ခွေးဇာတ်ခင်းသောမိန်းမ_(အပိုင်း ၅)
lotaya.mpt.com.mm
|
2022-05-20

မွေးစားဖခင်

………….

မှိန်ပျပျ လရောင်အောက်တွင် ကလေးငယ်သည် အနှီးထဲမှ ရုန်းထွက်ပြီး မြေပြင်ပေါ်တွင် တလွန့်လွန့် တွားသွားလျက်ရှိသည်။ ဦးစိန်လင်းသည် ထိုမြင်ကွင်းကို မသတီလွန်းသည့်အလား ခေါင်းကို ချာကနဲ လှည့်ပြီး အိမ်ကြီးဆီသို့ လျှောက်ထွက်သွားလေသည်။ ရွှေသွားအောင်သောင်းတစ်ယောက်သာ ခြံကြီးထဲတွင် ကျန်ရစ်ခဲ့သည်။ သူ့ရှေ့တွင် မိန်းမတစ်ဦး၏ အလောင်း၊ ခွေးတစ်ကောင်၏ အလောင်း၊ ထို့နောက် ထိုမိန်းမနှင့် ထိုခွေးတို့ မျိုးစပ်ပြီး ပေါက်ဖွားခဲ့သည့် သတ္တ၀ါလေးတစ်ကောင်။ ထိုအရာအားလုံးသည် ယခုအခါ သူ့ပြဿနာဖြစ်သွားခဲ့လေပြီ။

ဤမိန်းမသည် သူ့မိန်းမမဟုတ်ခဲ့။ ဤခွေးသည် သူ့ခွေးမဟုတ်ခဲ့။ ဤကလေးသည်လည်း …. သူနှင့် မည်သို့မျှ မပတ်သက်ခဲ့ချေ။ သို့သော် သူ့ဆရာဦးစိန်လင်းသည် ဤနေရာမှ ထွက်ခွာသွားခဲ့ပြီ။ သူ့ကို မျက်နှာလွှဲသွားခဲ့ပြီ။ ဦးစိန်လင်း၏ ကျေးဇူး အောင်သောင်းပေါ်တွင် ကြီးလွန်းလှ၏။ အောင်သောင်းသည် ကလေးဘ၀ မိဘမဲ့ ကလေးကျောင်းတွင် နေခဲ့ရစဥ် သူ့ကိုအနိုင်ကျင့်ခဲ့သော သူ့ထက် နှစ်နှစ်မျှကြီးသည့် အခြားကလေးတစ်ယောက်ကို သေသည်အထိ ရိုက်သတ်ခဲ့သောကြောင့် ကလေးအကျဥ်းထောင်သို့ ရောက်ခဲ့ရသည်။ ဦးစိန်လင်းသည် တရက်တွင် ထိုအကျဥ်းထောင်သို့ အလှူလုပ်ရန် ရောက်လာရာ အောင်သောင်းကို တွေ့မိသွား၏။ အောင်သောင်းသည် ထိုစဥ်ကတည်းက အရပ်အမောင်းမြင့်မားပြီး ထွားကျိုင်းသော ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ အလှူပွဲတွင် တက်တက်ကြွကြွပါ၀င်ပြီး ခက်ထန်သော အမူအယာရှိသည့်လူငယ်ကို ဦးစိန်လင်း သဘောကျသွားသည်။

နောက်တစ်နေ့တွင်ပင် ထောင်မှူးသည် အောင်သောင်းကို ထောင်မှ ရက်လျှော့၍ လွှတ်ပေးလိုက်ပြီး ဦးစိန်လင်းလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။ ထိုနေ့မှစပြီး အောင်သောင်းသည် မူးယစ်ရာဇာကြီး၏ တရားမ၀င် မွေးစားသားတပည့်တစ်ဦး ဖြစ်လာခဲ့လေသည်။ နောက်ပိုင်းအရွယ်ရောက်သောအခါ လူငယ်ဘာ၀ လွတ်လပ်လိုသောကြောင့် အောင်သောင်းသည် သာကေတဘက်တွင် တိုက်တစ်လုံး၀ယ်ကာ သပ်သပ်ခွဲထွက်နေခဲ့၏။ ယခု မူယာ ကလေးမွေးပြီးမှ ဦးစိန်လင်းက ပြန်ခေါ်ထားသဖြင့် ဆရာဖြစ်သူ၏ တိုက်ကြီးသို့ ပြန်ရောက်နေခြင်းဖြစ်သည်။

အောင်သောင်းသည် သူ့ရှေ့ရှိ ပြဿနာများကို ကြည့်လိုက်သည်။ ရော်ကီ၏ အလောင်းအတွက် သူပူစရာမလို။ ခြံထဲတွင် တွင်းတူးပြီး မြှုပ်လိုက်ရုံသာ။ မူယာ့အလောင်းအတွက်မူ နည်းနည်း ခေါင်းရှုပ်ရလိမ့်မည်။ သို့သော် ဒုစရိုက်သမားတစ်ဦးဖြစ်သည့်အတိုင်း သူ့စိတ်ထဲတွင် ချက်ချင်းပင် အဖြေပေါ်ပြီး ဖြစ်လေသည်။ သူ့အတွက် အခက်ခဲဆုံး ဖြစ်နေသော ကိစ္စမှာ ထိုကလေးပင်။ အောင်သောင်း စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည်ကလေးကို သတ်ပစ်လိုက်တော့မည်။ ထို့နောက်တွင်မူ ဤအဖြစ်ဆိုးကြီးကို သူ့စိတ်အာရုံထဲမှ အပြီးတိုင် မေ့ဖျောက်ပစ်လိုက်မည်။ ရန်ကုန်မြို့မှ သူထွက်ခွာသွားမည်။ ကလောဖြစ်ဖြစ်၊ မေမြို့ဖြစ်ဖြစ်၊ တောင်ကြီးဖြစ်ဖြစ်၊ ‌ဝေးရာအရပ်တစ်နေရာသို့ ထွက်သွားကာ ဤ စိတ်ဒဏ်ရာကြီး ပြေပျောက်သွားသည်အထိ သူအနားယူပစ်လိုက်မည်။

ဦးစိန်လင်းလွှင့်ပစ်လိုက်သော ပစ္စတိုသေနတ်ကို သူကောက်ကိုင်လိုက်၏။ ထို့နောက် ကလေးငယ်ဆီသို့ သူချဥ်းကပ်သွားသည်။ ကောင်းကင်တွင် တိမ်အနည်းငယ်စင်သွားသဖြင့် လရောင်သည် အနည်းငယ် ပိုလင်းလာသည်။ မြင်ကွင်းမှာ ပိုပြီး ထင်ရှားရှင်းလင်းလာခဲ့သည်။

‘...အဲ့… အဲ့ … အဲ့…’

လူမိုက်ကြီးသည် သူ့ခြေထောက်များဆီသို့ ဦးတည်ပြီး ဒရွတ်ဆွဲလာနေသော အကောင်ကလေးကို ငုံ့ကြည့်လိုက်သည်။ ယခုအခါ ကလေးငယ်သည် အနှီးထဲမှ လုံး၀ကျွတ်ထွက်သွားလေပြီ။ ကလေးငယ်၏ တကိုယ်လုံးကို လရောင်အောက်တွင် အောင်သောင်းသည် အထင်းသားတွေ့လိုက်ရသည်။ သူ့ဒူးခေါင်းများ တုန်ရီလာ၏။ သေနတ်ကိုင်ထားသော သူ့လက်ဖ၀ါးများတွင် အေးစက်စက် ချွေးစေးများပြန်လာသည်။ သူ့လည်ပင်းထဲတွင် တင်းနစ်ဘောလုံးကြီးတစ်လုံး မျိုထားရသလို တစ်ဆို့ဆို့ကြီး ဖြစ်နေလေသည်။

ပထမဆုံး သတိထားမိသည်မှာ ကလေးငယ်သည် ပိန်လှီလွန်းနေခြင်းပင်။ မူယာသည် သူမတစ်ဦးတည်း အခန်းအောင်းကာ ကလေးငယ်ကို ခက်ခက်ခဲခဲ နို့တိုက်မွေးခဲ့ရဟန်တူသည်။ ကလေးငယ်၏ ရှည်ထွက်နေသော နှုတ်သီးသည် လူသားမိခင်သားမြတ်နှင့် အံ၀င်ခွင်ကျဖြစ်ပုံမပေါ်ခဲ့ချေ။ သတ္တ၀ါလေး၏ ဦးခေါင်းပေါ်တွင် ဆံပင်မရှိ။ အနက်ရောင်မွေးညင်းနုများသည် ကိုယ်လုံးပေါ်တွင် ကျိုးတိုးကျဲတဲပေါက်နေကြသည်။ ထို အမွေးနုများအောက်တွင် နီကျင့်ကျင့် အရေပြားသည် ခန္ဓာကိုယ်ပိန်လှီလွန်းသဖြင့် တွန့်ခေါက်နေသည်။ ‌ငေါထွက်နေသော ကျောရိုးဆစ်များကို အောင်သောင်း အပေါ်စီးမှ မြင်နေရ၏။ ထိုကျောရိုးဆစ်များသည် တင်ပါးနေရာတွင် အဆုံးသတ်မသွားပဲ သေးငယ်သောအမြီးလေးတစ်ချောင်းအဖြစ် ရှည်ထွက်သွားပြီး တလှုပ်လှုပ်ဖြစ်နေလေသည်။

သတ္တ၀ါလေးသည် မှောက်လျက်အနေအထားနှင့် အရှေ့သို့ တအိအိ တွားသွားနေသည်။ အောင်သောင်း ကလေးငယ်၏ လက်နှင့်ခြေများကို သတိထားမိသွားသည်။ အရိုးအဆစ်များသည် လူတစ်ယောက်နှင့် မတူနေခဲ့။ လက်မောင်းရိုး ပေါင်ရိုးများမှာ သာမန်ထက်အနည်းငယ်တိုတောင်းပြီး လက်ဖ၀ါး ခြေဖ၀ါးတို့မှာ ရှည်မျောမျောကြီး ရှိလေသည်။ နောက်ခြေနှစ်ချောင်းကိုကြည့်လိုက်လျှင် ဒူးဆစ်နေရာသည် ၀မ်းဗိုက်နှင့် နီးကပ်စွာကွေးလျက်ရှိပြီး ခြေသလုံးလေးများက အောက်သို့ရှည်ထွက်နေရာ ကလေးငယ်၏ ခြေမျက်စိနေရာသည် သာမန်လူသားကလေးငယ်များ ဒူးခေါင်းရှိရာလောက်တွင် ရှိနေသဖြင့် ထိုကလေး၏ နောက်ခြေနှစ်ဘက်မှာ လူသားတစ်ဦးနှင့် ရှေ့နောက် ပြောင်းပြန်သဖွယ်ရှိတော့သည်။

‘ငါ ဒီကောင်လေးကို သတ်ပစ်လိုက်မယ်။ သူလည်း ၀ဋ်ကျွတ် ငါတို့လည်း စိတ်မဆင်းရဲရတော့ဘူးပေါ့’

ထိုစဥ်မှာပင် အကောင်ကလေးသည် မြေကြီးပေါ်တွင် ၀ပ်တွားနေရာမှ အောင်သောင်းကို မော့ကြည့်လိုက်လေသည်။ ကလေးငယ်နှင့် အောင်သောင်းတို့ အကြည့်ချင်းဆုံသွားကြသည်။ မြင့်မောက်သော နှာတံ၏ ဘေးနှစ်ဘက်တွင် ကပ်လျက်ရှိနေသော မျက်လုံးသေးသေးလေးများသည် သနားစရာကောင်းလွန်းနေလေသည်။ သူ့ကို မျက်နှာငယ်လေးနှင့် မော်ကြည့်နေသော အကောင်ကလေးကို သူအလွန်သနားသွားမိသည်။ လူမိုက်ကြီး ခေါင်းကို တွင်တွင်ခါရမ်းလိုက်၏။ သူမလုပ်နိုင်ခဲ့ချေ‌။ သူ ထိုကလေးငယ်ကို သတ်ရန် ဒုတိယအကြိမ် မအောင်မြင်ခဲ့ပြန်။ ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ပင် ဖြစ်ပေလိမ့်မည်။ အောင်သောင်းနားလည်လိုက်သည်။ သူသည် ထိုသတ္တ၀ါလေးအား မည်သည့်အခါမျှ သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူအနှီးကို ကောက်လိုက်ပြီး လက်နှစ်ဘက်နှင့် ထိုအကောင်လေး၏ ကြုံလှီသော ကိုယ်လုံးလေးကို မ ယူလိုက်သည်။ သူ့လက်မှလာသော အထိအတွေ့ကြောင့် ၀မ်းဗိုက်ထဲတွင် အူတွေ ကလိကလိယားသွား၏။ ထိုကလေးကို ခွေးလေးတစ်ကောင်အဖြစ်ယူဆရမလား၊ လူလေးတစ်ယောက်အဖြစ် မှတ်ယူရမလား - သူမ‌ေ၀ခွဲတတ်တော့ချေ။

ကလေးငယ်ကို အနှီးနှင့်ပြန်ထုပ်ပြီး အိမ်ကြီးထဲသို့ ပြန်၀င်လာကာ ပုခက်ထဲတွင် ထည့်သိပ်လိုက်သည်။ ထို့နောက် သူ ခြံထဲသို့ပြန်လာပြီး ရော်ကီ၏ အလောင်းကို ဒရွတ်ဆွဲကာ ကားဂိုဒေါင်ထဲ ခဏထည့်ထားလိုက်သည်။ ကျန်ရှိနေသည်မှာ မူယာ၏ အလောင်း။ ရင်ဘတ်တွင် သေနတ်ဒဏ်ရာနှင့်။ သို့သော် ထိုအတွက် အောင်သောင်း မပူချေ။ သူ့စိတ်ထဲတွင် ကြိုတင်ကြံစည်ပြီး ဖြစ်လေသည်။ သူ အိမ်ထဲသို့ ပြန်၀င်ပြီး ရဲစခန်းကို ဖုန်းဆက်လိုက်သည်။ ရဲများရောက်လာလျှင် မူယာကို သေနတ်နှင့် ပစ်သတ်သွားသူမှာ ဦးစိန်လင်း၏ တပည့်ဟောင်း ဆန်နီဟု ပြောလိုက်မည်။ ဆန်နီသည် ဆေးကြောင်ပြီး အိမ်ထဲသို့ ပစ္စည်း၀င်ခိုးရာမှ မူယာ့ကို တွေ့ပြီး ပစ်သတ်သွားသည်၊ ထို့နောက် ခြံရှေ့တံခါးမှ ထွက်ပြေးလွတ်မြောက်သွားသည် ဟု ထွက်ဆိုလိုက်မည်။ တကယ်တော့ ဆန်နီကို သူတို့သတ်ပြီး အလောင်းကို ဖျောက်ဖျက်ထားသည်မှာ တစ်လမျှ ရှိလေပြီ။ ထို့ကြောင့် ဤအမှုသည် ဘယ်တော့မှ ‌ပေါ်မည်မဟုတ်တော့ချေ။ ဘယ်လိုရဲမျိုးကမှလည်း ဦးစိန်လင်းလို လူမျိုးကို မေးခွန်းထုတ်ရဲလိမ့်မည်မဟုတ်။

အောင်သောင်း သူ့ဆရာအခန်းတံခါးကို ခေါက်လိုက်သည်။ တံခါးစေ့ထားသဖြင့် သူတွန်း၀င်သွားလိုက်၏။  ဦးစိန်လင်းသည် ကုတင်စွန်းတွင် ခေါင်းငိုက်စိုက်ချကာ ထိုင်လျက်ရှိသည်။

‘ဆရာကြီး၊ ကျွန်တော် ရဲစခန်းကို ဖုန်းဆက်ထားတယ်။ ခဏနေရင် ရဲတွေလာလိမ့်မယ်။ ဆန်နီ သတ်သွားတာလို့ ကျွန်တော် ပြောလိုက်မယ်ဆရာကြီး။ ဆရာကြီး ဆင်းတွေ့စရာမလိုပါဘူး။ ကျွန်တော် ကြည့်ပြောလိုက်ပါမယ်’

ဦးစိန်လင်း ဘာမှ ပြန်မပြော။ တကယ်တော့ ဤအနီးပတ်၀န်းကျင်ရှိ ရဲများအားလုံးသည် သူ့ခါးပိုက်ထဲမှ လခစားများပင်ဖြစ်သည်။ သူ့အနေနှင့် ဘာမှ ပူစရာမလိုချေ။ ထွက်ဆိုစရာရှိသည်များကို အောင်သောင်းကပင် ဒိုင်ခံ ထွက်ဆိုပေးသွားလိမ့်မည်ဖြစ်သည်။ ထို့ပြင် ဦးစိန်လင်းသည် ကလေးအကြောင်းကို လုံး၀မမေးခဲ့။

………………………………………….

အောင်သောင်းသည် ထိုနေ့မှစပြီး ကလေးငယ်ကို အောက်ထပ်ရှိ သူ့အခန်းထဲသို့ ခေါ်ယူကာ ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ အိမ်ကြီးသည် ကြီးမားလှသဖြင့် အောင်သောင်းအခန်းထဲမှ အသံများကို အပြင်မှ တော်ရုံမကြားနိုင်ချေ။ သူ၏အခန်းသည် တိုက်ကြီး၏ အတွင်းနောက်ပိုင်းတွင် ရှိသဖြင့် ဧည့်ခန်းနှင့်လည်း ‌ဝေးကွာသည်။ အောင်သောင်းသည် မူယာကဲ့သို့ ကလေးငယ်ကို အခန်းထဲတွင်ပင် ပိတ်လှောင်မထားခဲ့။ ရံဖန်ရံခါ နောက်ဖေးပေါက်မှ အပြင်သို့ ခေါ်ထုတ်လာတတ်သည်။ ခြံထဲတွင် ကလေးငယ်ကို နေပူစာလှုံစေ၏။ တချို့နေ့များတွင် ဒေါ်ကြီးငွေသည် ဟင်းချက်နေရာမှ ထွက်လာပြီး ကလေးငယ်ကို ကြည့်တတ်သည်။ အဒေါ်ကြီးသည် အစပိုင်းတွင် ကြောက်လန့်သော်လည်း နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့် အသားကျလာသည်။ အောင်သောင်း အပြင်သွားသော အချိန်များတွင် ဒေါ်ကြီးငွေက အလှည့်ကျ ကူထိန်းပေးခဲ့သည်။

ဦးစိန်လင်းသည် အောင်သောင်းတို့၏ အပြုအမူများကို ဘာမှ၀င်မပြောခဲ့။ သူသည် သူ့တပည့် ကလေးနှင့် အလုပ်များနေသည်ကို တွေ့ရလျှင် မသိချင်ယောင်ဆောင်နေတတ်သည်။ သို့သော် သူ့တပည့် မအားမှန်းသိသဖြင့် ယခင်ကလောက် အလုပ်များ မခိုင်းတော့။ ဦးစိန်လင်းသည် မူယာ့အပေါ် ရက်စက်ခဲ့သော်လည်း မိန်းကလေးအပေါ် ချစ်ခဲ့သည်မှာ အမှန်ပင်။ သူသည် မူယာ့အပေါ် သံယောဇဥ်ကြီးခဲ့သည်။ ထို့ပြင် သူ့ကြောင့် အသက်ဆုံးရှုံးသွားရသဖြင့် နောင်တအကြီးအကျယ်ရခဲ့ရသည်။ ဤကလေးငယ်သည် မူယာနှင့် ပတ်သက်ပြီး သူ့ဘ၀ထဲတွင် ကျန်ရစ်သည့် တစ်ခုတည်းသောအရာဖြစ်လေသည်။ ထို့ကြောင့်လည်း အောင်သောင်းနှင့် ဒေါ်ကြီးငွေတို့က ထိုကလေးငယ်အား ကြည့်ရှုထားခြင်းကို သူ၀င်ရောက် မတားမြစ်ခဲ့ခြင်းပင်။ သို့သော် ဦးစိန်လင်းသည် ကလေးငယ်ကို ဘယ်သောအခါမျှ စေ့စေ့ပင် မကြည့်ခဲ့။ သို့မဟုတ် မကြည့်ရဲခဲ့ချေ။

…………………………

‘လီယို’

နောက်တစ်လလောက်ကြာလျှင် ကလေးငယ်သည် ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်ပြီး ယိုင်နဲ့နဲ့နှင့် လမ်းလျှောက်တတ်လာသည်။

‘ဒေါ်ကြီးငွေ’

‘ရှင်’

‘ဒီကောင့်ကို ကျုပ် ‘လီယို’ လို့ နာမည်ပေးလိုက်မယ်’

‘ဟုတ်ကဲ့’

‘လီယိုဆိုတာ အင်္ဂလိပ်လို ခြင်္သေ့ဗျ။ ဒီကောင်က ခြင်္သေ့တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ သိပ်တော့ မကွာဘူးမဟုတ်လား။ ဟား ဟား။ ဟေ့ကောင် လီယို’

လီယိုသည် နားလည်သည့်အလား နားရွက်ကုပ်ကုပ်ကလေးများကိုလှုပ်ကာ အောင်သောင်းကို မော့ကြည့်လိုက်သည်။ ကလေး၏ ကိုယ်ပေါ်တွင် ယောကျ်ားလေး အင်္ကျီနှင့် ဘောင်းဘီတိုလေးတို့ကို ၀တ်ဆင်ပေးထားသည်။ အမြီးနေရာတွင်မူ ဘောင်းဘီကို အပေါက်ဖောက်ပေးထားရ၏။ ဒေါ်ကြီးငွေက သဘောကျစွာပြုံးရင်း လှီးလက်စ ကြက်သွန်များကို ဆက်လှီးနေခဲ့သည်။

………………..

တစ်ရက်တွင် လီယိုသည် ခြံနောက်ဘက် မြက်ခင်းပေါ်တွင် ယိုင်တိယိုင်ထိုးနှင့် လေးဘက်လျှောက်နေသည်။ ယခုအခါ သူ့အသက် ခုနစ်လပြည့်ပြီဖြစ်သည်။ အောင်သောင်းသည် ပက်လက်ကုလားထိုင်တွင် ထိုင်ကာ ဆေးပြင်းလိပ်သောက်နေရင်းမှ ထပြီး အညောင်းဆန့်လိုက်၏။ လီယိုသည် အောင်သောင်း မတ်တတ်ရပ်ပြီး ခါးဆန့်သည်ကို သေချာကြည့်နေသည်။ ထို့နောက် လီယိုသည် တဖြည်းဖြည်းနှင့် သူ၏ နောက်ခြေနှစ်ချောင်းပေါ် အားယူပြီး မတ်တတ်ရပ်ရန် ကြိုးစားလေသည်။ အောင်သောင်း ကလေးငယ်၏ အပြုအမူကို စိတ်၀င်စားစွာစောင့်ကြည့်နေသည်။ လီယို၏ ခြေဖ၀ါးမှာ ရှည်လျားနေသည်။ သို့သော် လီယိုသည် သူ့ခြေဖ၀ါးရှည်ရှည်ကြီးကို အပြားလိုက်ချပြီး မရပ်ဘဲ ခြေ‌ချောင်းများပေါ်တွင်သာ ရပ်ဖို့ကြိုးစားနေသဖြင့် လူများ ခြေဖျားထောက်သလိုဖြစ်ကာ ရှေ့သို့ ဟပ်ထိုးဟပ်ထိုး ပြန်ပြန်လဲကျသွား၏။ သူသည် ခွေးတပိုင်းလူတပိုင်းဖြစ်သဖြင့် လူများလို မတ်တတ်ရပ်သည်နှင့်မတူဘဲ ခွေးတစ်ကောင် ပတတ်ရပ်သလိုသာ ရှိတော့သည်။

အောင်သောင်း စိတ်မကောင်းဖြစ်သွားမိသည်။ လီယိုသည် ဘယ်တော့မှ လူတစ်ယောက် ဖြစ်လာလိမ့်မည်မဟုတ်တော့။ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ လီယိုသည် ဘယ်တော့မှ လူတစ်ယောက်လို မားမားမတ်မတ် လမ်းလျှောက်နိုင်တော့မည် မဟုတ်ချေ။ သူသည် ကလေးငယ်ဆီသို့သွားကာ ခါးကုန်းပြီး လက်ကလေးနှစ်ဘက်ကို ကိုင်ပေးလိုက်သည်။

‘အိ.. အိ… အိ...’

လီယိုသည် သူ၏ အမြီးလေးကို နှံ့ရင်း မြူးထူးစွာ အသံလေးကို ပြုလိုက်၏။ ထိုအသံသည် သူ၏ ရယ်သံပေလော။

‘လီယို။ မပူနဲ့ ငါ့ကောင်။ မင်းကိုငါ တသက်လုံး စောင့်ရှောက်သွားမယ်’

ရွှေသွားအောင်သောင်းသည် လီယိုကို ‘သား’ ဟု တမင်မခေါ်ခဲ့ခြင်းပင်။ အကြောင်းမှာ လီယို၏ တရား၀င် ဖခင်သည် ထိုအိမ်ထဲတွင်ပင် ရှိသေးလေသည်။ တကယ်တော့ ဦးစိန်လင်းသည် ယခုနောက်ပိုင်းတွင် အိမ်ကပ်သည်မရှိတော့ဘဲ သူ၏ မယားငယ်အိမ်များတွင်သာ လှည့်ပတ်သွားလာနေထိုင်နေတော့သည်။ ‘သား’ ဟု မခေါ်ရသည့် နောက်တစ်ကြောင်းမှာမူ လူမိုက်ကြီးအောင်သောင်းသည် မိမိကိုယ်တိုင်၏ နှလုံးသား ခံစားချက်များကို နားမလည်သောကြောင့်ဖြစ်သည်။ သူသည် ထိုနေရာသို့ မသွားရဲခဲ့ချေ။ ထိုကဲ့သို့ ချစ်ခင် ကြင်နာခြင်း၊ သံယောဇဥ်တွယ်ခြင်း နယ်မြေသည် သူမကျွမ်းကျင်သော နေရာဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ရင်ဘတ်ကြီးကို ဖွင့်ပြီး လီယိုအား အလုံးစုံ အကြွင်းမဲ့ ဖခင်မေတ္တာစိတ်ထားပြရမည်ကို ကြောက်ရွံ့နေခဲ့လေသည်။

……………………

...ဒါ...ဒါ…… ဒါ…

‘ဟင်’

အောင်သောင်း မျက်လုံးများ ပြူးသွားမိသည်။ သူသည် တမနက်တွင် လီယိုနှင့် စားပွဲတွင်ထိုင်ပြီး မနက်စာစားနေခဲ့သည်။ ဦးစိန်လင်းမရှိသည့်ရက်များတွင် သူတို့နှစ်ယောက်သည် ထမင်းစား စားပွဲတွင် ထိုင်ပြီး စားသောက်တတ်သည်။ လီယိုအတွက် ကလေးထိုင်ခုံလေးတစ်လုံးကို အောင်သောင်း စီစဥ်ပေးထား၏။ နောက်မှီပါသော ခွေးခြေအမြင့်ကို ခါးပတ်နှင့် သေချာပတ်ပြီး ထိုင်ရသော ခုံမျိုး။ သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ဆောက်ပေးထားခြင်းပင်။ လီယိုသည် ထိုမနက်တွင် ကွေကာအုတ် ထိုင်သောက်နေရင်းမှ စားပွဲပေါ်ရှိ နို့ဘူးကို လက်ထိုးပြပြီး ပါးစပ်မှ … ဒါ...ဒါ.. ဒါ .. ဟု ပြောလိုက်လေသည်။

လီယိုသည် အသက်တစ်နှစ်သားကျော်ပြီ ဖြစ်သဖြင့် လူအစစ်ကလေးဆိုလျှင် စကားတစ်လုံးစ နှစ်လုံးစ ပြောတတ်ရမည်ဖြစ်သည်။ လီယိုသည် အခြားသော ခန္ဓာကိုယ်လှုပ်ရှားမှုများတွင် လူသားကလေးထက် အချိန်စောပြီး ဖွံ့ဖြိုးနေကြောင်း အောင်သောင်းရိပ်မိထားပြီးဖြစ်သည်။ သူသည် တစ်လကျော်တွင်ပင် လေးဘက်သွားတတ်နေခဲ့သည်။ ခုနစ်လလောက်တွင် ပတတ်ရပ်တတ်ခဲ့သည်။ လီယိုသည် မူယာသေဆုံးသွားခါစက အာဟာရချို့တဲ့ကာ ပိန်လှီနေခဲ့သော်လည်း အောင်သောင်းက ကောင်းစွာ ကျွေးမွေးသည့်အပြင် ခြံထဲခေါ်ထုတ်ကာ ဆော့ကစားစေခဲ့ခြင်းကြောင့် တဖြည်းဖြည်းနှင့် သန်မာလာခဲ့သည်။ သို့သော် သူ၏ အမွေးများမှာ ခွေးအစစ်လိုလည်း အပြည့်မပေါက်၊ လူကဲ့သို့လည်း မဟုတ်သဖြင့် နီရဲသော အရေပြားပေါ်တွင် ကျိူးတိုးကျဲတဲနှင့် ကြည့်ရသည်မှာ သဘာ၀နှင့် အင်မတန်ဆန့်ကျင်နေခဲ့လေသည်။ အောင်သောင်းနှင့် ဒေါ်ကြီးငွေတို့သည် လီယိုကို နေ့စဥ်မြင်တွေ့နေရသဖြင့် ကျင့်သားရနေသော်လည်း အပြင်လူတစ်ဦးသာ ရုတ်တရက်တွေ့လိုက်ပါမူ မူးမေ့လဲကျသွားမည်ဖြစ်သည်။

ယခု လီယို၏ ပါးစပ်မှ ‘ဒါ.. ဒါ..’ ဟု ပြောလိုက်လျှင် အောင်သောင်းသည် အင်မတန် အံ့သြကာ ၀မ်းလည်းသာသွားမိ၏။

‘လီယို.. လီယို.. စကားပြောပြီဗျ။ ဒေါ်ကြီး‌ငွေရေ… လီယို စကားပြောတယ်ဗျ… ဟား ဟား ဟား။ ငါ့ကောင်… မင်း မင်း။ ငါထင်ထားတဲ့အတိုင်းပဲ… မင်း တိရစ္ဆာန်မဟုတ် ပါဘူးကွာ.. ဟား ဟား ဟား… မင်း.. တိရစ္ဆာန်မဟုတ်ဘူးကွ...’

လူမိုက်ကြီးသည် ၀မ်းသာအားရ အော်ပြောနေရင်းမှ ရင်ထဲတွင် ဆို့နစ်လာပြီး အသံကြီး တိမ်၀င်သွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင် မျက်ရည်များ၀ဲလာသည်။ သူ အံ့သြသွားလေသည်။ ...ငါ ဘယ်တုန်းက မျက်ရည်ကျဖူးခဲ့သလဲ...။ သူ ပြန်စဥ်းစားမိသည်။ သူ့ဘ၀တွင် နောက်ဆုံး မျက်ရည်ကျခဲ့ရသည့်အဖြစ်ကို အောင်သောင်း မမှတ်မိနိုင်ခဲ့ချေ။

ထိုနေ့မှစပြီး လီယိုသည် တဖြည်းဖြည်းနှင့် စကားပြောတတ်လာလေသည်။ သို့သော် သူ၏ အသံသည် ပုံမှန်ကလေးငယ်တစ်ဦးအသံနှင့် တူမနေခဲ့။ လီယိုသည် ခွေးတကောင်လို အသံပြုလျှင်မူ တအီအီနှင့် ရှိသော်လည်း လူလို စကားပြောလျှင်မူ အသံကြီးက မာန်ဖီသလို အက်ကွဲကွဲဖြစ်နေခဲ့သည်။ အသံအိုးဖွဲ့စည်းပုံမတူညီ၍ ဖြစ်မည်ဟု အောင်သောင်း ခန့်မှန်းမိသည်။ ထို့ပြင် လီယို၏ လျှာမှာ လူများထက် ပိုရှည်ပြီး သူ၏ သွားများမှာလည်း ခွေးစွယ်များလို မဟုတ်သည့်တိုင် ရှည်လျား၍ အဖျားများတွင် ချွန်ပြီး ရှူးတက်သွားကြသည်။

‘မင်းစကားပြောတတ်တာဟုတ်ပြီ။ ကြာရင် ငါမင်းကို ကျောင်းထားပေးရမယ်ထင်တယ်။’

ဟုပြောရင်းမှ သူစဥ်းစားမိသွားပြီး စိတ်မကောင်းဖြစ်ရပြန်သည်။ ‘မင်းဒီပုံနဲ့ ဘယ်လို ကျောင်းတက်မလဲ။ သူငယ်ချင်းတွေရော ဘယ်လိုရမလဲ’

သူထပ်ပြီး မငိုမိအောင် ထိန်းရပြန်လေသည်။

……………………………………..

နောက်တစ်ရက်တွင် အောင်သောင်းသည် သူ့ဆရာ ရှားရှားပါးပါး အိမ်တွင် ရှိသည့်အချိန်၌ ဦးစိန်လင်း ရှိနေသော ရုံးခန်းထဲသို့ ၀င်သွားလိုက်သည်။

‘ဆရာကြီး။ ကျွန်တော် ဆရာကြီးကို တစ်ခုပြောချင်လို့ပါ’

‘အေး ပြောကွာ’

‘ကျွန်တော် လီယိုနဲ့ ပတ်သက်ပြီး...’

‘ဟင် ဘယ်က လီယိုလဲ’

ကလေးငယ်အသက်မှာ သုံးနှစ်မျှပင် ရှိ‌တော့မည်။ ဦးစိန်လင်းသည် လီယို၏ အမည်ကို မသိသေးချေ။

‘ဟို.. လီယိုဆိုတာ .. ကလေးကို ကျွန်တော် ပေးထားတဲ့နာမည်ပါ’

ကလေးနှင့် ပတ်သက်ပြီး စကားဟသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သည်။ ဦးစိန်လင်း နှုတ်ဆိတ်သွားသည်။ သူ ရုတ်တရက် ဘာဆက်ပြောရမှန်းမသိ။ ခဏနေမှ ဆက်ပြီး -

‘အေး။ အဲတော့ ဘာဖြစ်လဲ’

‘လီယို စကားပြောတတ်ပြီဆရာကြီး’

‘ဟေ...’

ဦးစိန်လင်း တကယ်ပင် အံ့သြသွားသည်။

‘ဘာပြောတယ်။ ဒီကောင်လေးက စကားပြောတတ်တယ် ဟုတ်လား။ ဘာစကားပြောတာလဲ’

အောင်သောင်း ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ လူစကား ပြောတာဟု ပြန်ဖြေရမလား။

‘ဟို.. မြန်မာစကားပြောတာဆရာကြီး။ အဲ.. ကျွန်တော်ထင်တာတော့ အင်္ဂလိပ်စကား သင်ပေးလည်း တတ်မှာပဲ။ သူ့ကြည့်ရတာ လူ့အသိဥာဏ်ရှိပုံရတယ် ဆရာကြီး’

ဦးစိန်လင်း မျက်မှောင်ကြီးကို ကြုတ်ရင်း စဥ်းစားနေသည်။ သူနှင့် အောင်သောင်းတို့သည် ထိုကလေးအကြောင်းကို မပြောဘဲ ရှောင်လွှဲနေခဲ့ကြသည်။ အခုမှသာ စကားစရခြင်းပင်။ သူ့စိတ်ထဲတွင် ပြောစရာ စကားတွေ အများကြီးရှိနေခဲ့ကြောင်း သတိထားမိသွား၏။

‘လူ့အသိဥာဏ်ရှိမှာပေါ့ကွာ။ သူ့အမေက လူပဲ’

တုန်ရီသွားသော အသံနှင့် ဦးစိန်လင်း ပြောလိုက်၏။ ‘ထိုင်စမ်းကွာ။ ဒီမှာ။ … လီယို .. ဟုတ်လား။ အင်း… ဒီကောင်လေး အသက်ဘယ်လောက်တောင် ရှိပြီလဲ’

‘သုံးနှစ်ဆရာကြီး။ ဒီကောင်က တော်တော်လည်..’

ဆရာဖြစ်သူ လက်ကာပြလိုက်သည်။ သူ့အတွက် အချိန်လိုသည်။ အောင်သောင်းထံမှ အများကြီး သူမသိလိုသေး။

‘အောင်သောင်း။ ငါမင်းကို ပြောမယ်ကွာ။ သေချာနားထောင်’

‘ဟုတ်ကဲ့ပါဆရာကြီး’

‘ငါ ဒီကလေးကို မသတ်ခဲ့ဘူး။ မင်းလည်း မသတ်ခဲ့ဘူး။ ဟုတ်တယ်နော်’

‘ဟုတ်ပါတယ်ဆရာကြီး’

‘ငါ မသတ်ခဲ့တိုင်း ဒီကလေးကို ငါ မွေးမယ်ဆိုတာမဟုတ်ဘူး အောင်သောင်း။ အဲဒါမင်းနားလည်လား’

တကယ်တော့ သူ့ဆရာပြောသည်ကို အောင်သောင်း သေချာနားမလည်ခဲ့။ မမွေးဘူးဆိုလျှင် မိဘမဲ့ ဂေဟာသို့ သွားစွန့်ပစ်တော့မည်လား။ သူ ရင်တထိတ်ထိတ်နှင့် ဆက်ပြီး နားထောင်နေခဲ့ရသည်။

‘တကယ်တော့ ဒီစကားကို ငါ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ပြောရမှာ။ ဘာပဲဖြစ်ဖြစ် နောက်အကျလွန်တယ်လို့ မရှိပါဘူး။ ဒီမှာအောင်သောင်း - မင်းရဲ့ကောင်လေးကို မင်းပဲ ဆက်ပြီး မွေးလိုက်ပါ။ အခုလည်း ငါကြည့်နေတာ မင်းက သူ့ရဲ့ အဖေတစ်ယောက်လိုဖြစ်နေပါပြီ’

တပည့်ကြီး၏ ရင်ထဲမှ အလုံးကြီးကျသွားသည်။ ..တော်ပါသေးရဲ့။ သွားပြီး မစွန့်ပစ်ခိုင်းလို့...။

‘ဒါပေမဲ့...’

အောင်သောင်း ပြန်ပြီး စိတ်ပူသွားရပြန်သည်။ သူသည် ယခုအချိန်တွင် ဒါပေမဲ့ ဆိုသော စကားကို မကြားလိုချေ။ ဦးစိန်လင်းက ဆက်ပြောသည်။

‘ဒါပေမဲ့… ဒီကလေးအကြောင်းကို မင်းနဲ့ ‌ဒေါ်ကြီးငွေကလွဲပြီး ဘယ်သူမှ မသိပါစေနဲ့’

‘ဟုတ်ကဲ့ပါ ဆရာကြီး’

သူ ကတိပေးလိုက်ရသော်လည်း စိတ်ထဲတွင်မူ … ကလေးကြီးလာရင် ဘယ်လိုလုပ်မလဲ။ ဆယ်ကျော်သက် အရွယ်ရောက်လာရင်။ လူကြီးဖြစ်လာရင်….။ ဤကလေးသည် လူသာမန်ထက်ပိုစောပြီး အရွယ်ရောက်မှာ သေချာသည်။ နောက် သုံးလေးနှစ်လောက်ကြာလျှင်ပင် ဆယ်ကျော်သက်အရွယ် ဖြစ်ချင် ဖြစ်သွားနိုင်သည်။ ယခုပင်လျှင် ကလေး၏ အလုံးအထည်မှာ အတော်ကြီးမားနေလေပြီ။

ဘာပဲပြောပြော လီယိုအား တရား၀င် စောင့်ရှောက်ခွင့် ရလိုက်သဖြင့် အောင်သောင်း၏ စိတ်ထဲတွင် အတော် ပေါ့ပါးသွားသည်။ သူကား ယခုအခါ မွေးစားဖခင်တစ်ဦး အမှန်ဖြစ်သွားလေပြီ။

‘သား...’

သူ့စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ သို့သော် အောင်သောင်းသည် ထိုစကားလုံးကို သူ၏ ရင်ထဲတွင်သာ ထားမည်ဖြစ်ပြီး လက်တွေ့တွင်မူ ပါးစပ်မှ ထုတ်ပြောခြင်းငှာ စွမ်းနိုင်လိမ့်မည်မဟုတ်ချေ။ သူ့ဘ၀တွင် သူလုပ်ခဲ့သော ဒုစရိုက်မှုများ၊ မကောင်းမှု အကုသိုလ်များသည် ကြီးမား များပြားလှသည်။ သူ၏ သန္တာန်တွင် စိတ်ကောင်းနှလုံးကောင်း ပေါ်လာသည့်အခါများတွင် ထိုအတိတ်မှ အကုသိုလ်များသည် အရိပ်မည်းကြီးများပမာ သူ့ကို ခြောက်လှန့်တတ်လေသည်။ ထို့ကြောင့် အောင်သောင်းသည် ထိုပျော့ပျောင်းသော စိတ်များကို အ၀င်မခံဘဲ သူ့၏ စိတ်နှလုံးကို အမြဲ ကြမ်းတမ်းမာကျောအောင် လေ့ကျင့်ကာကွယ်ထားလေ့ရှိသည်။ သို့သော် လီယို သူ့ဘ၀ထဲသို့ ၀င်ရောက်လာပြီး နောက်ပိုင်းများတွင် သူ့စိတ်သည် နူးညံ့လာသည်။ ထိုအခါ ယခင်က နောင်တများသည် တဖြည်းဖြည်းနှင့် ခေါင်းပြူလာပြီး သူ့ကို နှိပ်စက်လေတော့သည်။ လူမိုက်ကြီးသည် ညအခါများတွင် အိပ်မက်ဆိုးများမက်ပြီး လန့်လန့်နိုးတတ်လာသည်။ သူသတ်ခဲ့သော အလောင်းကောင် ကြီးများသည် ညရောက်လျှင် သူ့ခြေထောက်များကို လာဆွဲတတ်ပြီး သူ၏ ကိုယ်ပေါ်တွင် ခွစီးကာ ခြောက်လှန့်ကြလေသည်။ သို့သော် မနက်လင်း၍ လီယို၏ သနားစရာမျက်နှာလေးကို မြင်ရလျှင် သူ၏ စိတ်များသည် ကြည်လင်ငြိမ်းချမ်းသွားရပြန်သည်။

‘ဘာပဲပြောပြော ငါလုပ်ခဲ့တာတွေနဲ့ယှဥ်ရင် ဒီအိပ်မက်ဆိုးတွေ မက်ရတာ မပြောပလောက်ပါဘူး။ ငါ တော်တော် ဆိုးခဲ့တာပါလား’

အောင်သောင်းသည် နောင်တများရပြီး စိတ်ထားများ ပြောင်းလဲလာသော်လည်း သူ့ဆရာဖြစ်သူ ဦးစိန်လင်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ ဒုစရိုက်မှုများကို ဆက်ကျူးလွန်နေဆဲပင်ဖြစ်သည်။ ကလေးတဘက်နှင့် မအားလပ်သောကြောင့် အောင်သောင်းသည် ဦးစိန်လင်း၏ လက်ရုံးအဖြစ်မှ ရာထူးကျသွားပြီး ဦးစိန်လင်းသည် ယခုအခါ ယခင်က အောင်သောင်း၏ တပည့် စိုးသန်းကိုသာ အားကိုးနေလေသည်။ တဖြည်းဖြည်းနှင့် စိုးသန်းသည် ဦးစိန်လင်း၏ လူယုံတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ တခါတရံ စိုးသန်းနှင့် ဦးစိန်လင်းတို့ ရုံးခန်းထဲတွင် တိုင်ပင်နေကြသည့် အချိန်များတွင် ဦးစိန်လင်းသည် ရုံးခန်းတံခါးကို သော့ခတ်ထားတတ်သည်။

‘ဟိုကောင်လေးကို မတွေ့အောင် ငါ တံခါး သော့ခတ်ထားတာ။ မင်း အဲဒီကလေး ဒီဘက်မလာအောင် စောင့်ကြည့်ထား’

ဟု ဦးစိန်လင်းက အကြောင်းပြခဲ့သည်။ ယခင်ကဆိုလျှင် ထိုသို့ဆက်ဆံခံရပါက အောင်သောင်း ခံပြင်းမိမည်ဖြစ်သော်လည်း ယခုမူ ခိုးဆိုးလုယက် သတ်ဖြတ်ရမည့်အလုပ်များ မလုပ်ရတော့သည့်အတွက် ၀မ်းပင်သာမိသေးလေသည်။

‌ရွှေသွားအောင်သောင်းသည် ကော်ဘရာ မြွေဟောက် လူဆိုးဂိုဏ်းကို တည်ထောင်ခဲ့သော လက်မရွံ့လူမိုက်ကြီးဘ၀မှသည် အိမ်မြဲသော မွေးစားဖခင်တစ်ဦးအဖြစ်သို့ နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားခဲ့သည်။ သို့သော် သူ လီယိုကို စောင့်ရှောက်နေသည်ကိုမူ မည်သူမျှ မသိကြချေ။ လူအများ၏ အမြင်တွင် အောင်သောင်းသည် အရင်လို အစွယ်မထက်တော့သဖြင့် ဦးစိန်လင်းက ချောင်ထိုးထားလိုက်သည်ဟုသာ မြင်ခဲ့ကြလေသည်။

‘သူတို့ ငါ့ကို ဘယ်လိုထင်ထင် ဘာအရေးလဲကွာ ဟုတ်လား။ ဒီမှာ လီယို မင်းအတွက် ငါ စာအုပ်တွေ ၀ယ်လာတယ်။ ဒါက ကကြီး ခခွေး။ ဒါက အေ ဘီ စီ ဒီ’

‘… အေ.. ဘီ.. စီ .. ဒီ...’

လီယို ချက်ချင်းပင် လိုက်ဆိုနိုင်သဖြင့် အောင်သောင်း မျက်လုံးများ ပြူးသွားသည်။

‘ဦး ဦး … စာအုပ်’

‘အေး ဟုတ်တယ်။ လီယို… မင်းကို ငါ စာဖတ်တတ်အောင် သင်ပေးမယ်။ စာဖတ်တတ်ရုံမကဘူး - ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင် ငါသင်ပေးမယ်ကွ။ ဒါမှ မင်း ငါတို့လို မကောင်းမှု ဒုစရိုက်တွေ မလုပ်ရမှာ’

‘ဦး ဦး… လီယို ဦး ဦး နဲ့ စာအုပ်ဆိုင် လိုက်ချင်တယ်။ အပြင်ထွက်ချင်တယ်...’

လေးနှစ်ပြည့်လုနီးပြီဖြစ်၍ လီယိုသည် အတော်ပင် နားလည်နေလေပြီ။ အိမ်တွင် လူမရှိသည့်အခါများ၌ အောင်သောင်းသည် လီယိုကို ဧည့်ခန်းသို့ခေါ်ပြီး တီဗီဖွင့်ပြလေ့ရှိသည်။ လီယိုသည် အပြင်လောကကို အလွန်စိတ်၀င်စားသည်။ သူ့ဘ၀တွင် အောင်သောင်းနှင့် ဒေါ်ကြီးငွေတို့သာ ရှိပြီး ဦးစိန်လင်းနှင့် ဧည့်သည်များ လာလျှင်လည်း သူသည် အခန်းထဲတွင်သာ ပုန်းနေရသည်။ ခြံစည်းရိုးတံတိုင်းကြီးမှာလည်း မြင့်မားလွန်းသဖြင့် အပြင်လောကကို လုံး၀မမြင်ရချေ။

‘အေးကွာ...။ မင်းကိုငါ နောက်တော့ ခေါ်သွားပါ့မယ်။ အခုတော့ စာအုပ်တွေပဲ ဖတ်ဦး။ ဟုတ်ပြီလား’

အောင်သောင်းသည် စိတ်မကောင်းစွာနှင့် ကလေးငယ်ကို ဖြေသိမ့်လိုက်ရသည်။ သူ့စိတ်ထဲတွင်မူ လီယိုအတွက် အပြင်လောကနှင့် ထိတွေ့နိုင်ရန် အကြံထုတ်လျက်ရှိလေသည်။

………………………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#လူမိုက်
#ကောင်လေး
#အချိန်
#လောက

Some text some message..