒီလောက်ထိ အောက်တန်းကျသွားအောင် နှိပ်စက်ခဲ့တယ်။ ငါ့ကြောင့် မူယာ တိရစ္ဆာန်နဲ့ မိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ ငါထင်တော့ ထင်မိသားပဲ။ မူယာဟာ ဒီခွေးကို သိပ်အရေးပေးလွန်းတယ်။ သိပ်အရော၀င်လွန်းတယ်လို့။ ဒါပေမဲ့ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့တော့ ငါဘယ်ထင်မိပါ့မလဲကွာ။

တော်ပါပြီ အောင်သောင်းရယ်။ ငါ သူ့ကို ဒီ့ထက်ပိုပြီး စိတ်မဆင်းရဲစေချင်တော့ပါဘူး’

အမှန်တော့ ဦးစိန်လင်းသည် မူယာကိုယ်၀န်ရသည်ဟု သိကတည်းက သူ၏ အမူအကျင့်များကို ပြုပြင်ခဲ့ပြီးဖြစ်သည်။ သူသည် ယခင်ကဲ့သို့ မူယာ့ကို ရိုက်နှက်ကြိမ်းမောင်း နှိပ်စက်ခြင်းများ မပြုလုပ်တော့သည်မှာ ခြောက်လကြာလေပြီ။ သို့သော် ယခုကဲ့သို့ မူယာ့အပေါ် ခွင့်လွှတ်နိုင်လိမ့်မည်ဟုကား အောင်သောင်း မျှော်လင့်မထားမိခဲ့။ သူ့စိတ်ထဲတွင် ဦးစိန်လင်းသည် မူယာနှင့် ကလေးငယ်တို့ကို အစဖျောက် သတ်ဖြတ်ပစ်လိမ့်မည်ဟုသာ ထင်ထားမိခဲ့လေသည်။

‘ဒါဆို ကျွန်တော် ဘာလုပ်ပေးရမလဲ ဆရာကြီး’

‘အေးကွာ။ ငါလည်း လောလောဆယ် ဘာလုပ်ရမလဲ သေချာမသိဘူး။ အရေးကြီးတာကတော့ ဒီကလေးအကြောင်းကို ဘယ်သူမှမသိအောင် လျှို့၀ှက်ထားဖို့ပဲ။ ဒေါ်ကြီးငွေနဲ့ မင်းကိုတော့ ငါစိတ်မပူပါဘူး။ ဒါပေမဲ့ ဟိုဆရာ၀န်နဲ့ နာ့စ်မ ကိုတော့’

‘ရတယ်ဆရာကြီး ဆရာ၀န်နဲ့ သူနာပြုက ကျွန်တော့် တာ၀န်ထားလိုက်ပါ’

‘မင်းကို စိတ်ချပါတယ်။ ဆရာ၀န်ကိုတော့ ကားအက်ဆီးဒင့်ဖြစ်သလိုလုပ်လိုက်ကွာ၊ နာ့စ်ကတော့…’

‘သူနာပြုဆရာမကိုတော့ မော်ဖင်းတွေ ခိုးထိုးလို့ ဆေးလွန်ပြီး သေတဲ့ပုံစံ ကျွန်တော်လုပ်လိုက်ပါမယ်ဆရာကြီး။ မပူပါနဲ့။ အဲဒီကိစ္စပြီးပြီလို့သာ သဘောထားလိုက်ပါ’

ဦးစိန်လင်း သူ့တပည့်ကြီးကို ကျေနပ်စွာကြည့်လိုက်သည်။ ယခုမှ အောင်သောင်း သူ့ဆရာမျက်နှာကို သတိထားမိသည်။ မဲပြောင်ပြီး အဆီများပြန်နေသော ဆရာဖြစ်သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလျက်ရှိ၏။ သူ့ဆရာ ငိုသည်ကို သူတခါမှ မမြင်ဖူးခဲ့ချေ။ အောင်သောင်း စိတ်မသက်မသာဖြစ်သွားသည်။ သူ ဆရာဖြစ်သူကို ဘယ်လိုနှစ်သိမ့်ရမည်မသိ။ သူသိသည်မှာ လူများများ သတ်ပြလျှင်၊ ပိုက်ဆံများများ ရှာပေးလျှင် သူ့ဆရာသဘောကျသည်ကိုသာ သိသည်။ ယခုကဲ့သို့ အိမ်ထောင်ရေး၊ လူမှုရေးကိစ္စများနှင့် ပတ်သက်လျှင်မူ သူ ဘယ်လို အားပေးစကားပြောရမည်ကို လုံး၀မသိခဲ့။ ထို့ကြောင့်လည်း သူ့စိတ်ထဲတွင် အမျိုးသမီးဆေးရုံကြီးရှိ ဆရာ၀န်နှင့် သူနာပြုတို့အား မည်သို့ နှုတ်ပိတ်ရမည်ဆိုသည်ကိုသာ ဖိတွေး ဖိစဥ်းစားနေခဲ့မိတော့သည်။

……………………………………………

သူတို့ ဆရာတပည့်နှစ်ယောက်သည် မူယာ့ ကလေးငယ်လေး မကြာမီ သေဆုံးသွားမည်ဟုသာ မျှော်လင့်နေခဲ့မိကြသည်။ ထိုကလေးငယ်သည် သဘာ၀တရားနှင့် ဆန့်ကျင်ပြီး မွေးဖွားလာခြင်းဖြစ်သဖြင့် သဘာ၀တရားက ကြာရှည်လက်ခံထားခြင်း ရှိမည်မဟုတ်ဟုလည်း ယူဆခဲ့ကြသည်။ သို့သော် တဖြည်းဖြည်းနှင့် ရက်များသာ အတော်ကြာလာသည်၊ ကလေးငယ်ကမူ သေဆုံးသွားခြင်းမရှိသေးချေ။ မူယာသည် ကလေးငယ်ကို သူမ အခန်းထဲမှ အပြင်ခေါ်ထုတ်ခြင်းမပြုဘဲ အခန်းထဲတွင်သာ ပြုစုစောင့်ရှောက်နေခဲ့သည်။ ထိုအတောအတွင်း ဦးစိန်လင်းသည် ထိုအခန်းထဲသို့လည်းမ၀င်၊ မူယာနှင့်လည်း စကားမပြောတော့ချေ။ ဦးစိန်လင်းသည် မူယာတို့ သားအမိကို ရန်မလုပ်ဟု ဆုံးဖြတ်ခဲ့သော်လည်း မူယာနှင့် စကားပြန်ပြောရန် အဆုံးစွန်ခွင့်လွှတ်ဖို့ရန်အထိမူ အဆင်သင့် မဖြစ်သေးပဲ ရှိလေသည်။

သူ မူယာနှင့် ပြန်ပေါင်းဖက်ခဲ့လျှင် သူ့စိတ်ထဲတွင် မူယာသည် ခွေးနှင့် ဆက်ဆံခဲ့သော မိန်းမတစ်ယောက် အဖြစ် အမြဲရှိနေပေတော့မည်။ ထိုအမြင်ကို သူဘယ်တော့မှ ဖျောက်ဖျက်လို့ရတော့မည်မဟုတ်ချေ။ အထူးသဖြင့် ခွေးနှင့် မိတ်လိုက်ခဲ့သော သက်သေအဖြစ် ထိုခွေးတစ်ပိုင်း လူတစ်ပိုင်း သတ္တ၀ါကလေးက အသက်ရှင်နေသရွေ့ အမြဲခြောက်လှန့်နေပေလိမ့်မည်။ သူ့မိန်းမသည် ခွေးနှင့် ဖောက်ပြန်ခဲ့သည်။ ခွေးဇာတ်ခင်းခဲ့သည်။ အခြားသူများ၏ မိန်းမများ ဖောက်ပြန်လျှင် ခွေးဇာတ်ခင်းသည်ဟု တင်စားပြီး ကဲ့ရဲ့ကြသော်လည်း သူ၏ ဇနီးမှာမူ အမှန်ပင် ခွေးစင်စစ်နှင့် ခွေးဇာတ်ခင်းခဲ့ခြင်းဖြစ်သည်။ သူ၏ ပြိုင်ဘက်သည် ဒိုဘာမင်ခွေးကြီးတစ်ကောင်ဖြစ်ခဲ့သည်။ မူယာ၏ လုပ်ရပ်သည် သူမ၏ အဆင့်ကို တိရစ္ဆာန်အဖြစ်သို့ နိမ့်ကျသွားစေခဲ့သလို ယောကျ်ားဖြစ်သူ ဦးစိန်လင်းကိုပါ ထိုအဆင့်သို့ နိမ့်ကျသွားအောင် ခံစားရစေခဲ့သည်။

တကယ်တော့ ဦးစိန်လင်းနှင့် ရော်ကီတို့သည် လူနှင့် တိရစ္ဆာန်ဖြစ်သဖြင့် မတူညီသော်လည်း မည်သူက အဆင့်ပိုနိမ့်သည်ဟု ပြောရခက်ပေသည်။ ရော်ကီသည် သခင်ပေါ်တွင် သစ္စာရှိပြီး သခင်စကား နားထောင်သော ခွေးလိမ္မာတစ်ကောင်ဖြစ်ခဲ့သည်။ ဦးစိန်လင်းမှာမူ လူအချင်းချင်း ဗိုလ်ကျ အနိုင်ကျင့်ကာ မကောင်းမှု အကုသိုလ်များနှင့် ကြွယ်၀ချမ်းသာခဲ့သော ဒုစရိုက်သမားကြီးတစ်ဦးဖြစ်ခဲ့သည်။ ထိုကဲ့သို့သော လူမျိုးသည် တိရစ္ဆာန်နှင့် အဆင့်ချင်းယှဥ်လျှင် ပိုမြတ်သည်ဟု ပြောရမည်လား။ တိရစ္ဆာန်အောက် နိမ့်ကျသည်ဟု ပြောရမည်လား။ လူမိုက်ကြီးအောင်သောင်းသည် ကင်ဆာရောဂါခံစားရပြီး အသက်လုနေရသည့်အချိန်တွင် သူ့ဘ၀ကို ပြန်ပြောင်းတွေးတောမိသည့်အခါ ယခင်က ယုံကြည်ထားခဲ့သမျှ သူ၏ အယူအဆများသည် အကြွင်းမဲ့ မှန်ကန်ခြင်းမရှိတော့ကြောင်း ရိပ်စားမိခဲ့လေသည်။

……………………………………………

ထိုသို့ ရှိနေခဲ့ရာမှ တစ်ညတွင် သန်းခေါင်ကျော်အချိန်၌ ဦးစိန်လင်းသည် လန့်နိုးလာခဲ့သည်။ သူ့တစ်ကိုယ်လုံး ချွေးစေးများနှင့် ရွှဲနစ်နေသည်။ သူသည် အိပ်မက်ဆိုးမက်နေခဲ့ပြီး အိပ်မက်ထဲတွင် သူ့ပတ်၀န်းကျင် အသိုင်းအ၀ိုင်းရှိ လူများအားလုံးက သူ့ကို လက်ညှိုးထိုးကာ ၀ိုင်း၀န်းလှောင်ပြောင်နေခဲ့ကြသည်။ သူ ထိုအိပ်မက်ကို မက်သည်မှာ ရက်အတော်ကြာပြီ။ သူ့မိန်းမ ခွေးနှင့် ဖောက်ပြန်တာ ဘယ်သူတွေ သိသွားပြီလဲ။ ဆရာ၀န်နဲ့ နာ့စ်မကို နှုတ်ပိတ်တာ နောက်ကျသွားခဲ့ပြီလား။ သူ့မိတ်ဆွေတွေ မူယာ့ကိုယ်၀န်ပျက်ကျတယ်လို့ သတင်းလွှင့်ထားတာကိုရော ယုံကြရဲ့လား။ သူ့ခေါင်းထဲတွင် မလုံမလဲ မေးခွန်းများစွာ။ ထို သိမ်ငယ်မှု၊ ခြောက်ခြားမှု၊ အရှက်ရမှုတို့ကြောင့် ဦးစိန်လင်းသည် ညတိုင်း အိပ်မပျော်သလို အိပ်သွားလျှင်လည်း ထိုအိပ်မက်ဆိုးကြီးကို အမြဲလိုလို မက်နေလေတော့သည်။

သူ အောက်ထပ်ရှိ ရုံးခန်းသို့ ဆင်းလာပြီး အရက်သောက်ရန် ပြင်သည်။ ဦးစိန်လင်း စိတ်ထဲတွင် တမျိုးဖြစ်သွား၏။ သူ အိပ်ရာမှ ထပြီး လျှောက်လာစဥ် သူ့အိပ်ခန်း မျက်နှာချင်းဆိုင်ရှိ မူယာ့အခန်းတံခါးသည် အနည်းငယ် ဟ နေသည်ကို သတိထားမိခဲ့သည်။ မူယာသည် သူမ၏ အခန်းတံခါးကို အထူးသတိထားပြီး အမြဲပိတ်ထားခဲ့သည်မှာ ဆေးရုံမှ ဆင်းလာကတည်းက ဖြစ်သည်။ ယခု တံခါးက ဘာလို့ပွင့်နေသနည်း။

ဦးစိန်လင်း ခြေဖော့နင်းပြီး မူယာ့အခန်းဆီသို့ ပြန်တက်သွားလိုက်သည်။ အခန်းများ၏ အပြင်ဘက်ရှိ အပေါ်ထပ်စင်္ကြန်လမ်းတွင် နံရံကပ်မီးအိမ်မှ မီးရောင် ၀ါကျင့်ကျင့်က ခပ်မှိန်မှိန်လင်းနေသည်။ သူ ခပ်ဟဟ ပွင့်နေသော တံခါးကို မခေါက်ဘဲ အသာတွန်းလိုက်လျှင် တံခါးပွင့်သွားသည်။ သူ့နှလုံးခုန်နှုန်း မြန်နေသည်မှာ ပါးစပ်ထဲမှပင် ထွက်ကျလုမတတ်ပင်။ မူယာ့အခန်းထဲမှ ကလေးသုံး ဗယ်ဆလင်း အနံ့ကို သူရလိုက်သည်။ ဦးစိန်လင်း စိတ်မကောင်းဖြစ်သွားသည်။ မူယာသည် သူမ၏ အခန်းနံရံများကို အိပ်ရာခင်းထူထူများဖြင့် အသံလုံအောင် ကာရံထားသည်။ ကလေးငိုသံ - သို့မဟုတ် - ကလေးဟောင်သံ အပြင်သို့ မထွက်စေရန်ပင်။ မူယာသည် သူမ၏ ရင်သွေးငယ်လေးကို သူမတစ်ယောက်တည်း ကြည့်ရှုနေခဲ့ရသည်။ သူမ စိတ်ထဲတွင် ဘာတွေ ဖြစ်နေမည်နည်း။ ထိုကလေးသည် လူနှင့် မတူသော်လည်း လူမဟုတ်ဟုကား ပြော၍မရချေ။ ခွေးတစ်ကောင်နှင့်လည်း လုံး၀တူမနေခဲ့ချေ။ ထို့ကြောင့်လည်း တွေ့မြင်ရသူများ၏ စိတ်ကို ပိုပြီး တုန်လှုပ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဦးစိန်လင်း အံ့သြသွားသည်။ အခန်းထဲတွင် ဘယ်သူမှမရှိ။ မူယာလည်းမရှိ။ ပုခက်ကုတင်ထဲတွင် ထိုသတ္တ၀ါလေးလည်း မရှိတော့။ သူ ခေါင်းနားပန်းကြီးသွား၏။ မူယာ အိမ်မှ ထွက်ပြေးပြီလား။ အကင်းပါးလွန်းသော ဒုစရိုက်ခေါင်းဆောင်ကြီးသည် အခန်းပတ်လည်ကို လှည့်ပတ်ကြည့်လိုက်လျှင် အ၀တ်အစားများ ကလေးအသုံးအဆောင်များကို ခြေရာလက်ရာမပျက်တွေ့လိုက်ရသည်။ ဒါဆိုလျှင် အိမ်ပေါ်မှ ဆင်းပြေးသည့် လက္ခဏာမဟုတ်။ ဒီအိမ်ထဲမှာပဲ ရှိရမည်။ … သို့မဟုတ်… ဒီခြံထဲမှာပဲ ရှိရဦးမည်။

သူ ရုံးခန်းဆီသို့ အမြန်ပြန်ဆင်းသွားကာ စားပွဲအံဆွဲထဲမှ ပစ္စတိုသေနတ်ကို ထုတ်ယူလိုက်၏။ ထို့နောက် အောက်ထပ်ရှိ အိပ်ခန်းတစ်ခန်းတွင် အိပ်နေသော တပည့်ကျော် အောင်သောင်းကို သွားနှိုးလိုက်သည်။ အောင်သောင်းကို မူယာဆေးရုံဆင်းကတည်းက သူ့အိမ်တွင်ပင် အိပ်ခိုင်းထားခဲ့သည်။ အောင်သောင်း အိပ်မှုံစော်မွှားနှင့် နိုးလာသည်။ ပုံမှန် ခေါင်းလိမ်းဆီများနှင့် ပိပြားနေအောင် ဖြီးထားတတ်သော သူ့ဆံပင်များမှာ ပွကျဲနေ၏။

‘ရှူး တိုးတိုး။ မူယာ ပျောက်နေလို့ ငါတို့ ခြံထဲဆင်းရှာမလို့။ အသံမထွက်စေနဲ့’

အောင်သောင်း သူ့ဆရာနောက်မှ အသာလေးထလိုက်လာရသည်။ အိမ်အပြင်တွင် လရောင်မှိန်မှိန်နှင့် လမ်းမီးတိုင်တို့ရောပြီး လင်းနေသဖြင့် ခြံထဲရှိအရာများကို ခပ်ရေးရေးတော့ မြင်နေရသည်။ သူတို့နှစ်ယောက် တိုက်ကြီး၏ နောက်ဖေးပေါက်မှ ထွက်ပြီး ခြံကြီးကို ဘေးမှ ပတ်ကာ တဖြည်းဖြည်းနှင့် ခြံရှေ့ဂိတ်ပေါက်သို့ ရောက်လာသည်။

‘ဖြည်းဖြည်း။ သတိထား’

ဦးစိန်လင်း လေသံလေးနှင့် သတိပေးလိုက်၏။ ခြံတံခါး၀ကြီးသည် အနည်းငယ် ပွင့်နေသည်။ ခြံတံခါးအနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အခြားသူမဟုတ်။ မူယာပင်ဖြစ်၏။ မူယာသည် ခါးကိုကုန်းပြီး မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ ခြံနံရံရှိ အပင်များမှ အရိပ်ကျသဖြင့် သိပ်ပြီးတော့ သဲသဲကွဲကွဲမမြင်ရ။ သူမလက်ထဲတွင် ကလေးငယ်ကို ချီထားသည်။ သူမ ကလေးငယ်ကို မြေကြီးပေါ်သို့ ချလိုက်သည်။ ထိုအခါမှ မူယာ၏ အရှေ့တွင် ရှိသော ဒိုဘာမင်ခွေးကြီးကို ဦးစိန်လင်းရော အောင်သောင်းပါ တွေ့လိုက်ရလေသည်။

ရော်ကီသည် မြေကြီးပေါ်ရှိ ကလေးငယ်ကို နှုတ်သီးကြီးနှင့်ထိုးပြီး တရှုတ်ရှုတ် နမ်းနေသည်။ မူယာက ရော်ကီ၏ လည်ပင်းကို ဖက်ထားသည်။ ထိုမြင်ကွင်းကိုမြင်လျှင် ဦးစိန်လင်း အသားများ တဆတ်ဆတ် တုန်ကာ ဒေါသကို မထိန်းနိုင်တော့ဘဲ ပစ္စတိုသေနတ်ကို ရှေ့သို့ ဆန့်တန်းပြီး ထို ‘မိသားစု’ ရှိရာ ဆီသို့ အပြေးထွက်သွားလေတော့သည်။ အောင်သောင်းပင် တားချိန်မရလိုက်ချေ။ အမှန်တော့ တားချိန်ရလျှင်လည်း အောင်သောင်း သူ့ဆရာကို တား၀ံ့လိမ့်မည်မဟုတ်ချေ။

‘မ‌အေ---ခွေး။ သေပေတော့’

ရော်ကီသည် သူ့ထံသို့ သေနတ်ကြီးချိန်ပြီး ပြေးလာနေသော ဦးစိန်လင်းကိုတွေ့လျှင် မုန်းတီးသော မျက်လုံးကြီးများနှင့် ပြန်ကြည့်ကာ သွားကြီးများကို ဖြဲပြီး ပြန်ဟောင်လေတော့သည်။

‘၀ုတ် ၀ုတ် ၀ုတ်… ဂီး… ဂီးးးးးး’

‘သေစမ်းကွာ’

ဤတခါတွင်တော့ ဦးစိန်လင်းသည် ပစ်ကွင်းမလွဲအောင် သေချာချိန်ပြီး ရော်ကီ၏ ဦးခေါင်းတည့်တည့်ကို ပစ္စတိုသေနတ်နှင့် ပစ်ချလိုက်တော့သည်။

‘အစ်ကိုကြီး မလုပ်ပါနဲ့’

‘ဒိုင်းးးးးး’

‘အ… အား’

မူယာသည် ရော်ကီ၏ ရှေ့သို့ ခုန်၀င်ပြီး ကာကွယ်ပေးလိုက်သည်။ ကျည်ဆံသည် ရော်ကီ၏ ဦးခေါင်းကို ဖောက်ထွင်းသွားရမည့်အစား မူယာ့ရင်ဘတ်တည့်တည့်ကို ထိမှန်သွား၏။ မိန်းကလေး ရင်ဘတ်မှ ထွက်လာသော သွေးများကို လက်နှင့် ဖိအုပ်ပြီး မြေကြီးပေါ်တွင် ခွေခွေလေး လဲကျသွားသည်။ ဦးစိန်လင်း မျက်လုံးကြီး အပြူးသားနှင့် မယုံနိုင်စွာ ကြောင်ကြည့်နေမိလေသည်။

‘အီ… အီ… အီ….’

ခွေးကြီးသည် တအီအီ အသံမြည်လျက် မူယာ့အနားသို့ တိုးကပ်သွားသည်။ သူ့ဦးခေါင်းကြီးနှင့် သခင်မ၏ ရင်ခွင်ထဲတိုးကာ နံဘေးတွင် ၀ပ်ချလိုက်၏။

‘… ရော်ကီ.. ပြေးးး.. ရော်ကီ.. အ.အ.. ပြေး’

မူယာ စကားကို မနည်းကြိုးစားပြောနေရသည်။ သို့သော် ရော်ကီသည် ထွက်မပြေးချေ။ ရော်ကီသည် ဦးစိန်လင်းကိုလည်း ဂရုမစိုက်တော့။ ဦးစိန်လင်းလက်ထဲမှ ပစ္စတိုသေနတ်ကိုလည်း ဂရုမစိုက်တော့ချေ။ သူသည် သူ့သခင်မ၏ နံဘေးတွင်သာ ၀ပ်ချပြီး ဦးခေါင်းကို မူယာ့ရင်ခွင်တွင် အပ်လျက် ငြိမ်သက်စွာ ရှိနေတော့သည်။ မိန်းကလေးသည် သူမအပေါ် သစ္စာရှိလှသော ဒိုဘာမင်ခွေးကြီး၏ ဦးခေါင်းကို ပွတ်သပ်ကာ သေဆုံးသွားရှာသည်။

အောင်သောင်းသည် ဦးစိန်လင်း၏ ပုခုံးပေါ်မှ ကျော်ပြီး အဖြစ်အပျက်များကို အစအဆုံး တွေ့မြင်လိုက်သည်။ သူ့ဆရာသည် ခံစားမှုကင်းမဲ့သော စက်ရုပ်ကြီးတစ်ရုပ်လို မူယာ့အလောင်းအနီးသို့ လျှောက်သွားလိုက်သည်။ ရော်ကီသည် မူယာ့ရင်ခွင်‌ဘေးတွင် ခေါင်းတိုးကာ ၀ပ်လျက်ရှိသေး၏။

ဦးစိန်လင်း ပစ္စတိုသေနတ်ကို ရော်ကီ၏ ဦးခေါင်းတည့်တည့်သို့ စိုက်လျက် တေ့ကာ ချိန်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မုန်းတီးမှု၊ ရှက်ရွံမှု၊ နောင်တ တရားတို့သည် ထင်ရှားစွာ ပေါ်လွင်လျက်ရှိသည်။

‘ဒိုင်း’

ရော်ကီ၏ ကိုယ်လုံးကြီး သိမ့်ကနဲ တုန်ခါသွားသည်။ ငယ်ထိပ်တည့်တည့် သေနတ်ဒဏ်ရာမှ သွေးများ စီးထွက်လာသည်။ ခွေးကြီးသည် မူယာ့နံဘေးတွင် ၀ပ်နေလျက်သားရှိသည့်အတိုင်း အသက်ပျောက်သွားလေသည်။

ဦးစိန်လင်း ပစ္စတိုပြောင်း၀ကို သူ့နားထင်သို့ ‌တေ့လိုက်သည်။ အောင်သောင်း အသက်ပင်မရှူ၀ံ့ဘဲ စောင့်ကြည့်နေ၏။ သူ သေနတ်ကို ၀င်လုဖို့ စဥ်းစားသေးသည်။ သို့သော် ၀င်မလုဖြစ်။ သူ့ဆရာကို ဘယ်ကိစ္စမှာမဆို သူတား၍မရကြောင်း သိပြီးသားပင်။

‘အားးးးးးးး’

အသံနက်ကြီးနှင့် ဦးစိန်လင်း အော်ဟစ်လိုက်သည်။ သူ သေနတ်မောင်းခလုတ်ကို မဆွဲဖြစ်ခဲ့။ ပစ္စတိုကို နံဘေးသို့ လွှင့်ပစ်လိုက်၏။

‘အားးးးးးးး’

အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေသော ဦးစိန်လင်းဆီသို့ အောင်သောင်း ပြေးသွားလိုက်သည်။ သူ ခေတ္တတုံ့ဆိုင်းနေပြီးမှ သူ့ဆရာ၏ ပုခုံးနှစ်ဘက်ကို ဆုပ်ကိုင်ပြီး အားပေးလိုက်ရသည်။ ဦးစိန်လင်းသည် အရုပ်ကြိုးပြတ်နှင့် ခွေကျမတတ်ဖြစ်သွား၏။ ထိုစဥ်မှာပင် …

‘အဲ့… အဲ့… အဲ့….’

အသံလာရာဆီသို့ သူတို့ နှစ်ယောက်သား လှည့်ကြည့်လိုက်လျှင် လဲကျသေဆုံးနေသော မူယာနှင့် ရော်ကီတို့၏ အလောင်းများနှင့် မလှမ်းမကမ်းရှိ မြေကြီးပေါ်တွင် ယက်ကန် ယက်ကန်နှင့် လေးဘက်တွားသွားရန် ကြိုးစားနေသော ကလေးငယ်လေးကို သူတို့ တွေ့လိုက်ရသည်။ ကလေးငယ်သည် သူ့ကို ထုပ်ထားသော အနီးထဲမှ ရုန်းထွက်ရန် ကြိုးစားနေ၏။ ရက်တွက်ကြည့်လျှင် တစ်လသားမျှသာ ရှိသေးသော ကလေးငယ်လေးသည် အနှီးထဲမှ ကိုယ်တစ်ပိုင်း ထွက်ကာ မြေကြီးပေါ်တွင် လေးဘက် ဒရွတ်ဆွဲကာ တလှုပ်လှုပ်‌ရွေ့လျားလျက်ရှိလေတော့သည်။

………………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#မျက်နှာ
#အခန်း
#ဦးခေါင်း
#အသက်

Some text some message..