ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၇)
lotaya.mpt.com.mm
|
2022-05-27

စွန့်ပစ်ခံ

………...

ယခင်လိုစိတ်မျိုးနှင့်ဆိုလျှင် အောင်သောင်းသည် ဆရာမလေး ဖြူစင်ထက်ကို နှုတ်ပိတ် သတ်ဖြတ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုမူ သူ၏ စိတ်သည် ပြောင်းလဲသွားခဲ့လေပြီ။ ရွှေသွားအောင်သောင်းသည် လီယိုလေးကို စောင့်ရှောက်ခဲ့ရသည့်အချိန်မှစပြီး သူ၏ စိတ်ထားများသည် နူးညံ့သိမ်မွေ့လာခဲ့သည်။ သူသည် မေတ္တာတရားကို စတင်ခံစားတတ်လာသည်။ အချစ်ဆိုသည်ကို သိရှိနားလည်လာသည်။ လူတစ်ယောက်၏ အသက်တစ်ချောင်းကို သတ်ဖြတ်ဖျက်ဆီးရသည်မှာ လွယ်ကူသလောက် ကလေးငယ်တစ်ဦးကို ပြုစုပျိုးထောင်ပေးရသည်မှာ မည်မျှတာ၀န်ကြီးလှကြောင်း၊ ခက်ခဲလှကြောင်း သူသိလာခဲ့သည်။ ထိုသို့ ခက်ခဲစွာ ရှင်သန်ရသော၊ ပြုစုပျိုးထောင်‌ပေးခဲ့ရသော လူ့အသက်တစ်ချောင်း၊ ဘ၀တစ်ခုကို သူ လွယ်လွယ်နှင့် ဖျက်ဆီးဖို့ရာ မဖြစ်နိုင်‌တော့ချေ။

ထို့ပြင် လီယို့အကြောင်း ပေါက်ကြားသွားသဖြင့် သူ့ဆရာဦးစိန်လင်း သိက္ခာကျ အရှက်ရမည်ကိုလည်း သူသိပ်ဂရုမစိုက်ချင်တော့ပေ။ သူစိုးရိမ်သည့် တစ်ခုတည်းသောအရာမှာ လီယို၏ ဘ၀ကလေးပင်ဖြစ်သည်။ လူမိုက်ကြီးအောင်သောင်းသည် လီယိုလေးကို ကောင်းမွန်သောဘ၀ကလေးတစ်ခု ရရှိသွားစေချင်သည်။ အေးချမ်းသောဘ၀။ ကျန်းမာသောဘ၀။ အပူအပင် အနှောင့်အယှက်ကင်းသော ဘ၀ကလေးတစ်ခု။ သို့သော် ထိုအရာသည် မလွယ်ကူကြောင်းကိုမူ သူသိပြီးသားပင်။ ဤလောကကြီးထဲရှိ လူများသည် သားရဲတိရစ္ဆာန်များထက် ကြောက်မက်ဖွယ်ကောင်းလှသည်။ အရက်စက်ဆုံးသော ကျားတစ်ကောင်သည်ပင်လျှင် သူစားလိုသော သတ္တ၀ါကိုသာ သတ်ဖြတ်စားသောက်မည်ဖြစ်ပြီး မလိုအပ်လျှင် အခြားသော သက်ရှိများကိုမူ လက်ဖျားနှင့်ပင် ထိလိမ့်မည်မဟုတ်ချေ။ သို့သော် အသိဥာဏ် ယဥ်ကျေးမှု မြင့်မားလှပါသည်ဆိုသော လူသားများမှာမူကား မိမိတို့၏ လောဘ ဒေါသ မောဟ များပေါ်မူတည်ပြီး လူသန်းပေါင်းများစွာကိုပင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြပြီးလေပြီ။ ထို့အပြင် အသက်ရှင်ရန်ထက်ပိုသော အသားဓာတ်များကို ရရှိစေရန်၊ နူးညံ့သော သားမွေးများကို ရရှိရန်၊ အိမ်တွင်းအလှဆင်ရန်အတွက် မရေမတွက်နိုင်သော သားကောင်များကိုလည်း သတ်ဖြတ်ခဲ့ကြလေပြီ။

‘အောင်သောင်း။ နောက်လကျရင် မင်းနဲ့ ဟိုကောင်လေး သာကေတအိမ်ကို ပြောင်းနေရလိမ့်မယ်’

သူ့ဆရာ၏ စကားကို ကြားလျှင် အောင်သောင်းစိတ်ထဲတွင် အံ့သြမသွားခဲ့။ သူ ဤအဖြစ်ကို ကြိုတင်မျှော်လင့်ခဲ့ပြီးသားပင်။ ဦးစိန်လင်းသည် သူ၏ မယားငယ်တစ်ဦးကို အိမ်ပေါ်သို့ ခေါ်တင်ပေတော့မည်။ သူ့မယားငယ်များထဲမှ တင်တင်လတ်ဆိုသော မိန်းကလေးထံတွင် ကိုယ်၀န်ရှိနေကြောင်း အောင်သောင်း တစွန်းတစ အသံကြားမိပြီးဖြစ်သည်။ အမှန်တော့ အိမ်ပြောင်းရမည်ကို အောင်သောင်း ပို၍ပင် ၀မ်းသာမိသည်။ သူတို့ အိမ်အသစ်တွင် ပိုပြီးလွတ်လပ်ပေလိမ့်မည်။

ဆရာမ ဖြူစင်ထက် အလုပ်ထွက်သွား၍ နောက်ဆရာမတစ်ဦးငှားရန် ဦးစိန်လင်းကို ခွင့်တောင်းခဲ့သည်တွင် ဦးစိန်လင်းက ပယ်ချခဲ့သည်။

‘မင်းကိုငါ အခွင့်အရေးပေးခဲ့ပြီးပြီ အောင်သောင်း။ အလုပ်မဖြစ်တာတော့ ငါလည်း မတတ်နိုင်ဘူး။ ဒီကောင်လေးနဲ့ ပတ်သက်ပြီး လူ၀င်လူထွက်များတာကိုလည်း ငါမကြိုက်ဘူး။ ပြီးတော့ ဒီမှာ အောင်သောင်း - ငါမပြောချင်လို့ ကြည့်နေတာ။ မင်း ဒီကောင်လေးကို အိမ်ပြင် ခေါ်ခေါ်ထုတ်နေတာ ငါမသိဘူး ထင်နေလား။ စိုးသန်း ပြန်ပြောလို့ ငါအားလုံးသိပြီးပြီ။ ဒီနေ့ကစပြီး အဲလိုအလုပ်တွေကို ရပ်တန်းက ရပ်ပါ။ ဆက်လုပ်နေရင်တော့ ငါ့အဆိုးမဆိုနဲ့’

ဟု သူ့ကို ကြိမ်းထားသဖြင့် အောင်သောင်းသည် လီယို့အတွက် ဆရာမအသစ်လည်း ငှားမပေးနိုင်၊ ယခင်လို ပါ၀ါရိန်းဂျား၀တ်စုံ၀တ်ပေးပြီး ကလေးကို အပြင်လည်း ခေါ်မထုတ်နိုင်ရှိသည်မှာ ကြာလေပြီ။ ယခု အိမ်ပြောင်းရမည်ဆိုသဖြင့် မိမိတို့ လုပ်ချင်တာလုပ်ခွင့်ရပြီဆိုပြီး ၀မ်းသာသွားမိသည်။

‘သာကေတ ပြောင်းပြီးရင်လည်း မင်း ဒီကောင်လေးကို အိမ်ထဲမှာပဲ ဆက်ထားရမယ်နော်။ လူသိရှင်ကြားဖြစ်သွားရင် မီးခိုးကြွက်လျှောက်လိုက်ခံရလို့ ငါတို့ လျှို့၀ှက်ချက်တွေ အကုန်ပေါ်သွားလိမ့်မယ်’

‘ဟုတ်ကဲ့ဆရာကြီး’

ဟု ပြန်ပြောလိုက်သော်လည်း အောင်သောင်းစိတ်ထဲတွင် ဦးစိန်လင်း၏ စကားများကို နာခံလိုစိတ် အလျဥ်းမရှိခဲ့။ သူသည် သူ့ဆရာပေါ်တွင် ကြောက်စိတ်များ၊ ကျိုးနွံစိတ်များ တဖြည်းဖြည်းနှင့် နည်းပါးလာသည်ကို သတိထားမိသည်။ ဦးစိန်လင်း၏ လီယို့အပေါ် မတရားမှုများ၊ တာ၀န်မကျေမှုများကြောင့် အောင်သောင်းသည် သူ၏ ဆရာသမားကို တဖြည်းဖြည်းနှင့် အထင်အမြင်သေးကာ ရွံရှာစက်ဆုတ်လာခဲ့သည်။ သို့သော် တသက်လုံး မော်မကြည့်ရဲအောင် ချိုးနှိမ်ထားခဲ့သဖြင့် စကားပင် ပြန်မပြော၀ံ့အောင် ရှိန်နေလျက်ရှိဆဲပင်။

……………………..

‘လီယိုနဲ့ ဦးဦးတို့ အိမ်ပြောင်းနေရမယ်တဲ့’

‘ဟင် ဟုတ်လား ဦးဦး’

လီယို ၀မ်းသာသော အသံလေးနှင့် ပြန်ပြောလိုက်သည်။ သူသည် ဤအိမ်ကြီးတွင် ဦးစိန်လင်း လောင်းရိပ်အောက်၌ နေရသည်မှာ အင်မတန်ကျဥ်းကြပ်ပြီး စိတ်ဆင်းရဲနေပုံရလေသည်။ ဦးစိန်လင်းသည် လီယိုကို လူတစ်ယောက်လို သဘောမထားဘဲ တိရစ္ဆာန်တစ်ကောင်လိုသာ ဆက်ဆံလေရာ ထိုအဖြစ်ကို တဖြည်းဖြည်းနှင့် သိတတ်လာသော လီယိုတစ်ယောက် ခံစားမိပုံရလေသည်။ ယခုနောက်ပိုင်း ဦးစိန်လင်း၏ မယားငယ်ထံ၌ ကိုယ်၀န်ရှိလာလျှင် ဦးစိန်လင်းသည် လီယိုအပေါ် ပိုပြီး မလိုမုန်းထားရှိလာခဲ့သည်။ သဌေးကြီးသည် သူ၏ ယခင်က မူယာ့အ‌ပေါ်တွင် ထားရှိခဲ့သော သံယောဇဥ်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာလေပြီ။ မူယာ့အ‌ပေါ် သံယောဇဥ်မရှိတော့လျှင် လီယိုသည် သူ့အတွက် ရွံရှာစဖွယ် အမှိုက်တစ်ခုသာ ဖြစ်လာခဲ့သည်။ ယခင်က သနားသဖြင့် အသက်ချမ်းသာပေးခဲ့သည်ကိုပင် ဦးစိန်လင်းသည် နောင်တရလာမိလေသည်။ သို့သော် လီယို့အပေါ် ဖခင်ရင်းတစ်ယောက်လို စောင့်ရှောက်နေသော အောင်သောင်းက အရှေ့တွင် မားမားကြီးရှိနေသဖြင့် ဦးစိန်လင်းသည် လီယို့အား မည်သို့ အပျောက်ရှင်းရမည်ကို ကြံရာမရ ဖြစ်နေခဲ့သည်။

ပါးနပ်လှသော ဦးစိန်လင်းသည် သူ့အပေါ် အောင်သောင်း အရိုအသေတန်လာသည်ကိုလည်း ရိပ်စားမိသည်။ ထို့ကြောင့် လီယို့အပေါ် အန္တရာယ်ပြုမိလျှင် အောင်သောင်းသည် ယခင်ကလို ငုံ့ခံနေတော့မည် မဟုတ်ချေ။ သူသည် အောင်သောင်း မည်မျှ စွမ်းနိုင်သည်ကို အသိဆုံးပင်ဖြစ်သည်။ သူ ယခု ကြွယ်၀ချမ်းသာသမျှ ပိုင်ဆိုင်မှုအားလုံးသည် အောင်သောင်း၏ ရက်စက်ကြမ်းကြုတ် သတ်ဖြတ်နှိပ်စက်နိုင်စွမ်းများအပေါ် အခြေပြုကာ တည်ဆောက်ထားခြင်းပင်။ ထို့ကြောင့် ဦးစိန်လင်းသည် ထိုသတ္တ၀ါလေးကို အစဖျောက်ရန် အချက်ကောင်းကိုသာ စောင့်နေခဲ့လေသည်။

………………………

တစ်ရက်တွင်မူ ဦးစိန်လင်းသည် အိမ်သို့ အသက်‌ခြောက်ဆယ်ခန့် တရုတ်ကြီးတစ်ယောက်ကို ခေါ်လာခဲ့သည်။ တရုတ်ကြီး၏ အမည်မှာ ၀မ်ကျင်းဖြစ်ပြီး တရုတ်ပြည်မကြီးမှ လာခြင်းဖြစ်ကြောင်း၊ သူသည် လီယိုနှင့် ပတ်သက်ပြီး ကူညီမည့်သူဖြစ်ကြောင်း ဦးစိန်လင်းသည် အောင်သောင်းကို ပြောခဲ့၏။ ထိုစကားကို ကြားလျှင် အောင်သောင်း အံ့သြသွားသည်။ အကြောင်းမှာ ဦးစိန်လင်းသည် လီယိုနှင့် ပတ်သက်ပြီး အပြင်လူ သူစိမ်းများအား ဘယ်တော့မျှ ပြောပြလေ့ရှိသည်မဟုတ်ချေ။ ယခုမှ ဘာကြောင့် လီယို့ အကြောင်းကို ဤတရုတ်ကြီးအား ပြောပြခဲ့ရပါသနည်း။ ထို့ပြင် တရုတ်ကြီးက ကူညီဦးမည်တဲ့။ ဘာများ ကူညီနိုင်မှာမို့လို့လဲ။ အောင်သောင်း ယခုကိစ္စကို လုံး၀ ဘ၀င်မကျခဲ့ချေ။

သို့သော် သူသည် လီယို၏ တရား၀င်ဖခင်မဟုတ်ခဲ့။ ထို့ပြင် လီယိုနှင့် သူတို့သည် ယခုချိန်ထိ ဦးစိန်လင်း၏ အိမ်တွင်သာ မှီခိုနေထိုင်နေကြရသည်။ သူသည် ဦးစိန်လင်း၏ တပည့်တစ်ဦးသာဖြစ်သည်။ ဦးစိန်လင်း ခိုင်းသမျှ၊ ဦးစိန်လင်း၏ သဘောကျအတိုင်း လိုက်လုပ်ရမည့် အစေအပါးတစ်ဦးသာ ဖြစ်လေသည်။ သို့သော် ဤလေးနှစ်ကျော် ကာလအတွင်း လီယို့ကို အဓိက စောင့်ရှောက်ခဲ့သူတစ်ဦးအနေနှင့်မူ မေးမြန်းခွင့်၊ ငြင်းဆန်ခွင့် ရှိသင့်သည်ဟု အောင်သောင်းယုံကြည်ခဲ့သည်။

၀မ်ကျင်းသည် ရုံးခန်းထဲရှိ ဧည့်သည်များထိုင်သော ဆက်တီ ဆိုဖာခုံကြီးတွင် ၀င်ထိုင်သည်။ ဦးစိန်လင်းက သူနှင့် မျက်စောင်းထိုးရှိ နောက်မှီပိုမြင့်သော ဆိုဖာကြီးတွင် ထိုင်နေသည်။ အောင်သောင်း တစ်ယောက်သာ မတ်တတ်ရပ်လျက်ရှိသည်။

‘အောင်သောင်း ထိုင်စမ်းပါ။ အေးအေးဆေးဆေးပြောရအောင်’

တရုတ်ကြီးသည် မြန်မာစကားမပြောတတ်။ ဦးစိန်လင်းကသာ သူ့အစား ပြောပေးနေသည်။ တကယ်တော့ အောင်သောင်းရော၊ ဦးစိန်လင်းရော တရုတ်စကား အနည်းအကျဥ်းပြောတတ်သည်။ သူတို့၏ ပင်မအလုပ်က တရုတ်တွေနှင့် ပတ်သက်ပြီး မူးယစ်ဆေးကုန်ကူးရသည့်အလုပ်မဟုတ်လား။ ထို့ကြောင့်လည်း တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်နေခဲ့ခြင်းပင်။

အောင်သောင်း ၀မ်ကျင်းနှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးများက တရုတ်ကြီးကို အကဲခတ်ကြည့်နေသည်။ ၀မ်ကျင်းသည် ပိုးဟပ်ဖြူလို ဖြူဖျော့သော အသားအ‌ရေရှိပြီး ဆံပင်များမှာ ပြောင်းဖူးမွေးများလို နီကျင်ကာ ပါးလွှာလှသည်။ နဖူးမောက်ပြီး သွားအုံရှေ့ရောက်သည်။ မျက်လုံးမှေးသည်။ ခန္ဓာကိုယ်မှာ ချိနဲ့သော်လည်း ဗိုက်ကြီးက အချိုးအစားမကျစွာ ပူထွက်နေသည်။ အောင်သောင်း ထိုလူကို လုံး၀မနှစ်မြို့ခဲ့ချေ။

‘အခုကိစ္စက လီယို့အတွက်ပဲ။ မစ္စတာ၀မ်ကျင်းက တရုတ်ပြည်မကြီးက လာတာ။ ဒီကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း လီယိုအကြောင်း စကားစပ်မိသွားတာနဲ့ သူက ကူညီချင်တယ်ဆိုပြီး လိုက်လာတာပဲကွ’

ဦးစိန်လင်းသည် ထူးထူးခြားခြား လီယိုကို အမည်တပ်ပြီး ခေါ်နေခဲ့သည်။

‘ဟုတ်ကဲ့ဆရာကြီး’

‘နိုက်စ်တူမိယူ မစ္စတာအောင်သောင်း.. ဟဲ ဟဲ’

၀မ်ကျင်းက သူ့ကို ကြီးမားသော သွားများပေါ်သည်အထိ ပြုံးဖြီးပြသည်။ အောင်သောင်း အသာခေါင်းညိတ်ပြပြီး အသိအမှတ်ပြုသော်လည်း ပြန်ပြီးမူ ရယ်မပြဖြစ်ခဲ့။

‘မစ္စတာ၀မ်ကျင်းက ဂွမ်စီ နယ်ဘက်က လာတာ။ သူက အဲဒီဘက်မှာ တိုင်းရင်းဆေးဆရာကြီးပဲ။ သူပြောတာက သူတို့ဘက်မှာ လီယိုလိုကောင်လေးတွေကို ဆေးကုပေးနေကျတဲ့။ သူတို့ တိုင်းရင်းဆေးနဲ့ ကုလိုက်ရင် လူနဲ့တဖြည်းဖြည်း တူလာပြီး ခွေးပုံစံ လုံး၀ပျောက်သွားလိမ့်မယ်တဲ့’

အောင်သောင်း မျက်မှောင်ကို တင်းနေအောင် ကြုတ်မိသည်။ သူ ဘယ်လိုများ ဤလူကြီးကို ယုံရပါမည်နည်း။

‘ဆရာကြီး ဖြစ်နိုင်ပါ့မလား’

သူ့ကို မေးခွန်းမထုတ်စဖူးထုတ်လိုက်သော အောင်သောင်းကို ဦးစိန်လင်းသည် တင်းမာခက်ထန်စွာ ကြည့်လိုက်သည်။

‘ဒီမှာ အောင်သောင်း။ မင်းရော ငါ‌ရော သိတယ်။ ဒီကောင်လေးဟာ ဒီပုံစံနဲ့ ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်ဘူး။ အခု မစ္စတာ၀မ်ကျင်းက အကောင်းဆုံးဖြစ်အောင် လုပ်ပေးမှာ။ မင်း စိတ်ချပြီးသာ ထည့်ပေးလိုက်။ မင်းလည်း အရင် ပုံမှန်ဘ၀ကို ပြန်ရမယ်။ ဟိုကောင်လေးလည်း ရောဂါပျောက်ပြီး လူ့ဘ၀ကို ရမယ်။ ဘယ်လောက်ကောင်းလိုက်တဲ့ အစီအစဥ်လဲ’

‘ကျွန်တော် စဥ်းစားပါရစေဦး ဆရာကြီး’

‘တောက်.. ကွာ။ မင်းက ဘာစဥ်းစားဦးမှာလဲဟ။ ငါပြောတာ နားထောင်စမ်းပါ အောင်သောင်းရာ။ ငါ မင်းကို ဟိုးငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။ မင်း စိတ်ဆင်းရဲအောင် ငါလုပ်ပါ့မလား။ ဒီမှာ ငါ့တပည့်။ မင်း သံယောဇဥ်မပြတ်နိုင်ရင် နောက်ပိုင်း တရုတ်ပြည်လိုက်လည်လို့ရအောင် ငါစီစဥ်ပေးမယ်။ ဟုတ်ပြီလား’

လူမိုက်ကြီး အံကို တင်းတင်းကြိတ်လျက်သာရှိလေသည်။ ထိုစဥ်မှာပင် ၀မ်ကျင်းသည် သူ၏ မွဲခြောက်ခြောက် နူတ်ခမ်းကြီးများကို လျှာနှင့် သပ်လိုက်ပြီး -

‘လီယို.. လီယို.. ဘယ်မှာလဲ.. ဒီကောင်လေး’

ဟု တရုတ်ဘာသာနှင့် မေးလေသည်။

‘အော်။ ဟိုကောင်လေးလား။ ရှိပါရဲ့ဗျာ။ ကဲ‌ အောင်သောင်း။ မင်းကလေးကို သွားခေါ်ချေကွာ။ မစ္စတာ ၀မ်ကျင်းက ကြည့်ချင်လို့တဲ့။ သူက ကလေးသိပ်ချစ်တတ်တာ’

ဟု ပြောလေလျှင် အောင်သောင်းသည် စိတ်မပါတပါနှင့် ရုံးခန်းထဲမှ ထွက်လာပြီး သူတို့အခန်းရှိရာသို့ လျှောက်လာခဲ့သည်။ သူ၏ စိတ်တွေ ‌ေ၀ခွဲမရအောင် ဖြစ်နေလေသည်။ လီယိုသည် ယခုအခါ သူ၏ နှလုံးသွေးတမျှချစ်ရသော ရင်သွေးငယ်တစ်ဦးဖြစ်နေပြီ။ ညစဥ်ညတိုင်း လီယိုနှင့် အတူတူအိပ်ကာ ပုံပြင်များပြောပြ၊ စာတိုပေစလေးများကို သင်ကြားရင်းဖြင့် ဖခင်တစ်ဦး၏ ဘ၀ကို အောင်သောင်းသည် ပျော်မွေ့နေပြီဖြစ်သည်။  ထိုသို့ မိမိ၏ သားအရင်းတမျှ ချစ်ခင်မြတ်နိုးရသော ကလေးငယ်တစ်ဦးကို အောင်သောင်းသည် မည်သို့သော စိတ်ထားမျိုးနှင့် ကောင်းသည်ဆိုးသည်မသိသော သူစိမ်းတစ်ဦး၏ လက်ထဲသို့ ထည့်ပေးနိုင်ပါမည်နည်း။ သူ ဤကိစ္စကို ငြင်းပယ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် ယခုလောလောဆယ် လီယိုကို ဧည့်သည်နှင့် ပေးတွေ့ဖို့အတွက်မူ အန္တရာယ်မရှိနိုင်ဟု အောင်သောင်း ယူဆမိသည်။

ထို့ပြင် အောင်သောင်းစဥ်းစားမိသည်မှာ ဦးစိန်လင်း၏ စကားများသည် အမှန်လည်း ဖြစ်နိုင်သေးလေသည်။ တကယ်လို့များ ဤတရုတ်ကြီးသည် သူပြောသည့်အတိုင်း လီယို၏ ရောဂါကို ပျောက်အောင် ကုပေးနိုင်သော ဆေးဆရာကြီးဖြစ်နေပါမူ မည်သို့လုပ်မည်နည်း။ အောင်သောင်း၏ ငြင်းဆိုမှုကြောင့် အပြစ်မဲ့သော လီယိုလေး၏ ဘ၀အတွက် မျှော်လင့်ချက်တစ်ခု လက်လွတ်ဆုံးရှုံးသွားရနိုင်သည်။

… ငါ ကလေးကိုတော့ ဒီအတိုင်း မထည့်ပေးလိုက်နိုင်ဘူး။ ဒါပေမဲ့ ဒီလူကြီးနဲ့ တရုတ်ပြည်အထိ လိုက်သွားပြီး စုံစမ်းဖို့တော့ ဖြစ်နိုင်တယ်။ သူ လီယို့ကို တကယ်ကုပေးနိုင်ရင်တော့ ငါ ရင်ကွဲချင် ကွဲပါစေ။ သားလေးကို ထည့်ပေးလိုက်ရမှာပဲ...။

လူမိုက်ကြီး ရင်ထဲတွင် တင်းကျပ်ပြီး မျက်ရည်များ၀ဲလာခဲ့သည်။ သူ့အခန်းတံခါးကိုဖွင့်လိုက်လျှင် စာကြည့်စားပွဲတွင် ထိုင်ပြီး စာဖတ်နေသော လီယို့ကို တွေ့လိုက်ရ၏။

‘လီယို… မင်းနဲ့တွေ့ချင်လို့တဲ့ ဧည့်သည်တစ်ယောက်ရောက်နေတယ်’

‘ဟင်… လီယိုနဲ့ တွေ့ချင်လို့ ဟုတ်လား’

ကောင်လေး၏ နားရွက်ကလေးများ ထောင်သွားပြီး အမြီးလေးက တလှုပ်လှုပ်ဖြစ်လာသည်။ သူ့ကို လိုလိုလားလား တွေ့ချင်သည့်အဖြစ်ကို လီယိုသည် စိတ်လှုပ်ရှားသဘောကျသွားရှာလေသည်။ အောင်သောင်း လီယို့ကို လက်ဆွဲပြီး ရုံးခန်းထဲသို့ ခေါ်လာခဲ့သည်။ လီယိုသည် လက်တဘက်က အောင်သောင်းကိုတွဲ ကျန်တဘက်က တုတ်ကောက်လေးကို ထောက်ရင်း ခုန်ဆွခုန်ဆွ လိုက်ပါလာ၏။

‘… အား ပါး ပါး… နင်ပြောတာ တကယ်ပါလား။ ငါက နင်ငါ့ကို နောက်ပြောင်နေတယ်ထင်တာ.. အား ပါး ပါး...’

လီယို အခန်းထဲသို့ ၀င်သွားသည်နှင့် တရုတ်ကြီးက လက်ခုပ်လက်၀ါးတီးကာ ထအော်လိုက်ခြင်းပင်။ ကလေးငယ် ရုတ်တရက်လန့်ပြီး ခေါင်းကလေး ပုသွားသည်။ ဦးစိန်လင်းသည် လီယိုကို စေ့စေ့မကြည့်ဘဲ မျက်နှာလွှဲထားသည်။ သူ၏ မျက်နှာတွင် မသတီသော အမူအယာက ထင်ရှားစွာ ပေါ်လွင်နေ၏။ သဌေးကြီးသည် ဟန်ဆောင်ပန်ဆောင်ပင် ကြင်နာသည့်ဟန်မပြဘဲ လီယို့ကို ရွံရှာစက်ဆုတ်ဖွယ် သတ္တ၀ါလေး တစ်ကောင်အဖြစ်သာ ဆက်ဆံခဲ့လေသည်။

၀မ်ကျင်းကမူ ဦးစိန်လင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ တရုတ်ကြီးသည် ထိုင်ရာမှ ခုန်ထပြီး လီယို့နားသို့ ချက်ချင်းရောက်လာသည်။ သူ၏ မှေးစင်းသော မျက်လုံးကြီးများသည် ယခုအခါ ယခင်ထက် နှစ်ဆမျှ ပြူးလာပြီး မျက်လုံးများက အရောင်တောက်လာကြသည်။ လီယို၏ ကိုယ်လုံးလေးကို ခြေဆုံး ခေါင်းဆုံးကြည့်ရင်း သူ၏ ပါးစပ်ထဲတွင် သွားရည်များ ထွက်လာပုံရပြီး ဂလု ဂလုနှင့် မျိုချနေရလေသည်။

‘ဟား ဟား ကြည့်ပါဦး။ လူလေးလို ၀တ်ထားတာ။ ဘယ်လောက်လှလဲ။ ဟဲ ဟဲ ဟဲ။ နေပါဦး မစ္စတာ စိန်လင်းရဲ့။ ဒီကောင်လေးက စကားပြောတတ်သလား’

‘အို စကားပြောတတ်ရုံမကဘူး။ စာတောင် ရေးတတ်ဖတ်တတ်တယ်ဆိုပဲ’

‘အိုး ဟိုး ဟိုး။ ပိုင်လိုက်လေကွာ။ ဟီး ဟီး။ လီယို ဟုတ်လား။ လာပါဦးကွ။ အန်ကယ်ကြီးဆီ လာစမ်းပါဦး’

ဟု တရုတ်ဘာသာနှင့် ပြောလျှင် လီယိုသည် နားမလည်သည့်အပြင် ထိုလူကြီး၏ အမူအယာများကို ကြောက်လန့်သဖြင့် အောင်သောင်း၏ ဘောင်းဘီစကို လက်လေးနှင့် ဆွဲကာ သူ့မွေးစားဖခင်ကြီး၏ ခြေထောက်နောက်တွင် ကွယ်ကာ ပုန်းဖို့ ကြိုးစားလေသည်။

‘ဟေ့ကောင်လေး။ ဧည့်သည်က ပြောနေတာ မကြားဘူးလား။ ရှေ့တိုးပြီး သွားလိုက်လေ’

ဦးစိန်လင်းသည် အသံမာမာကြီးနှင့် ကြိမ်းလိုက်သည်။ အောင်သောင်း ဒေါသ ထောင်းကနဲ ထွက်သွား၏။ သူ၏ တောင့်တင်းကျယ်ပြန့်သော ရင်အုပ်ကြီး ချက်ချင်း ကော့တက်သွားပြီး -

‘ဆရာကြီး။ ကလေးက ခုမှ ပထမဆုံး အပြင်လူနဲ့ တွေ့ဖူးတာဆိုတော့ ကြောက်နေတာပါ။’

‘ဘာကြောက်နေတာလဲ။ သူက မင်းကို ကယ်မဲ့လူကွ’

‘ဟီး ဟီး...။ လာပါဦး။ လီယိုရ။ အန်ကယ်ကြီး မင်းကို ကိုင်ကြည့်ချင်လို့ပါ။ လာပါဦး.. ဟဲ.. ဟဲ..။ ဂလု ဂလု’

‘ဘာကိုင်ကြည့်မှာလဲ။ ကလေးက အရုပ်မဟုတ်ဘူး။ တော်ပြီ ခင်ဗျားတို့။ ကလေးကို ကြောက်အောင် လုပ်နေကြတာ။ လာ လီယို။ အခန်းထဲပြန်မယ်’

လီယိုသည် ခေါင်းလေးပု အမြီးလေးကုပ်ပြီး အောင်သောင်းခေါ်သည့်အတိုင်း သူတို့၏ အခန်းသို့ ပြန်ရောက်လာကြသည်။ ဦးစိန်လင်း ရုတ်တရက် အံ့သြမင်သက်ပြီး ကျန်ခဲ့လေသည်။ တသက်နှင့် တကိုယ် အောင်သောင်း သူ့ကို ပထမဆုံး အာခံလိုက်ခြင်းပင်။ သူ တရုတ်ကြီးကို မချိပြုံးပြုံးပြပြီး -

‘မစ္စတာ၀မ်ကျင်း။ ဘာမှမပူနဲ့။ အဆင်ပြေအောင် လုပ်ပေးမယ်’ ဟု ပြောလိုက်သံကို ရွှေသွားအောင်သောင်း အခန်းအပြင်မှ ကြားလိုက်ရလေသည်။

……………………………….

‘မင်းတို့က အဲဒါ ဘာလုပ်နေကြတာလဲ။ ဘယ်သွားကြမလို့လဲ’

အထုပ်အပိုးများ ပြင်နေကြသော အောင်သောင်းတို့ သားအဖကို ဦးစိန်လင်းက အခန်းတံခါး၀မှ လှမ်းပြီး မေးလိုက်ခြင်းပင်။ ဦးစိန်လင်း၏ နောက်တွင် သူ၏ ညာလက်ရုံး စိန်သန်းက ရပ်စောင့်နေသည်။

‘ကျွန်တော်တို့ သာကေတပြောင်းတော့မယ် ဆရာကြီး။ ဆရာကြီး စိတ်ချပါ။ လီယိုနဲ့ ပတ်သက်ပြီး ဆရာကြီး ဒါ သူ့ကို နောက်ဆုံး တွေ့ရတာလို့ပဲ မှတ်လိုက်ပါဆရာကြီး။ ဘာသတင်းမှလည်း မပေါက်ကြားစေရပါဘူး။ ကျွန်တော် ကတိပေးပါတယ်’

‘မင်းတို့ကို နောက်လမှ ပြောင်းလို့ ငါပြောထားတာပဲ’

‘ရတယ်ဆရာကြီး။ ဆရာကြီး စောစောပြင်ဆင်လို့ရအောင်ပါ’

‘အောင်သောင်း အောင်သောင်း။ ဘာလဲ - ဟိုပြည်ကြီးတရုတ် ၀မ်ကျင်းကြောင့်လား။ မင်းနဲ့ငါက နှစ်ပေါင်းများစွာ အတူတူ သစ္စာရှိရှိ လက်တွဲခဲ့တဲ့ လူတွေပါကွာ။ မနေ့တနေ့ကမှ ရောက်လာတဲ့ လူစိမ်း တစ်ယောက်အတွက် မင်း အဲလို စိတ်ထဲမထားစမ်းပါနဲ့’

‘ဟုတ်ကဲ့ဆရာကြီး။ ကျွန်တော် ဘာမှ စိတ်ထဲမထားပါဘူး။ လီယို့အတွက်သာ -’

‘ဟုတ်ပါပြီ အောင်သောင်းရာ။ ငါနားလည်ပါတယ်။ ငါလည်း မင်းကို ဖအေအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့တာပဲ။ မင်း ဒီကောင်လေးနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားနေရမလဲဆိုတာ ငါနားလည်ပါတယ်။ ကဲပါကွာ။ ငါမင်းကို မတားပါဘူး။ မသွားခင် ငါနဲ့ လာပြီး တခွက် နှစ်ခွက်လောက်တော့ ‌သောက်လိုက်ပါဦး။ ငါလည်း ဒီရက်ပိုင်း စထရက်စ်တွေ တအားများနေတော့ မင်းနဲ့ နည်းနည်းပါးပါး သောက်ပြီး စကားလေး ဘာလေး ပြောချင်လို့ပါ။ ပြီးရင်တော့ မင်းကြိုက်တာလုပ်။ သွားချင်တဲ့ နေရာသွား။ ဟုတ်ပြီလား’

အောင်သောင်း ဦးစိန်လင်း၏ ပခုံးပေါ်မှ ကျော်ပြီး စိုးသန်းကို ကြည့်လိုက်သည်။ ပိန်ပိန်စောက်စောက် အရပ်ရှည်ရှည်နှင့် လူမိုက်သည် အောင်သောင်းကို ပြန်ပြီး ဂြိုလ်ကြည့်ကြည့်နေသည်။ သူ့လယ်သာ ဂျာကင်အောက်တွင် ခြောက်လုံးပြူးသေနတ်ရှိပုံရ၏။ အောင်သောင်း လီယိုကို အိပ်ရာပေါ် ခဏသွားအိပ်နေဟု ပြောပြီး ထည့်လက်စ အ၀တ်အစား သေတ္တာများကို ပြန်ပိတ်ကာ ဦးစိန်လင်းနှင့် လိုက်လာခဲ့သည်။

ဦးစိန်လင်းသည် ဘားကောင်တာသို့ ကိုယ်တိုင်သွားပြီး သူတို့ သောက်နေကျ ဘလူးလေဘယ်ပုလင်းကို အဖုံးဖွင့်ကာ ဖန်ခွက်နှစ်ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။

‘ချီးယားစ် အောင်သောင်း။ မင်းကိုငါ ကျေးဇူးတင်တယ်။ ဒီကလေးနဲ့ ပတ်သက်ပြီးရော။ အားလုံးအတွက်ပါပဲ’

‘ဟုတ်ကဲ့ ရပါတယ် ဆရာကြီး’

‘သာကေတအိမ်ကတော့ မင်းအိမ်ပါပဲ။ ဒီအိမ်အပြင်မင်းကို ငါ ထပ်ပေးဦးမယ်။ ပြီးရင်တော့ မင်း နားလို့ရပါပြီ။ မင်းဘ၀အတွက် ဘာမှ ပူစရာမလိုတော့ဘူးပေါ့။ ဒါနဲ့ နေပါဦး။ မင်းက ဘာဆက်လုပ်မယ် စဥ်းစားထားလဲ’

‘ကျွန်တော် ကလောဘက်မှာ မြေ၀ယ်ပြီး ဟိုတယ်လေးတစ်လုံးလောက် ‌ဆောက်ဖို့စဥ်းစားထားတယ် ဆရာကြီး။ ဖြစ်နိုင်ရင်တော့ လီယိုလည်း အဲဒီဟိုတယ်မှာ မန်နေဂျာတော့ လုပ်လို့ရတာပဲ။ လူတွေ့သိပ်ခံစရာမလိုတဲ့ အလုပ်မျိုးပေါ့’

‘ကောင်းပါ့ ကောင်းပါ့။ မင်းက အားလုံးကို ကြိုတွက်ထားပြီးပြီပဲ။ ငါ့တပည့်ကြီး - တော်ပါပေတယ်’

အရက်သောက်ရင်းနှင့် အောင်သောင်း ခေါင်းထဲတွင် ရီ‌ဝေဝေ ဖြစ်လာသည်။ သူ အသိစိတ်ကို ထိန်းသော်လည်း အရာခပ်သိမ်းသည် ၀ိုးတိုး၀ါးတား ဖြစ်လာလေသည်။

‘… ဒီ… ဒီ အရက်ထဲမှာ ဘာတွေခပ်ထားသလဲ’

အောင်သောင်း လေးလံသော လျှာကြီးနှင့် စကားကို မနည်းကြိုးစားပြောနေရသည်။ စိုးသန်းက သူ့ရှေ့တွင်လာကာ အောင်သောင်း၏ အခြေအနေကို အကဲခတ်လေသည်။ ဦးစိန်လင်းသည် သူ့လက်ထဲမှ အရက်ကို ကုန်အောင် မော့ချလိုက်ပြီးမှ -

‘အောင်သောင်း။ မင်းဟာလေ တော်တော် ခေါင်းမာတဲ့ကောင်ပဲ။ ၀မ်ကျင်းက ဒီကလေးနဲ့ ပတ်သက်ပြီး အကုန်တာ၀န်ယူပါ့မယ် ကတိပေးထားတာကို။ သူက ကိုယ်ပိုင်လေယာဥ်နဲ့ တရုတ်ပြည်ကို ခေါ်သွားမှာ။ မင်းရော ငါရော - ဒီမကောင်းဆိုး၀ါးလေးအတွက် ဘာမှ ပူစရာမလိုတော့ဘူးလေ။ ငါတို့ သူ့ကို သတ်စရာလည်း မလိုဘူး။ သူ့ဘ၀လည်း ကောင်းချင်ကောင်းသွားမှာလေကွာ။ ဒါကို မင်းက ဘာတွေ ခေါင်းမာနေရတာလဲ အောင်သောင်းရာ...’

သူ့ဆရာကြီး၏ အသံများသည် အောင်သောင်း နားထဲတွင် နီးတချက် ‌ဝေးတချက် ဖြစ်နေရာမှ နောက်ဆုံးတွင် လုံး၀ပျောက်ကွယ်ပြီး အောင်သောင်း၏ အသိစိတ်များအားလုံး အမှောင်အတိ ဖုံးလွှမ်းသွားလေတော့သည်။

…………………………….

‘ဆရာအောင်သောင်း။ ဆရာအောင်သောင်း’

သူ့မျက်နှာပေါ်တွင် အေးကနဲ ဖြစ်သွားပြီး လေသံလေးနှင့် နားနားကပ်ကာ တိုးတိုးခေါ်သံကို ကြားလိုက်ရသည်။ မျက်လုံးများ ဖွင့်ကြည့်လိုက်လျှင် လက်ထဲတွင် ရေခွက်ကြီးကိုင်ထားသော ဒေါ်ကြီးငွေကို တွေ့လိုက်ရသည်။ သူ့မျက်နှာကို ရေနှင့်ပက်ပြီး နှိုးလိုက်ခြင်းပင်။ အောင်သောင်းသည် ခြံထဲရှိ ဂိုထောင်ထဲတွင် ကုလားထိုင်တစ်လုံးပေါ်၌ ကြိုးများနှင့် တုပ်နှောင်ခံထားရသည်။

‘ဟင်.. ဒေါ်ကြီးငွေ။ .. လီ.. လီယိုလေးရော..’

အဒေါ်ကြီးသည် အတုန်တုန် အရီရီနှင့် အောင်သောင်း ခြေလက်များပေါ်တွင် ချည်နှောင်ထားသော ကြိုးများကို အသားလှီးဓားနှင့် ဖြတ်ပေးနေရင်းမှ -

‘ဆရာ.. ဆရာ စိုးသန်း လီယိုလေးကို ဟို.. ဟို တရုတ်ကြီးဆီ သွားပို့လိုက်ပြီ ဆရာအောင်သောင်း’

‘ဘာ...’

‘ရှူး တိုးတိုး ဆရာအောင်သောင်း။ သူတို့တွေ အိမ်မကြီးထဲမှာ အရက်သောက်နေကြတယ်။ မိသွားရင် ကျွန်မကို သတ်မှာ ဆရာ’

‘နေဦး။ အဲဒီ့၀မ်ကျင်း ဘယ်မှာတည်းလဲ သိလား။’

‘ကျွန်.. ကျွန်မ သေချာတော့ မသိဘူး ဆရာအောင်သောင်း။ ဆရာစိုးသန်းပြောတာ တစွန်းတစကြားတာတော့ မင်္ဂလာဒုံသွားမယ်လို့ ပြောတာပဲ။’

‘ရပြီ ဒေါ်ကြီးငွေ။ ကျုပ်သိပြီ။ မင်္ဂလာဒုံဘက်မှာ ပြည်ပဧည့်သည်တွေလာရင် ထားတဲ့ တိုက်တစ်လုံး ရှိတယ်။ အဲဒီ့မှာပဲဖြစ်ရမယ်။ ကဲ အခုချက်ချင်း ကျုပ်လိုက်သွားမယ်။ ဒေါ်ကြီးငွေလည်း ခြံထဲကထွက်ပြီး အမြန်ဆုံး လွတ်အောင်ပြေးပါ။ ဒီကလွတ်ရင် ဒေါ်ကြီးငွေ ရွာကိုမပြန်နဲ့။ မန္တလေးက ကျုပ်မိတ်ဆွေ ဦးသိန်းဇံဆိုတာရှိတယ်’

အောင်သောင်း သူ့မိတ်ဆွေ၏ လိပ်စာကို ပြောပြလိုက်သည်။

‘အဲဒီမှာ သွားရှောင်နေ။ ကျုပ်တစ်ပတ်အတွင်း ဒေါ်ကြီးငွေကို လာရှာမယ်။ အဲဒီကမှ ကျုပ်တို့ သုံးယောက် ဘာဆက်လုပ်မလဲ ဆက်ပြောကြတာပေါ့’

‘ဟုတ်.. ဟုတ်ကဲ့ ဆရာအောင်သောင်း’

‘ကဲ ဒါဆို ကျုပ်သွားမယ်’

ရွှေသွားအောင်သောင်းသည် ဂိုထောင်ထဲမှ အသံမမြည်အောင် ထွက်ရင်း ခြံတံခါးမကြီးကို တွယ်တက်ကာ ခြံပြင်သို့ ခုန်ချလိုက်သည်။ ထို့နောက် တက်စီတစ်စီးကို တားစီးကာ မင်္ဂလာဒုံရှိ တရုတ်ကြီး ၀မ်ကျင်း တည်ရှိရာသို့ အမြန်ဆုံး ခရီးနှင်လေတော့သည်။

………………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#စိန်
#တရုတ်
#အခန်း
#ကောင်လေး
#လောက

Some text some message..