ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၆)
lotaya.mpt.com.mm
|
2022-05-21

လီယို့အတွက် မိခင်မေတ္တာ

………………...……….

‘မင်းရူးနေလား အောင်သောင်း’

ဦးစိန်လင်း ကျယ်လောင်စွာ အော်လိုက်သည်။ သို့သော် ရွှေသွားအောင်သောင်းသည် အနည်းငယ်မျှ တွန့်ဆုတ်သွားခြင်းမရှိ။ တည်ငြိမ်စွာပင် ဦးစိန်လင်းနှင့် မျက်နှာချင်းဆိုင်ကာ ရပ်လျက်ရှိ၏။ သူ့ဆရာ ဤသို့ တုန့်ပြန်မည်ဟု သူမျှော်လင့်ခဲ့ပြီးသားပင်။ အောင်သောင်း တည်ငြိမ်အေးဆေးစွာ ပြောပြီးသား စကားကိုပင် တစ်လုံးချင်းထပ်ပြောခဲ့သည်။

‘လီယို့ကို စာသင်ပေးဖို့ ဆရာမတစ်ယောက် ငှားချင်လို့ပါ ဆရာကြီး’

သဌေးကြီး၏ မျက်လုံးများ ပိုပြီးပြူးကျယ်သွားသည်။ သူ၏ ပြောင်နေသော နဖူးကြီးပေါ်တွင် အကြောကြီးများ ထောင်ထလာ၏။

‘မင်း တကယ် အတည်ပြောနေတာပါလား’

ဤတစ်ကြိမ်တွင်တော့ အောင်သောင်း ဘာမှထပ်မပြောခဲ့။ သူပြောလိုသည်ကို ပြောပြီးလေပြီ။ ကျန်တာသည် သူ့လက်ထဲတွင် မရှိတော့။ ဦးစိန်လင်း ဆက်ပြီးဆုံးဖြတ်ရန်သာ။

‘နေပါဦး။ မင်းက ဒီကောင်လေးကို ဘာလို့စာသင်ပေးချင်ရတာလဲ။ စာတတ်သွားတော့ရော သူက ဘာဖြစ်မှာလဲ’

‘လီယိုက လေးနှစ်ပဲ ရှိသေးတယ် - အေဘီစီဒီ ကကြီးခခွေး အကုန်တတ်နေပြီဆရာကြီး။ ရေးလည်း ရေးတတ်တယ်။ ဖတ်လည်း ဖတ်တတ်တယ်’

‘ရေးတတ်တယ်ဟုတ်လား’

‘ဟုတ်ကဲ့။ သူ့လက်လေးတွေနဲ့ ခဲတံကိုင်တတ်တယ်။ စာရေးတတ်တယ်။ ပုံလည်း ကောင်းကောင်းဆွဲတတ်တယ်။ အစပိုင်းပဲ ခက်တာ ဆရာကြီး။ ကျွန်တော် သင်ပေးတာ အခု တော်တော်ဟုတ်နေပြီ။ ဒီထက် ပိုအဆင့်မြင့်တာလေးတွေသင်ဖို့ကတော့ ဆရာမနဲ့မှ ဖြစ်မှာ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပညာတတ်မဟုတ်တော့ ဒီလောက်လေးတောင် မနည်းသင်ပေးခဲ့ရလို့ပါ ဆရာကြီး’

‘အဲဒါတော့ ထားပါတော့။ ဒါပေမဲ့ ငါမေးတာ မင်းဖြေပါဦး။ မင်းကောင်လေးက စာတတ်သွားတော့ရော ဘာဖြစ်မှာလဲ။ သူက လူမဟုတ် တိရစ္ဆာန်မဟုတ်။ လူကြားထဲတောင် ထုတ်ပြလို့မရတဲ့ သတ္တ၀ါလေးကို မင်းက ဘယ်လောက်ထိတောင် မှန်းထားလို့လဲဟ’

လူမိုက်ကြီး မျက်နှာတည်သွားသည်။ လီယို့အား ထိုသို့ပြောသည်ကို သူမခံနိုင်ဖြစ်သွားခြင်းပင်။ သို့သော် ဦးစိန်လင်း သတိမထားမိအောင် စိတ်ကိုပြန်ထိန်းလိုက်ပြီး -

‘လီယိုက ဥာဏ်ကောင်းတယ်။ သူ ဒီနှုန်းအတိုင်း ပညာသင်သွားရင် နောက်လေးနှစ်လောက်ဆို ဘွဲ့ရတစ်ယောက်အဆင့်ရောက်ပြီ။ အဲ့ကျရင် ဆရာကြီးရဲ့ လုပ်ငန်းတွေ၊ စာရင်းဇယားတွေနဲ့ ပတ်သက်ပြီး သူ့ကို သုံးလို့ရတယ်။ အားကိုးရမှာပဲ ဆရာကြီး’

ဦးစိန်လင်း သူ့မေးစိကြီးကို ပွတ်ပြီး စဥ်းစားနေသည်။ သူသည် လောဘသားတစ်ဦးပီပီ အရာရာကို အကျိုးအမြတ်တွက် စဥ်းစားတတ်သူဖြစ်လေသည်။ ယခု အောင်သောင်း၏ စကားက သူ့စိတ်ကို အနည်းငယ် ဆွဲဆောင်သွားသည်။

‘မင်းကောင်က အဲလောက် အသုံးကျအောင် တော်ပါ့မလား’

‘ဘယ်ပြောကောင်းမလဲ ဆရာကြီးရယ်။ လီယိုက ပါရမီရှင်အဆင့်ရောက်မှာ။ ဒီကောင် ဥာဏ် သိပ်ကောင်းတယ်’

အောင်သောင်း လီယို့အကြောင်းပြောရသည်နှင့် မျက်နှာက ပြုံးလာတတ်သည်။ သူသည် လီယို့အတွက် အမြဲလိုလို ဂုဏ်ယူတတ်သည်။ ဖခင်တစ်ယောက်က သားအကြောင်းပြောပြရင်း ခံစားရသည့် ခံစားမှုမျိုးပင်။

‘မင်းဘာပြောပြော ဒီကောင်လေးကို အပြင်လူ ဘယ်သူမှ တွေ့လို့မဖြစ်ဘူး။ တခုခုဆို ငါအရှက်ကွဲမှာ။ သိက္ခာကျမှာ။ ဒီလောကမှာ ငါက နာမည်တစ်လုံးနဲ့နေတာ မင်းလည်းအသိ’

‘ဟုတ်ပါတယ် ဆရာကြီး။ အဲဒီအတွက် ကျွန်တော် ကြိုစဥ်းစားထားပြီးသားပါ’

……………………………………..

အောင်သောင်းသည် ပြောသည့်အတိုင်း ဖြစ်အောင်လုပ်တတ်သူတစ်ဦးဖြစ်သည်။ သူသည် တိုက်ကြီးထဲရှိ စတိုခန်းတစ်ခန်းကို စာသင်ခန်းအဖြစ် ပြောင်းလဲလိုက်သည်။ ပထမဆုံး အခန်းကို နှစ်ကန့်ကန့်သည်။ ကန့်ထားသော နံရံတွင် ပြတင်းပေါက်အကြီးတစ်ပေါက် ဖောက်ပြီး ထိုပြတင်းပေါက်ထဲတွင် စစ်ကြောရေးစခန်းများ၌သုံးသည့် တဘက်မြင် မှန်ကြီးတစ်ချပ်ကို တပ်လိုက်သည်။ ထိုမှန်ကြီးသည် အတွင်းမှ အပြင်ကိုသာ မြင်နိုင်ပြီး အပြင်မှ အတွင်းသို့မူ မမြင်နိုင်ချေ။ အခန်းကို နှစ်ပိုင်းခွဲထားသော နံရံသည် မျက်နှာကြက်နားတွင် လွတ်နေသဖြင့် တဘက်မှ အသံကိုမူ ကောင်းစွာကြားနိုင်သည်။ ထိုနံရံတွင် တံခါးတပေါက်လည်း ဖောက်ပေးထားသည်။ လီယိုသည် ဆရာမ မလာမီ အခန်းထဲ ကြို၀င်နေရမည်ဖြစ်ပြီး ဆရာမက အပြင်ဘက်ပိုင်းတွင် ထိုင်ကာ မှန်ကာပြီး စာသင်ပေးရမည်ဖြစ်သည်။

………………………………..

‘လာ လာ ဆရာမ။ ကျွန်တော်တို့ အခုပဲ ဆရာမကို စောင့်နေကြတာ။’

‘ဟုတ်ကဲ့ရှင့်။ ကျွန်မ နောက်တော့ မကျပါဘူးနော်’

ဖြူစင်ထက် တံခါးအ၀င်၀တွင် ဖိနပ်လေးကို ချွတ်ရင်း မေးလိုက်သည်။ ရွှေသွားအောင်သောင်းသည် မိန်းကလေးကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း ခရီးဦးကြိုပြုလေသည်။ ဖြူစင်ထက်သည် အမည်နှင့်လိုက်အောင် ဖြူစင်သော အသားအရည် ရုပ်သွင်ရှိသည်။ အသက်အရွယ်မှာ နှစ်ဆယ်ကျော်မျှရှိသဖြင့် ငယ်ရွယ်နုပျိုသည်။ သူမသည် နက်မှောင်သော ဆံပင်ကို ကျောနောက်တွင် သပ်ရပ်စွာ ထုံးထားခဲ့သည်။ မိန်းကလေးသည် ဆေးကျောင်းတက်ရင်း တဘက်တလမ်းမှ ၀င်ငွေရအောင် ကလေးငယ်များကို စာသင်ပေးခဲ့ခြင်းဖြစ်သည်။

သူမ ဤအလုပ်ကို လက်မခံမီ သူမ၏ မိဘများနှင့် အတိုက်အခံလုပ်ခဲ့ရသည်။ ဖြူစင်ထက်၏ မိဘများသည် သူတို့၏ သမီး ဦးစိန်လင်း အိမ်တွင် အလုပ်လုပ်ရမည်ကို သဘောမကျခဲ့။ သို့သော် ဖြူစင်ထက်သည် ကျောင်းစရိတ်အပြင် သူမမိခင်ကြီး၏ ကျန်းမာရေးအတွက် ဆေးဖိုး၀ါးခလိုခဲ့လေသည်။ ထို့ကြောင့်လည်း သူမသည် ဒုစရိုက်သမားကြီး၏ အိမ်တွင် လုပ်ရမည်ဖြစ်သော်လည်း လခကောင်းသဖြင့် လက်ခံခဲ့သည်။ ထို့ပြင် သူမသင်ပေးရမည့်ကလေးငယ်မှာ ထူးဆန်းသော ရောဂါတစ်မျိုး စွဲကပ်နေသည်ဟု အောင်သောင်းက ပြောခဲ့သောကြောင့်ပင်။

‘ကလေးမှာ အ‌ရေပြားရောဂါတစ်မျိုးဖြစ်နေတယ် ဆရာမ။ တကယ်တော့ အရေပြားတင်မဟုတ်ဘူး၊ သူ့ တစ်ကိုယ်လုံးက လူမြင်ခံလို့မရလောက်အောင် ဖြစ်နေတယ်။ အဲဒါကြောင့် စာသင်တဲ့အခါ ကြားမှာ မှန်ခြားပြီး သင်ဖို့ ကျွန်တော် စီစဥ်ထားတယ်။’

‘ဒါဆို ကလေးက ကျွန်မသင်တာတွေကို ဘယ်မြင်မှာလဲရှင့်’

သူမကို အလုပ်အင်တာဗျူးစဥ်က ပြောခဲ့သော စကားများဖြစ်သည်။

‘အဲဒီအတွက်တော့ မပူပါနဲ့ဆရာမ။ မှန်က တဘက်မြင်မှန်ပါ’

အောင်သောင်းသည် ဆရာမ ဖြူစင်ထက်ကို အိမ်ခန်းထဲသို့ ခေါ်သွားခဲ့၏။ အခန်းတဘက်တွင် လီယိုက အသင့်ဖြစ်နေပြီ။ အခန်းထဲရောက်လျှင် -

‘လီယို၊ ဒီမှာ မင်းကို စာသင်ပေးမယ့် ဆရာမ ရောက်လာပြီ။ ငါပြောထားတဲ့အတိုင်း မင်းလိမ္မာရမယ်နော်’

‘ဟုတ်ကဲ့ ဦး ဦး...’

ကလေးငယ်၏ အက်ကွဲကွဲအသံလေးကို ကြားလျှင် ဖြူစင်ထက် ချိုသာစွာ ပြုံးလိုက်သည်။

‘သားနာမည်က လီယိုလား။ နာမည်က အပျံစားပဲနော်။ သား ဦးဦးက တော်တော် ခေတ်မီတာပဲ’

လီယို သူ့ကို ဘယ်သူမှ ‘သား’ ဟု မခေါ်ဖူးသဖြင့် အံ့အားသင့်သွားသည်။

‘ဆရာမ။ သား ဆိုတာ ဘယ်သူလဲဟင်’

‘ဟင်.. သားဆိုတာ လီယို့ကို ချစ်စနိုးနဲ့ခေါ်တာပေါ့ကွဲ့’

‘ချစ်စနိုးဆိုတာဘာလဲဟင်’

လီယို၏ ငယ်ရွယ်လှသော ဘ၀လေးတွင် ‘အချစ်’ ဆိုသော စကားကို သူမကြားခဲ့ဖူး။ မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့ကို ချစ်တယ်ဟု ထုတ်မပြောခဲ့ကြဖူးချေ။ သူသည် ရွှေသွားအောင်သောင်းနှင့် ဒေါ်ကြီးငွေတို့ထံမှ မေတ္တာဓာတ်ကို ခံစားမိသော်လည်း ‘သားလေးကို ချစ်လိုက်တာ’ ဟုမူ တခါမှ အပြောမခံခဲ့ရဖူးပါချေ။ ထို့ကြောင့် ယခု ဆရာမလေးဖြူစင်ထက်၏ ကြင်နာသော အပြုအမူ၊ ချိုသာသော စကားများကို ကြားရလျှင် သူ့အတွက် အထူးအဆန်းဖြစ်နေခဲ့လေသည်။

‘ကဲ လီယို၊ မင်းမေးချင်ရင် ဆရာမ နေရာတကျ ခုံမှာထိုင်ပြီးမှ မေးပေတော့။ ဆရာမ အားလုံးကို ရှင်းပြလိမ့်မယ်’

ဟု အောင်သောင်းက ၀င်ပြောလိုက်ရသည်။ ထိုအခါမှ ဖြူစင်ထက်သည် တဘက်ပိတ်မှန်ကြီး၏ ရှေ့တွင် ၀င်ထိုင်ရင်း ထိုပထမနေ့တစ်နေ့လုံး လီယိုမေးသမျှ သိချင်သမျှများကိုသာ ဖြေကြားခဲ့ရလေ‌တော့သည်။

‘ဦးဦး ဆရာမက အရမ်းချောတယ်နော်’

ဖြူစင်ထက်ပြန်သွားလျှင် လီယိုသည် မှန်ကြီးနောက်ကွယ် အခန်းအကန့်ထဲမှ တုတ်ကောက်လေးကို ထောက်ကာ ထောက်ကာနှင့် ထွက်လာပြီး ၀မ်းသာအားရပြောလိုက်လေသည်။ သူသည် လူများလို မတ်မတ်မလျှောက်နိုင်သဖြင့် အောင်သောင်းက တုတ်ကောက်လေးတစ်ချောင်း လီယို့အရပ်နှင့် တိုင်းကာ ဖြတ်ပေးထားသဖြင့် အလုပ်ဖြစ်နေသည်။ သူတုတ်ကောက်ရသည့်နေမှစပြီး လီယိုသည် လေးဘက်မသွားတော့ဘဲ ခြေနှစ်ချောင်းပေါ်တွင် တုတ်ကောက်အားပြုပြီး လူတစ်ယောက်လို လမ်းလျှောက်လေရာ အဘိုးကြီးအိုလေးတစ်ဦးနှင့်ပင် တူနေလေတော့သည်။ အောင်သောင်းသတိထားမိသလောက် လီယိုလေးသည် သူ့ကိုယ်သူ လူတစ်ယောက်နှင့်မတူကြောင်း ရိပ်စားမိပုံရသည်။ သို့သော်လည်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး လူလေးတစ်ယောက်နှင့်တူအောင် ကြိုးစားရှာသည်ကိုလည်း အောင်သောင်း သတိပြုမိလေသည်။

လီယိုသည် လမ်းလျှောက်လျှင် လူနှင့်တူအောင် ခြေနှစ်ချောင်းပေါ်တွင်သာ ကြိုးစားလျှောက်သည်။ သူ့ခေါင်းပေါ်မှ ကြိုးတိုးကျဲတဲ ခေါင်းမွေးလေးများကို လူတစ်ယောက်လို ဆီလိမ်းပြီး ဘီးနှင့် ဖြီးဖို့ ကြိုးစားသည်။ လူကလေးများ၀တ်သော အင်္ကျီဘောင်းဘီများကို အမြဲ အချိန်ပြည့်၀တ်ဆင်သည်။ သူသည် ဖြစ်နိုင်လျှင် သူ့အမြီးလေးကို ခေါက်ပြီး ဘောင်းဘီတိုထဲ ထည့်ထားလေ့ရှိသည်။ အောင်သောင်းက သူ နေရထိုင်ရ မသက်သာမှန်း သိသွားသောအခါ ‘လီယို အမြီးကို ဘောင်းဘီ အပြင်ထုတ်၀တ်’ ဟု တချက်လွှတ်အမိန့်ထုတ်မှ ဘောင်းဘီကို အပေါက်ဖောက်ပြီး အမြီးကလေးကို ပြန်ထုတ်၀တ်ခြင်း ဖြစ်လေသည်။

ယနေ့တွင်မူ လီယိုသည် သူ့ဘ၀လေးတွင် ပထမဆုံးအကြိမ်အဖြစ် အောင်သောင်းနှင့် ဒေါ်ကြီးငွေတို့အပြင် အခြားလူသားတစ်ယောက်နှင့် ပြောဆိုဆက်ဆံရသဖြင့် ၀မ်းသာမဆုံးဖြစ်နေရှာတော့သည်။ သူသည် အောင်သောင်းနှင့် သူတို့၏ အိပ်ခန်းထဲအထိ တကုန်းကုန်းနှင့် တုတ်ကောက်ထောက်၀င်လာပြီး ပါးစပ်မှ ဖြူစင်ထက် မည်မျှချောကြောင်း၊ မည်မျှ စိတ်ကောင်းရှိကြောင်းများကို တဖွဖွပြောလာခဲ့သည်။ လူမိုက်ကြီးသည် တနေ့လုံးပင်ပန်းနေသဖြင့် လီယို၏ စကားသံလေးများကို နားထောင်ရင်း အိပ်ရာပေါ်တွင် တုံးကနဲ အိပ်ပျော်သွားသည်။

အောင်သောင်း တမှေးပျော်သွားရာမှ ပြန်နိုးလာလျှင် သူ့အခန်းတံခါးကို ပိတ်ဖို့မေ့ပြီး အိပ်ပျော်သွားသဖြင့် ရုတ်တရက် ထိတ်ကနဲဖြစ်သွား၏။

‘လီယိုများ အပြင်ထွက်သွားသလား’

ဟု အစိုးရိမ်လွန်ပြီး ကုန်းရုန်းထလေလျှင် ကုတင်ဘေးတွင် ရပ်နေသော ကလေးငယ်ကိုတွေ့မှ စိတ်သက်သာရာရသွားသည်။ သို့သော် သူ လီယိုဘာလုပ်နေသလဲဆိုသည်ကို သတိထားမိလျှင်မူ စိတ်မကောင်းဖြစ်သွားရပြန်သည်။ လီယိုသည် အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ကာ သူ့ကိုယ်သူ ခြေဆုံးခေါင်းဆုံးကြည့်နေသည်။

‘ဦးဦး.. လီယိုက ဘာလို့ သူများတွေနဲ့ မတူတာလဲဟင်’

‘ဟင်...’

သူ့ပါးစပ်ထဲတွင် အာစေးထည့်ထားသလိုဖြစ်သွားရသည်။

‘တီဗီထဲမှာ တွေ့ရတဲ့ တခြားကလေးတွေက လီယိုနဲ့ မတူဘူး။ ဦးဦးရော၊ ကြီးကြီးငွေရော၊ ဘဘကြီး ဦးစိန်လင်းရော - လီယိုနဲ့ ပုံစံချင်း မတူကြဘူးနော်။ အဲဒါ ဘာလို့လဲဟင် ဦးဦး။ ပြီးတော့ လီယိုက ဘာလို့ အိမ်ပြင်ထွက်လို့မရတာလဲဟင်’

သူ ဆက်ပြီး ဖုံးကွယ်ထားလို့ရတော့မည်မဟုတ်။ လီယိုသည် အသိဥာဏ်တဖြည်းဖြည်း မြင့်မားလာပြီဖြစ်သည်။ သူသည် လေးနှစ်အရွယ်ကလေးတစ်ယောက်ထက်ပိုပြီး အများကြီး သိတတ်နေသည်။ အကြောင်းမှာ ခွေးများသည် လူများထက် သက်တမ်းတိုပြီး ကြီးထွားမှုလည်း လူထက်စောသည်။ ခွေးတစ်ကောင် တစ်နှစ်သားဆိုလျှင် အရွယ်ရောက်သော အကောင်ကြီးတစ်ကောင် ဖြစ်နေပြီ။ လူသားတစ်နှစ်သားကမူ ဘာမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိသေး။ လီယိုသည် ခွေးနှင့်စပ်မွေးသော ကလေးဖြစ်သဖြင့် ရုပ်ပိုင်း စိတ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုမှာ သာမန်လူသားထက်စောခြင်းဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် လီယို့သက်တမ်းမှာ မည်မျှရှိမည်နည်း။ သူ့အသက် နှစ်ဆယ်မှာ သက်တမ်းကုန်မှာလား၊ သို့မဟုတ် သုံးဆယ်လား။ လေးဆယ်လား။ တွေးမိတိုင်း အောင်သောင်း ရင်မောမိလေသည်။

‘လီယို့မှာ အခြားကလေးတွေနဲ့ရော၊ ဦးဦးတို့နဲ့ရော မတူတဲ့ ရောဂါတစ်မျိုးရှိတယ် လီယို။ အဲဒီရောဂါကြောင့် လီယို့ရုပ်ရည်ဟာ တခြားလူတွေနဲ့မတူဘဲ တမူကွဲနေတာ။ လူဆိုတာမျိုးက သူတို့နဲ့ မတူရင်၊ သူတို့ နားမလည်ပေးနိုင်ရင် ကြောက်လန့်ပြီး ရန်လုပ်တတ်တဲ့သဘောရှိတယ်။ ဒါကြောင့် လီယိုကလည်း ငယ်သေးလို့ ဦးဦး အပြင်ကို ပေးမထွက်တာ။ ဒါပေမဲ့ ဦးဦးမှာ အကြံရှိတယ်လီယို’

‘ဘာအကြံလဲဦးဦး’

ကလေးငယ်သည် စိတ်ပျက်ပြီး မှိုင်နေပုံရှိရာမှ အားတက်သွားပြီး မေးလိုက်သည်။

‘လီယို့ကို ရုပ်ဖျက်ပြီး ဦးဦး အပြင်ခေါ်သွားမယ်’

ထို့နောက်တွင် အောင်သောင်းသည် မည်သူမျှ မသိစေဘဲ လီယို့အတွက် ပါ၀ါရိန်းဂျား၀တ်စုံတစ်စုံ ၀ယ်ပေးခဲ့သည်။ ထို၀တ်စုံသည် မျက်နှာရော ခေါင်းပါ အလုံဖုံးထားသဖြင့် လီယို၏ နဂိုရုပ်ရည်ကို မည်သူမျှ မြင်လိမ့်မည်မဟုတ်။ အောင်သောင်းသည် ဦးစိန်လင်း အခြားမြို့များသို့ ညအိပ်ထွက်သည့်အခါများတွင် မာစီဒီးကားကြီးနှင့် လီယိုကို ပါ၀ါရိန်းဂျား၀တ်စုံအပြည့်၀တ်စေပြီး ရန်ကုန်မြို့တစ်ပတ် လှည့်မောင်းပေးတတ်လာသည်။ တခါတွင်မူ အောင်သောင်းသည် ဘီးတပ်ကုလားထိုင်တစ်လုံးကို ဆေးခန်းတစ်ခန်းမှ ငှားပြီး လီယို့ကို ထိုကုလားထိုင်ပေါ်တင်ကာ အင်းလျားကန်ဘောင်သို့ တွန်းခေါ်သွားခဲ့သည်။ ပတ်၀န်းကျင်မှ လူအများသည် သန်မာထွားကြိုင်းလှသော အောင်သောင်း၏ ကိုယ်ကာယကြောင့် ဘီးတပ်ကုလားထိုင် ပေါ်တွင် ပါလာသော ပါ၀ါရိန်းဂျား၀တ်စုံနှင့် ကလေးငယ်ကို အထူးအဆန်းအဖြစ်ပင် စေ့စေ့မကြည့်ရဲကြချေ။ လီယိုလေးသည် ကုလားထိုင်ထဲတွင် ဇက်လေးပုကာ မလှုပ်မယှက် လိုက်ပါလာရှာသည်။ အသံတစ်သံမှပင်မထွက်ဘဲ အလွန်လိမ္မာလွန်းလေသည်။ သူ့အတွက် အရာရာသည် အထူးအဆန်းဖြစ်လွန်းနေသည်။ ပါ၀ါရိန်းဂျား အနီရောင်၀တ်စုံက ထူထဲသဖြင့် သူသည် အထဲတွင် ပူလောင်လွန်းနေသော်လည်း နည်းနည်းလေးမျှ ဂျီမကျခဲ့ချေ။ ထိုနေ့က အိမ်ပြန်ရောက်လျှင် လီယိုသည် ပျော်လွန်းသဖြင့် ညရောက်သည်အထိ အမြီးလေးကို ဆက်တိုက်နှံ့ကာ ခုန်ပေါက်မြူးထူးနေခဲ့သည်။ သူတစ်နေ့လုံး တွေ့ခဲ့သည်များကိုလည်း အောင်သောင်းနားပူသည်အထိ တရစပ် ပြန်ပြောနေခဲ့သေးလေသည်။

နောက်ပိုင်းရက်များတွင် ဆရာမဖြူစင်ထက် အိမ်သို့စာလာသင်လျှင် လီယိုနှင့် သူမတို့မှာ တစ်နေ့တခြား ပိုပြီး ရင်းနှီးလာကြလေသည်။ ဖြူစင်ထက်သည် စိတ်ထားကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူသည် လီယိုလေးကို အင်မတန်မှ သနားဂရုဏာသက်ခဲ့မိသည်။ လီယိုသည် မိခင်မေတ္တာ ငတ်မွတ်သည် မဟုတ်ဘဲ မိခင်မေတ္တာဆိုသည်ကိုပင် နားမလည်ခဲ့သော ကလေးတစ်ယောက်ဖြစ်ခဲ့လေသည်။ သူသည် တစ်လမျှသာ မိခင်၏ ရင်ခွင်တွင် နေခဲ့ရသည်။ ထိုတစ်လတာအချိန်လေးကို သူ ဘယ်လိုမျှ မှတ်မိနိုင်လိမ့်မည်မဟုတ်။ ဒေါ်ကြီးငွေကလည်း အောင်သောင်း မအားသည့်အချိန်မျိုးတွင်သာ ခဏတဖြုတ် ကြည့်ပေးခြင်းဖြစ်ပြီး မိခင်တစ်ဦးနှင့် နှိုင်းရလောက်အောင် ရင်းနှီးမှုမရှိခဲ့။

အောင်သောင်း တခါတရံ သူတို့ စာသင်နေကြသည်ကို အခန်းအပြင်မှ ထိုင်ပြီး လိုက်နားထောင်နေမိသည်။ အချို့ရက်များတွင် ဖြူစင်ထက်နှင့် လီယိုတို့သည် စာသင်သည်သာမဟုတ်ဘဲ ဟာသများ၊ သူတို့ စိတ်ထဲရှိရာများကို ပြောပြီး ရယ်လိုက်မောလိုက်နှင့် ပျော်ရွှင်နေခဲ့ကြလေသည်။ လူမိုက်ကြီး အောင်သောင်းသည် လီယိုကို စာတတ်စေချင်သည်မှာ မှန်သော်လည်း အခြားလူသားများနှင့် ထိတွေ့ဆက်ဆံစေချင်သည်။ ကလေးငယ်သည် သူ့ကိုယ်ကို လူလေးတစ်ယောက်နှင့် တူချင်သလိုပင် မွေးစားဖခင်ကြီး အောင်သောင်းမှာလည်း လီယိုလေးကို လူသားတစ်ဦးအဖြစ်နှင့် ရှင်သန်ကြီးပြင်းဖို့ရန် မ၀ံ့မရဲ မျှော်လင့်မိလေသည်။ သို့သော် သူဖြစ်လိုသည့်အတိုင်း မည်သို့ အကောင်အထည်ဖော်ရမည်ကိုမူ အောင်သောင်း မတွေးတတ်ခဲ့ချေ။

တညတွင် အောင်သောင်းနှင့် လီယိုတို့သည် အိပ်ရာထဲတွင် လှဲရင်း ညအိပ်ဖို့ ပြင်နေကြသည်။ အောင်သောင်းသည် လီယိုအိပ်ရန် အိပ်ရာအသေးလေးတစ်လုံးကို အခန်းထောင့်တွင် ဆင်ပေးထားသည်။ လေးနှစ်ကျော်ပြီဖြစ်၍ ပုခက်ကုတင်မလိုတော့ဘဲ ပုံမှန်ကုတင် အိပ်ရာနှင့် အိပ်တတ်နေပြီဖြစ်သည်။ ထိုသို့ရှိစဥ် -

‘ဦးဦး… ဒီနေ့ ဆရာမနဲ့ ‘မိသားစု’ အကြောင်း သင်ရတယ်။ အမေဆိုတာ၊ အဖေဆိုတာ၊ မောင်နှမ ဆိုတာတွေကို ဆရာမက ရှင်းပြတယ်’

‘ဟေ ဟုတ်လား။ အဲဒါကောင်းတာပေါ့။ ကဲ အိပ်တော့ နောက်ကျနေပြီ’

‘ဦးဦး..’

‘ဟေ...’

‘လီယို့ အမေနဲ့ အဖေက ဘယ်သူတွေလဲဟင်။ ဦးဦး သိလားဟင်’

‘….’

အောင်သောင်း ပါးစပ်မှ အသံထွက်မလာခဲ့။ သူ ဤမေးခွန်းနှင့် တချိန်ချိန်တော့ ရင်ဆိုင်ရလိမ့်မည်ဟု ကြိုတွက်ခဲ့ပြီးသားဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ တကယ်နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရလျှင် ဤမျှလောက် ဖြေရခက်လိမ့်မည်ဟုကား မထင်မိခဲ့ချေ။

‘လီယို့မေမေ နာမည်က မူယာလို့ခေါ်တယ်။ လီယို့ဖေဖေ နာမည်ကတော့….’

သူ့ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်လာသည်။ … ငါ ဒီကလေးကို စောင့်ရှောက်တဲ့အချိန်ကစပြီး ဒုစရိုက်မှုတွေ မလုပ်ခဲ့ဘူး။ ဤမှန်သော သစ္စာစကားကြောင့် … ငါ ပြောသမျှစကားတွေ ကလေးအတွက် ဆိုးကျိုးမဖြစ်ပါစေနဲ့….။

အောင်သောင်း စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်း သစ္စာဆိုမိသည်။ သူပြောလိုက်မည်။ သူ အမှန်ကိုသာ ပြောလိုက်တော့မည်။

‘လီယို့ဖေဖေနာမည်က ရော်ကီ လို့ခေါ်တယ်’

‘မူယာ,,, ရော်ကီ...’

‘ဒေါ်မူယာ လို့ခေါ်ရတယ်ကွ..။ အမေဆိုတာ လေးစားရတယ်။’

‘ဒေါ်.. မူယာ...။ ဦး.. ရော်ကီ...’

‘အင်းးးး’

အောင်သောင်း ပြင်ပေးမနေတော့။

‘မေမေနဲ့ ဖေဖေနဲ့က အခု ဘယ်မှာလဲဟင် ဦးဦး။ လီယို သူတို့နဲ့ တွေ့လို့မရဘူးလားဟင် ဦးဦး။’

‘လီယို - မင်း မေမေနဲ့ ဖေဖေ ဒီလောကထဲမှာ မရှိတော့ဘူးကွယ်။ သူတို့ သေသွားကြပြီ’

ကလေး အသံတိတ်သွားသည်။ လီယိုသည် အသိဥာဏ်မြင့်သော်လည်း သူ့အသိဥာဏ်သည် လူသာမန်ကလေး ဘယ်နှနှစ်နှင့် ညီမျှသည်ကိုမူ အောင်သောင်း အတပ်မပြောနိုင်ခဲ့။ သာမန်ကလေးငယ်များသည် ခုနစ်နှစ် ရှစ်နှစ်လောက်အထိ သေခြင်းတရားကို နားမလည်နိုင်ချေ။ ယခု လီယိုရော နားလည်နိုင်ပါ့မလား။

‘မေမေနဲ့ ဖေဖေက နတ်ပြည်ရောက်သွားတာပေါ့နော်’

အလို။ လီယို၏ အသိဥာဏ်သည် ဘယ်လောက်ထိပင် မြင့်မားနေသနည်း။ သူသည် လက်ရှိအသက် လေးနှစ်နှင့်ပင် သေခြင်းတရားကို နားလည်နေလေပြီ။

‘အေး ဟုတ်တယ် လီယို။ ဒါပေမဲ့ ဦးဦးက -’

ဦးဦးက နတ်ပြည်ဆိုတာ မယုံဘူး ဟု ပြောမည်ကြံပြီးမှ အောင်သောင်း စကားကို ပြန်ထိန်းလိုက်သည်။ ယခုထက်ပိုဆိုးစရာမရှိတော့သော ကံကြမ္မာကို ပိုင်ဆိုင်ထားသည့် ကလေးငယ်ကို သူ ထပ်ပြီး စိတ်ဒုက္ခ မပေးလိုတော့ချေ။

‘ဦးဦးက ဘာဖြစ်လဲဟင်...’

‘အဲ.. ဦးဦးကတော့ နတ်ပြည်ရောက်ချင်မှရောက်မှာ’

‘ဦးဦးက ရောက်မှာပါ။ ဦးဦးက စိတ်ကောင်းရှိတာပဲ။ လီယို့အပေါ်မှာ ဦးဦးက စိတ်ရှည်တယ်။ အကုန်လုပ်ပေးတယ်။’

‘အေးကွယ်’

သူ့ရင်ထဲတွင် ဆို့တက်လာပြန်သည်။

‘မေမေနဲ့ ဖေဖေတို့က ဘယ်လိုသေသွားကြတာလဲဟင် ဦးဦး’

‘အင်း… ဆေးသမားတစ်ယောက် သတ်သွားတာကွဲ့။ မူးယစ်ဆေးဆိုတာ မကောင်းဘူး လီယို။ မူးယစ်ဆေးစွဲရင် အဲဒီလို မကောင်းမှုတွေ လုပ်တတ်တယ်’

ထိုသို့ပြောနေသော်လည်း သူတို့ ယခုနေသော အိမ်ကြီး၊ စားနေသော ထမင်းများကအစ မူးယစ်ဆေးမှ ရသည့် ပိုက်ဆံများသာဖြစ်သည်ကို အောင်သောင်း သတိရမိလိုက်သည်။

‘မေမေနဲ့ ဖေဖေတို့ သနားပါတယ်။’

‘သူတို့ နတ်ပြည်မှာ ပျော်နေလောက်ပါပြီ’

‘ဟုတ်တယ်နော် ဦးဦး။ သူတို့ နတ်ပြည်မှာ ပျော်နေရင် လီယိုလည်း ပျော်ပါတယ်။ လီယို အခုစဥ်းစားမိတာက – ဆရာမ ဖြူစင်ထက်က လီယို့မေမေဖြစ်ပြီး - ဦးဦးက လီယို့ဖေဖေဖြစ်ရင် အရမ်းကောင်းမှာပဲလို့’

‘ဟေ.. မင်းဟာကြီးကလည်းကွာ။ မင်းပြောမှ ငါနဲ့ ဆရာမနဲ့က ညားရမလိုဖြစ်နေပြီ’

‘ဂီး ဂီး ဂီး… ဟုတ်တယ်နော်။ ဦးဦးက ဆရာမကို မကြိုက်ဘူးလား’

လီယိုရယ်လျှင် လူရယ်သံမဟုတ်ဘဲ တဂီးဂီးနှင့် ခွေးကလေး မာန်ဖီသလိုသာ ထွက်တတ်သည်။

‘ဟား ဟား မောင်လီယိုရေ။ မင့်မလဲ အသက်လေးနှစ်မို့သာ တော်တယ်ကွာ။ ကဲ.. တော်ပြီ အိပ်တော့။ မနက် ဆရာမ စော‌စောလာမှာ။ မင်းအိပ်ရတော့မယ်’

‘ဟုတ် ဦးဦး။ ဂီး ဂီးးး ဦးဦး ဆရာမကို ကြိုက်ရင် လီယို ပြောပေးမယ်နော် ဂီး ဂီး’

‘ဒီကောင်လေး ငါထပ်မပြောဘူးနော်။ ငါ အမြီးလာလိမ်ဆွဲမယ်။ အိပ်တော့’

……………………………….

နောက်တစ်နေ့ မနက် ဆရာမလေး ဖြူစင်ထက် အိမ်သို့ရောက်လာလျှင် လူပျိုကြီး အောင်သောင်းတစ်ယောက် မလုံမလဲဖြစ်နေခဲ့သည်။ သူသည် ဖြူစင်ထက်ကို ကြိတ်ပြီး သဘောကျမိနေသည်မှာ ကြာလေပြီ။ ယခင်ကဆိုလျှင် ဘာကိုမျှ မကြောက်တတ်ခဲ့သော လူမိုက်ကြီးသည် သူကြိုက်သော မိန်းကလေး တွေ့လျှင် ချက်ချင်းပဲ ဒဲ့ဒိုးဖွင့်ပြောတတ်သော်လည်း ယခုမူ သူ၏ မွေးစားကလေးနှင့် အဆင်ပြေနေသော ဆရာမလေး သူ့ကြောင့် အလုပ်ထွက်သွားမည်ကို စိုးရိမ်သောကြောင့် ထုတ်မပြောဘဲ ထားခဲ့ခြင်း ဖြစ်သည်။

အောင်သောင်းသည် ဖြူစင်ထက်ကို စာသင်ခန်းထဲတွင် နေရာချထားပေးခဲ့ပြီး မီးဖိုထဲသို့ ၀င်သွားကာ ဆရာမလေးသောက်ရန် ကော်ဖီကို ကိုယ်တိုင်သွားဖျော်ခဲ့သည်။ သူ၏ စိတ်သည် ထိုနေ့တစ်မနက်လုံး ကြည်လင်နေခဲ့သည်။ လူကြမ်းကြီး၏ စိတ်များ နူးညံ့နေခဲ့သည်။ ရွှေသွားအောင်သောင်း သီချင်းလေးတအေးအေးနှင့် ကော်ဖီကို အကျအန ဖျော်နေရာ ဒေါ်ကြီးငွေကပင် ရိပ်မိပြီး သဘောကျကာ ပြုံးမိသေးလေသည်။ အောင်သောင်း ကော်ဖီမှုန့်များ၊ သကြားဗူးများကို နေရာတကျ ပြန်ထည့်ပြီး ကော်ဖီခွက်ကို ကိုင်လျက် အခန်းဆီသို့ ပြန်လာစဥ် -

‘…..အားးးးးး’

အာခေါင်ခြစ်ပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သံ။ မိန်းကလေးသံဖြစ်သည်။ မဟုတ်မှလွဲရော ဆရာမလေး ဖြူစင်ထက်၏ အော်သံပင် ဖြစ်ရပေမည်။

‘ခွမ်း’

အောင်သောင်း ကော်ဖီခွက်ကို လွှတ်ချပြီး ခါးကြားမှ သေနတ်ကို ဆွဲထုတ်ကာ စာသင်ခန်းထဲသို့ အမြန်ပြေး၀င်သွားသည်။

‘အမလေး…။ ကျွန်မ ပြန်ပါရစေ။ ကျွန်မ သွားပါရစေ။ တောင်းပန်ပါတယ်။ ရှစ်ကြီးခိုးပါရဲ့။ တောင်းပန်ပါတယ်ရှင့်...’

ဖြူစင်ထက်သည် တုန်ရီသော အသံနှင့် မျက်ရည်များစီးကျပြီး အခန်းထဲမှ ပြေးထွက်လာသဖြင့် အောင်သောင်းကိုပင် ၀င်တိုက်မိမလိုဖြစ်သွားရသည်။ အောင်သောင်း လက်ထဲမှ သေနတ်ကို ခါးနောက်တွင် ကွယ်ပြီး ၀ှက်လိုက်သည်။

‘ဆရာမ ဘာဖြစ်တာလဲဗျ’

‘ကျွန်.. ကျွန်မ သွားပါရစေ’

ဟု ပြောကာ အိမ်ရှေ့တံခါးပေါက်မှ လျင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားလေသည်။ အောင်သောင်း စိတ်ပူပြီး အခန်းထဲသို့ လှမ်း၀င်လိုက်လျှင် -

သူဆောက်ပေးထားသော အခန်းအလယ် နံရံတံခါးမှာ ပွင့်နေလေသည်။ ထိုတံခါးကို အခုနောက်ပိုင်း သူ သော့မခတ်ဖြစ်ခဲ့။ ထိုတံခါးပေါက်မှ အောင်သောင်း အပြေး၀င်သွားလိုက်သည်။ အတွင်းခန်းထဲတွင် လီယိုလေးသည် သူ၏ စားကြည့်စားပွဲတွင် ထိုင်လျက်ရှိသည်။ သူ၏ ကုန်းနေသော ကိုယ်လုံးလေးသည် သိမ့်ကနဲ သိမ့်ကနဲ တုန်တုန်တက်သွားသည်။ ညှိုးငယ်နေသော မျက်နှာလေး၏ ဘေးတဘက်တချက်ဆီမှ မျက်ရည်ပေါက်ကလေးများ စီးကျလျက်ရှိ၏။ လီယို ငိုသည်ကို သူပထမဆုံး တွေ့ဖူးခြင်းပင်။ ငယ်စဥ်က နို့ဆာလျှင် တအဲ့အဲ့ အသံပေးတတ်ခဲ့သော်လည်း မျက်ရည်ကားမကျခဲ့။ ယခုမှသာ မျက်ရည်ကျပြီး ငိုကြွေးနေရှာတော့သည်။

အောင်သောင်း သိလိုက်လေပြီ။

ဖြူစင်ထက်နှင့် လီယိုတို့သည် အရင်းနှီးလွန်သွားခဲ့ကြပြီး ဖြူစင်ထက်၏ စိတ်ထဲတွင် လီယို၏ ရောဂါသည် မည်မျှပင် ဆိုး၀ါးနေပါစေ - သူမ လက်ခံနိုင်လိမ့်မည်ဟု အထင်ရောက်ခဲ့ပုံရလေသည်။ သို့သော် တကယ့်လက်တွေ့ ခွေးပုံပေါက်နေသော ကလေးငယ်ကို တွေ့လိုက်ရလျှင်မူ သူမထင်သလို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်နိုင်ဘဲ အော်ဟစ်ကြောက်လန့်ပြီး ထွက်ပြေးသွားခြင်းပင်။

မိခင်မေတ္တာကို ငတ်မွတ်တောင့်တနေခဲ့သော လီယိုလေးသည် ဖြူစင်ထက်က အမေတစ်ယောက်လို ချစ်ခင်ယုယလိမ့်မည်ဟု ကျိန်းသေတွက်ကာ အခန်းထဲသို့ ပေး၀င်ခဲ့သော်လည်း မိမိ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်နှင့် ‘အား’ ကနဲ ငယ်သံပါအောင် ‌အော်ဟစ်ကာ သူ့အပေါ် မသတီစွာ ထွက်ပြေးသွားခဲ့သည်။ ကလေးငယ်၏ စိတ်ထဲတွင် မည်မျှ ထိခိုက်သွားမည်နည်း။ အောင်သောင်း တွေးပင် မတွေးရက်လောက်အောင် ဖြစ်မိလေသည်။

‘လီယို။ မငိုပါနဲ့ကွာ။ ဦးဦး ပြောခဲ့တယ်မလား။ အချို့လူတွေက သူတို့ နားမလည်တာ၊ မသိတာမျိုးဆိုရင် ကြောက်တတ်တယ် ဆိုတာလေ။ မငိုနဲ့လီယို။ သူ့ထက်သဘောကောင်းတဲ့ ဆရာမ ဦးဦး ရှာပေးမယ် ဟုတ်ပြီလား’

ဟု ပြောပြီး တသိမ့်သိမ့်ငိုကြွေးနေသော လီယို၏ ကိုယ်လုံးလေးကို ပွေ့ဖက်လိုက်လေသည်။

…………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#မျက်နှာ
#အခန်း
#လောက
#ဆရာမ

Some text some message..