ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၈/ ဇာတ်သိမ်း)
lotaya.mpt.com.mm
|
2022-05-28

သားလေး

………...

အောင်သောင်း တက်စီ‌ပေါ်မှ ခုန်ဆင်းပြီး ဧရာမခြံကြီးဆီသို့ ကြောင်တစ်ကောင်လို ချဥ်းကပ်လိုက်သည်။ ညနေခင်းနေသည် တဖြည်းဖြည်း မှိန်စပြုနေပြီ။ မကြာမီ ညမှောင်လေတော့မည်။ ကောင်းကင်ပေါ်တွင် မိုးသားများ အုံ့မှိုင်းစပြုလာသည်။ လီယိုကို မွေးဖွားစဥ် ညတုန်းကလို ရာသီဥတုမျိုး ဖြစ်နေမှန်း အောင်သောင်း ခံစားလိုက်ရ၏။

သူ ဤခြံကြီးကို သိသည်။ ဦးစိန်လင်းနှင့် အောင်သောင်းတို့ ကိုယ်တိုင် ဤခြံကြီးကို အထည်ကြီးပျက် သဌေးတစ်ဦးထံမှ အောက်စျေးနှင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ပြည်ပမှ အရေးကြီး ဧည့်သည်များလာတိုင်း အောင်သောင်းကိုယ်တိုင် ဤနေရာသို့ ခေါ်လာကာ ဧည့်သည်များကို တည်းခိုစေခဲ့သည်။ ထို့ကြောင့်လည်း ရွှေသွားအောင်သောင်းသည် ဤခြံအကြောင်းကို ခရေစေ့တွင်းကျ ခွေးတိုးပေါက်မကျန် သိနေခဲ့လေသည်။ သူ ခြံနောက်ဖက်မှ ပတ်လိုက်ပြီး ခြံနောက်ဖေးတံခါးကို တွယ်တက်လိုက်သည်။

ရုတ်တရက် မိုးများထစ်ချုန်းပြီး ခြိမ်းကာ ပတ်၀န်းကျင်တစ်ခုလုံး မှောင်ကျသွားသည်။ အောင်သောင်းအတွက်တော့ အခွင့်ကောင်းပင်။ သူကံကောင်းလျှင် အိမ်ရှေ့တွင် ဘော်ဒီဂတ် အစောင့် နှစ်ယောက်လောက်သာရှိလိမ့်မည်။ ထိုသူများမှာလည်း အောင်သောင်းကို မျှော်လင့်နေလိမ့်မည်မဟုတ်။ ထိုနှစ်ယောက်ကို လှဲသိပ်ပြီး အိမ်ထဲရှိ လီယိုကို ခေါ်ကာ သာကေတက သူ့အိမ်တွင် ၀ှက်ထားသော မီးခံသေတ္တာထဲမှ ပိုက်ဆံများ သွားထုတ်ရလိမ့်မည်။ ထို့နောက်တော့ လီယိုနှင့် သူတို့ ရန်ကုန်မှ ခေတ္တရှောင်နေရမည် ဖြစ်သည်။

သူတိုက်ကြီး၏ ဘေးဘက်မှ နံရံကို ကပ်ပြီး တိုက်ရှေ့မျက်နှာစာဆီသို့ ခြေသံလုံလုံနှင့် လျှောက်သွားလိုက်သည်။ သူထင်သည့်အတိုင်းပင် ယခင်က သူ့ကော်ဘရာဂိုဏ်းသားများဖြစ်သော အငယ်လေးနှင့် ဆင်ကြီးတို့သည် ခြံရှေ့မြက်ခင်းတွင် မီးတိုင်အောက်၌ ခြင်းခတ်နေကြလေသည်။ ခါး‌တောင်းကျိုက်ပြီး ခြင်းခတ်နေကြသဖြင့် သူတို့ကိုယ်ပေါ်တွင် လက်နက်များမရှိမှန်း အောင်သောင်းတွေ့လိုက်ရသည်။

‘ဟေ့ကောင်တွေ။ ခဏနေ မိုးရွာတော့မှာ။ မင်းတို့ မိုးမိနေဦးမယ်’

အောင်သောင်း ခပ်အေးအေးပင် လှမ်းအော်ပြောကာ သူတို့ဆီ တည့်တည့်ကြီး လျှောက်သွားလိုက်သည်။

‘ဟင်… ဆရာအောင်သောင်း’

ဆင်ကြီးက မျက်လုံးပြူးပြီး လှည့်ကြည့်သည်။

‘လီယိုဘယ်မှာလဲ’

‘ဗျာ.. ဘယ်က လီယိုလဲဗျ’

‘ဟို တရုတ် ၀မ်ကျင်း ဘယ်မှာလဲ။ အထဲမှာ ရှိတယ်မဟုတ်လား။ ဟေ့ကောင် အငယ်လေး။ ဘယ်ပြေးမလို့’

အငယ်လေးသည် အောင်သောင်း ဘေးမှဖြတ်ပြီး တံခါး၀တွင် ချထားသော ကျောပိုးအိတ်ဆီသို့ အမြန်ပြေးသည်။ မဟုတ်မှလွဲရော ကျောပိုးအိတ်ထဲတွင် လက်နက်တစုံတရာ ရှိရမည်။ သို့သော် သူ့ထက် လျင်သော အောင်သောင်းက ခြေထိုးခံလိုက်ရာ အငယ်လေး မှောက်လျက်လဲသွားသည်။

‘မင်းတို့က အေးအေးဆေးဆေး ပြောမရ‌တော့လဲ’

ဖျောင်း...။

လဲကျနေသော လူငယ်၏ မျက်နှာကို အောင်သောင်း ခြေဖမိုးနှင့် ဖြတ်ကန်လိုက်၏။ လူငယ်ပါးစပ်ထဲမှ သွားသုံးလေးချောင်း ကျွတ်ထွက်သွားပြီး သွေးများဖြာကနဲထွက်ကာ သတိမေ့သွားသည်။ အောင်သောင်း ဆင်ကြီးနှင့် ပြန်လည် မျက်နှာမူလိုက်သည်။ ဆင်ကြီးသည် နာမည်နှင့် လိုက်အောင် အကောင်ကြီးသည်။ အရပ်ခြောက်ပေကျော် ထွားကျိုင်းလှသော အောင်သောင်းထက်ပင် ခေါင်းတစ်လုံးမျှ ပိုမြင့်နေသေးသည်။ ကော်ဘရာမြွေဟောက်ဂိုဏ်းတွင် အားလုံးက ကြောက်ကြရသော စီနီယာဂိုဏ်းသားကြီးတစ်ဦးလည်း ဖြစ်သည်။

‘ဟေ့ကောင် ဆင်ကြီး ငါမေးတာဖြေ။ ဟိုတရုတ်နဲ့ ငါ့ကလေး ဘယ်မှာလဲ။ အထဲမှာ မဟုတ်လား’

‘ဗျာ.. ဟိုခွေးလေးကို ပြောတာလား။ အဲဒါ ဆရာ့ခွေးလား။ ဆရာကြီးက ဒီခြံထဲကို ဘယ်သူမှ ပေးမ၀င်နဲ့လို့ ပြောထားတယ်။ အထူးသဖြင့် ဆရာအောင်သောင်းကို မသိစေနဲ့တဲ့’

‘အဲဒါ ခွေးမဟုတ်ဘူးကွ။ အဲဒါ ငါ့သား။ လူကွ လူ။ မင်းတို့ ငါတို့လို စကားပြောတတ်၊ အသိဥာဏ်ရှိတဲ့ လူလေးကွ။ သူ့မှာ နာမည်ရှိတယ် လီယိုတဲ့’

ဆင်ကြီး ခေါင်းကို ခါရမ်းလိုက်သည်။

‘ဆရာအောင်သောင်း။ စိတ်ကို ငြိမ်ငြိမ်ထားပါဗျာ။ ဆရာစိုးသန်းက ခွေးလှောင်အိမ်ထဲထည့်ပြီး ဟိုလူ့ဆီကို လာပို့သွားတာပါ။ ကျွန်တော်ကြားရသလောက်က ခွေးလို တဂိန်ဂိန်နဲ့ဟောင်နေတာပါပဲ’

‘...ဘာ… လီယို့ကို လှောင်အိမ်နဲ့ လာပို့တယ်။ ဟုတ်လား’

‘ဆရာအောင်သောင်း။ ဒီကိစ္စ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဆရာကြီး ဦးစိန်လင်းက အတိအကျ ကျွန်တော်တို့ကို အမိန့်ပေးထားတယ်။ ဒီတိုက်ထဲကို ဘယ်သူမှ မ၀င်ရဘူးဆိုတာရယ်။ အထူးသဖြင့် ဆရာ‌အောင်သောင်းမသိရဘူးဆိုတာပဲ။ ဒါကြောင့် ကျွန်တော် ဆရာ့ကို ပေးမ၀င်နိုင်ဘူးဗျ။ ဆောရီးဗျာ။ စိတ်မကောင်းပါဘူး။ အမိန့်အရပါ’

ဆင်ကြီးသည် ဧရာမ လက်သီးကြီးများကို တဘက်နှင့် တဘက် ဖျစ်ညှစ်ပြီး ပြောလိုက်လေသည်။ သူ့လက်မောင်းကြီးများကို ကွေးလိုက်လျှင် ဦးခေါင်းတစ်လုံးထက် ပိုကြီးသော ကြွက်သားကြီးများ ဖောင်းတက်သွားကြသည်။ အောင်သောင်း ဆင်ကြီးကို အလဲထိုးပြီးမှ တိုက်ထဲသို့ ၀င်ခွင့်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

‘အိုကေလေ။ ဒါဆိုလည်း စိန်လိုက်ပေါ့’

ထိုစဥ်မှာပင် ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားပြီး မိုးစက်မိုးပေါက်များက တဖျောဖျောရွာကျလာတော့သည်။ လျှပ်စီးများလည်း ဖျန်းကနဲ ဖျန်းကနဲ လက်လာလေသည်။ ခြံ၀င်းထဲတွင်တော့ လူထွားကြီးနှစ်ဦးသည် တစ်ဦးကို တစ်ဦး မျက်နှာမူကာ အကွက်ချောင်းနေကြသည်။

‘ကျား...’

ဆင်ကြီးသည် ညာသံပေးလျက် ခြေလှမ်းကျယ်ကြီးများနှင့် အောင်သောင်းကို ၀င်လုံးလေသည်။ ဆင်ကြီး၏ အချုပ်ကို ခံရပါက အောင်သောင်းနံရိုးများ စိစိကြေသွားမည်ဖြစ်သည်။ ထို့ကြောင့် ရွှေသွားအောင်သောင်းသည် ဆင်ကြီး၏ အချုပ်ကို မခံဘဲ ဘယ်ခြေကို နောက်ဆုတ်၍ ကိုယ်ကို တိမ်းပြီး ဆင်ကြီး၏ ခန္ဓာကိုယ်ကြီးကို ဘေးသို့ အသာတွန်းထုတ်လိုက်သည်။ အရှိန်လွန်သွားသဖြင့် ဆင်ကြီးသည် ယိုင်လဲကျလုနီးပါး ဟန်ချက်ပျက်သွားသည်။ ယခုအခါ ဆင်ကြီး၏ နံဘေးသို့ရောက်သွားပြီဖြစ်သော အောင်သောင်းက ဘယ်၀ိုက်လက်သီးတစ်လုံးကို ဆင်ကြီး၏ လက်၀ဲနံစောင်း ကျောက်ကပ်ရှိရာနေရာသို့ အရှိန်ပြင်းစွာ ပစ်သွင်းလိုက်သည်။

‘ဒုတ်’

‘ဂျွတ်’

‘အူးး...’

တစ်ချက်ဆို တစ်ချက် ပြင်းထန်လှသော လက်သီးချက်ကြောင့် ဆင်ကြီး၏ လက်၀ဲ နံရိုးများ ကျိုးထွက်သွားပြီး အချို့နံရိုးများက သူ၏ ကျောက်ကပ်နှင့် အတွင်းကလီစာများကို ထွင်းဖောက်သွားပုံရလေသည်။ လူထွားကြီး ကိုယ်တစောင်းကြီးဖြစ်သွားကာ မနည်းပြန်လှည့်ပြီး အောင်သောင်းကို ရင်ဆိုင်ပြန်သည်။

‘မင်းကိုငါ နောက်ဆုံး အခွင့်အရေးပေးမယ်။ ငါ့ကို အိမ်ထဲ အေးဆေးပေး၀င်ပါ’

‘တောက်… အီးယား...’

ဆင်ကြီးသည် အံကိုကြိတ်ပြီး သူ၏ ကြီးမားလှသော ညာလက်သီးကြီးကို အောင်သောင်း မျက်နှာတည့်တည့်သို့ ထိုးချလိုက်သည်။ အောင်သောင်း ခေါင်းငုံ့ရှောင်ရင်း ယခင် သူထိုးခဲ့သော ဆင်ကြီး၏ ဘယ်နံစောင်းတည့်တည့်ကိုပင် ညာပင့်လက်သီးတစ်လုံး ထပ်လွှတ်လိုက်ပြန်သည်။

‘ခွပ်’

‘အု...’

ဆင်ကြီး ရုတ်တရက် အသက်ရှူရပ်သွားသည်။ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ့ဘယ်ဘက်နံကြားကို လက်ကြီးနှစ်ဘက်နှင့် အုပ်ရင်း ဒူးထောက်လဲကျသွား၏။ ရွှေသွားအောင်သောင်း အချိန်မဆိုင်းဘဲ တိုက်ရှေ့တံခါးမကြီးကို ဖွင့်ပြီး အိမ်ထဲသို့ အပြေး၀င်သွားလိုက်သည်။ သူ၏ စိတ်ထဲတွင် လီယိုအတွက် တဖြည်းဖြည်း ပိုပြီး ပူပန်မိလာလေသည်။ ထိုလူများသည် လီယိုကို လူတစ်ယောက်လို သဘောမထားမှန်း သူသိခဲ့လေပြီ။ ကလေးငယ်ကို လှောင်အိမ်ထဲတွင် တိရစ္ဆာန်တစ်ကောင်ပမာထည့်ပြီး ရိုင်းစိုင်းယုတ်မာခဲ့ကြသည်။ လီယိုလေး ဘယ်လောက်တောင် ကြောက်နေလိမ့်မလဲ။ ငါ့သားလေး… ဘယ်လောက်တောင် အားငယ်နေလိမ့်မလဲ...။

လူမိုက်ကြီး၏ စိတ်ထဲတွင် အင်မတန်ပင် ယူကြုံးမရ ဖြစ်လာရသည်။ ထိုသို့ ယူကြုံးမရဖြစ်လေလေ သူ၏ ဒေါသများက အထွတ်အထိပ်ရောက်လေလေပင်။

အောင်သောင်း အိမ်ရှေ့တံခါးကိုဖွင့်ပြီး တိုက်ထဲ၀င်လိုက်မိသည်နှင့် သူ၏ ငယ်ထိပ်တည့်တည့်ကို မိုးကြိုး ပစ်ခံလိုက်ရသလို ဒိန်းကနဲ ဖြစ်သွားခဲ့သည်။ သူ ပထမဆုံး သတိထားမိလိုက်သည်မှာ တရုတ်ဟင်းခတ် အမွှေးအကြိုင်ရနံ့တစ်မျိုး။ ချိုအီသောဟင်းနံ့။ အောင်သောင်းတစ်ခါမျှ မသိဘူးသော ဟင်းနံ့တစ်မျိုး။ တရုတ်ပြည်မကြီးဘက်ဆီမှ အရွက်များ၊ ငရုတ်ကောင်းမှုန့်များသုံးကာ ချက်ထားခြင်းပင် ဖြစ်ရမည်။ သို့သော် ထူးဆန်းသည်မှာ ထိုဟင်းနံ့ကြီးသည် ဘာကြောင့် အောင်သောင်း၏ စိတ်ကို ခြောက်ခြားသွားစေသနည်း။ ဘာကြောင့်များထိုဟင်းနံ့ကြီးကို ရသဖြင့် အောင်သောင်း၏ ရင်ထဲတွင် တလှိုက်လှိုက်ပျို့တက်ကာ အော်ဂလီဆန်ချင်သလို ဖြစ်လာရသနည်း။

သူရှည်ရှည်‌ေ၀း‌ေ၀း စဥ်းစားမနေတော့ဘဲ ထိုအမွှေးနံ့ကြီး ထွက်ပေါ်လာရာ မီးဖိုချောင်ခန်းထဲသို့ တိုက်ရိုက်၀င်ချသွားလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော တရုတ်ကြီး ၀မ်ကျင်း။ စားဖိုမှူးခေါင်းဆောင်း၊ ရင်ဖုံးအ၀တ်တို့ကို အကျအန၀တ်ဆင်ထားပြီး လက်ထဲတွင် ယောက်မကြီးတစ်ချောင်းကို ကိုင်ကာ မီးဖိုပေါ်ရှိ အိုးကြီးတလုံးကို သွားရည်တမြားမြားနှင့် ထိုးမွှေလျက်ရှိလေသည်။

‘ဟေ့ကောင် ၀မ်ကျင်း။ လီယို ဘယ်မှာလဲ’

အောင်သောင်း ခက်ထန်စွာ အော်မေးလိုက်သည်။ သူရုတ်တရက် ပတ်၀န်းကျင်ကို သတိမထားမိ။ ၀မ်ကျင်းက အောင်သောင်းကို လှည့်ကြည့်သည်။ သူ့မျက်နှာကြီး ရုတ်တရက် သွေးဆုတ်သွားသည်။

‘ဂျိန်း ဂျိန်း ဂျိန်း’

အပြင်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေလေပြီ။ လျှပ်စီးများသည် ဆက်တိုက်ဆိုသလို လက်နေကြသည်။ မိုးကြီးသဖြင့် မီးဖိုချောင်မျက်နှာကြက်မှ မီးချောင်းသည် မှိန်သွားလိုက် ပြန်လင်းလာလိုက်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ အောင်သောင်း ရွံရှာမုန်းတီးလှသော အမွှေးနံ့ကြီးသည် ၀မ်ကျင်း ယောက်မနှင့် ထိုးမွှေနေသော ဟင်းအိုးကြီးထဲမှ ထွက်လာခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။ တရုတ်ကြီးသည် အသားဟင်းတစ်မျိုးမျိုးကို ချက်နေခြင်းဖြစ်၏။ မည်သည့်အသားဖြစ်မှန်း အောင်သောင်းမခန့်မှန်းနိုင်ခဲ့။ သူသည် ထိုအနံ့မျိုးကို ယခင်တခါမျှ မရဖူးခဲ့။

တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီဟု အောင်သောင်း ရိပ်စားမိလိုက်သည်။ အင်မတန် ဆိုး၀ါးသော အဖြစ်အပျက် တစုံတရာသည် ဤအခန်းထဲတွင် ဖြစ်ခဲ့ပြီးပြီဟု အောင်သောင်း ခံစားလိုက်ရသည်။ ထိုမီးဖိုချောင်ထဲတွင် အနိဌာရုံတမျိုး၊ မိစ္ဆာစွမ်းအားတမျိုးသည် သိပ်သည်းထူထပ်စွာ ကြီးစိုးနေခဲ့သည်။

ထိုစဥ်မှာပင် အောင်သောင်းသည် အခန်းထောင့် တစ်နေရာရှိ တစုံတရာကို သတိထားမိသွားသည်။ ထိုနေရာတွင် စားပွဲတစ်လုံးရှိနေသည်။ စားပွဲပေါ်တွင် သစ်သားစဥ်းနှီတုံးကြီးရှိသည်။ စဥ်းနှီတုံးဘေးတွင် အသားခုတ် ဓားမကြီးတစ်လက်။ ထို.. ထို.. ဓားမကြီးနှင့် စဥ်းနှီတုံးတို့၏ ဘေးတွင်မူ...။

ပထမတွင် အောင်သောင်းသည် မှိန်ဖျော့သော မီးရောင်အောက်တွင် ထိုအရာကို အသေအချာ မသဲမကွဲသာ တွေ့လိုက်ရသည်။ သူ အိပ်မွေ့ချခံထားရသူတစ်ဦးပမာ ထိုစားပွဲအနီးသို့ ချဥ်းကပ်သွားလိုက်၏။

‘အမလေး… လီယိုလေးရယ်။ အဖြစ်ဆိုးလှချည်လား။ အမလေး… သားလေးရယ်။ အမလေး သားလေးရဲ့။ အဖြစ်ဆိုးလှချည်လား သားလေးရဲ့’

လူထွားကြီးသည် အော်ဟစ်ငိုကြွေးရင်းမှ ခေါင်းထဲတွင် မူးကနဲ မိုက်ကနဲ ဖြစ်သွားရသည်။ သူ့ရှေ့ရှိ မြင်ကွင်းကို အောင်သောင်းသည် မယုံကြည်နိုင်ခဲ့။ သူ အဘယ်မျှကြီးမားသော မကောင်းမှု အကုသိုလ်ကို ကျူးလွန်မိသဖြင့် ဤမျှ ကံဆိုးခဲ့ရပါသနည်း။ သူဘာကြောင့်များ ယခုကဲ့သို့ ဆိုး၀ါးလှသော ကံကြမ္မာနှင့် ရင်ဆိုင်ရပါသနည်း။

စဥ်းနှီးတုံး၏ ဘေးတွင် သူတွေ့လိုက်ရသည်မှာ လည်ပင်းမှ တိနေအောင် ခုတ်ဖြတ်ခံထားသော သူ၏ အသည်းတမျှ ချစ်ရသည့် သားကလေး လီယို၏ ဦးခေါင်းပြတ်ကလေးပင်တည်း။ လီယို၏ မျက်လုံးလေးများသည် တ၀က်မျှ ပွင့်လျက်ရှိပြီး မျက်လုံးလေးများထဲတွင် ထိတ်လန့်စွာ အသနားခံနေသည့် အရိပ်အယောင်လေးများကို သူတွေ့လိုက်ရလေသည်။ သို့သော် ကလေးငယ်သည် သူ့ဘ၀လေး၏ နောက်ဆုံးအချိန်တွင် သနားကြင်နာခြင်းကို မခံစားသွားခဲ့ရရှာချေ။ လီယိုသည် ဘ၀မကူးမီ အချိန်လေးတွင် သူ့ကို တိရစ္ဆာန်လို သဘောထားသော၊ အသားဟင်းတစ်ခွက်လို သဘောထားသော လူ့မိစ္ဆာကြီး၏ လက်ထဲတွင် ပိုးစိုးပက်စက် အသက်ပျောက်ခဲ့သွားရရှာသည်။ အသေဆိုးနှင့် သေခဲ့ရရှာသည်။

အောင်သောင်းသည် သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်း ဘေးပတ်၀န်းကျင်ကို ကြည့်မိသည်။ … သားလေး။ သားလေးရဲ့ ကိုယ်လုံးရော...။

‘ငါ့သားရဲ့ ကိုယ်လုံးရော။ ဘယ်မှာလဲ။ ဟေ့ကောင် မပြေးနဲ့’

တံခါး၀ဆီသို့ ထွက်ပြေးသော တရုတ်ကြီး ၀မ်ကျင်းကို သူ့ရှေ့ရှိ အသားလှီး ဓားမကြီးနှင့် အောင်သောင်း အားကုန်ပစ်ပေါက်လိုက်သည်။ ဓားမကြီး၏ အသွားသည် ၀မ်ကျင်း၏ နောက်စေ့တည့်တည့်တွင် ‘ဒုတ်’ ကနဲ နက်ရှိုင်းစွာ စိုက်၀င်သွားသည်။ ပြောင်းဖူးမွေးလို နီကျင်ကျင် ဆံပင်များဖုံးနေသော ပြည်ကြီးတရုတ်၏ ဦးခေါင်းတခုလုံး သွေးများနှင့် လွှမ်းသွားပြီး ၀မ်ကျင်းသည် ကြမ်းပေါ်သို့ လဲကျ သေဆုံးသွား‌တော့သည်။

လူမိုက်ကြီးအောင်သောင်းသည် အိပ်မက်ဆိုးကြီးတစ်ခုထဲတွင် ရောက်နေသလို ခံစားနေရတော့သည်။ သူသည် မီးဖိုပေါ်တွင် တပွက်ပွက်ထနေသော ဧရာမ ဟင်းအိုးကြီးကို မရဲတရဲ ကြည့်မိသည်။ ထိုဟင်းအိုးကြီးထဲတွင် ဘာရှိနေမည်ကို သူသိနေလေပြီ။ ထိုဟင်းအိုးထဲမှ ထွက်လာသော မွှေးကြိုင်သည့် အသားဟင်းနံ့သည် သူ့ကလီစာများကို ကပြောင်းကပြန် ဆွဲကိုင်လှုပ်ရမ်းနေသည့်နှယ်ပင်။

‘‌ဝေါ့’

သူ မထိန်းနိုင်ဘဲ အန်ချမိလိုက်သည်။ သူ၏ ရင်သည် နာလွန်းလှ၏။ အောင်သောင်းသည် ဤမျှ နာကျင်ရသော ‌ဝေဒနာ လောကကြီးတွင် ရှိသည်ကို အံ့သြမိသည်။ သူ့ဘ၀တွင် အနာကျင်ဆုံး ခံရအခက်ဆုံး ‌ဝေဒနာပါတကား။ သူ့နှလုံးသားတစ်ခုလုံးကို ပြုတ်တူကြီးနှင့် ညှပ်ပြီး ချေမွှနေသလို ရှိလေသည်။

‘အမလေး သားလေးရေ။ မင်း အဖေ ရင်ထဲမှာ နာလှချည်ရဲ့သားလေးရဲ့။ ငါ့ရင်တွေ ကွဲရပါပြီကွဲ့။ အမလေး ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား လီယိုလေးရဲ့။ ခင်ဗျားတို့ ရက်စက်လိုက်ကြတာ။ ငါ့သားလေးကို ရက်စက်လိုက်ကြတာ။’

အောင်သောင်းသည် လေဖြတ်ထားသူတစ်ဦးပမာ ခြေထောက်ကို ဒရွတ်ဆွဲပြီး ဟင်းအိုးကြီးဆီသို့ သွားလိုက်သည်။ သူ ထိုအနံ့ကြီးကို ဆက်ပြီး သည်းမခံနိုင်တော့။

‘အားးးးး’

ခြောက်ခြားစွာ အော်ဟစ်ကာ လူမိုက်ကြီးသည် ဒန်သားနှင့် လုပ်ထားသည့် ဟင်းအိုးကြီးကို မီးဖိုပေါ်မှ တအားတွန်းဖယ်ချလိုက်လေသည်။

‘ဂလွမ်း….ဗွမ်း...’

‘အမလေးဗျ...။ အမလေးဗျ...။ အားးးး’

ဤသုံးဆယ့်တစ်ဘုံတွင် ငရဲရှိသည်ဆိုပါလျှင် ယခုအချိန်သည် အောင်သောင်းအတွက် အဆိုးဆုံး ငရဲပင် ဖြစ်ရပေမည်။ သူသည် မှောက်ကျသွားသော ဟင်းအိုးကို ငုံ့ကြည့်လိုက်သည်။ ဟင်းရည်များသည် မီးဖိုချောင် ကြမ်းပြင်တလျှောက် ပြန့်နှံ့ကာ စီးထွက်သွားကြလေသည်။ ထိုဟင်းရည်များနှင့်အတူ အပိုင်းပိုင်း ခုတ်ထစ်ထားသော အသားတုံးလေးများ။ အချို့နေရာများတွင် အသားတုံးများနှင့် အတူ ရောနှောပြီး တွေ့ရသည်မှာ - သူတယုတယပျိုးထောင်ပေးခဲ့သော - သူ့လက်နှင့် ထပ်ကာ စာရေးသင် ပုံဆွဲသင်ပေးခဲ့သော လီယို၏ လက်ချောင်း ခြေချောင်းကလေးများ။ ယခုတော့ ဟင်းအိုးထဲတွင် အသားဟင်း တစ်ခွက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ သူ နေ့စဥ်နှင့် အမျှ ပိုးမွေးသလို မွေးခဲ့သော ကလေးငယ်၏ ကိုယ်လုံးကလေးသည် ဤ ဒန်အိုးထဲတွင် ထမင်းတစ်နပ်စာအတွက် အသားဟင်းတစ်ခွက် ဖြစ်ခဲ့ရလေပြီ။

‘အီး.. ဟီး ဟီး.. ။ အဖြစ်ဆိုးရချေရဲ့ သားလေးရေ။ ငါ မင်းကို သားလေးလို့ ခေါ်တာ ထပြီး နားထောင်ပါဦးဟာ...။ ဟေ့ကောင်.. လီယို။ မင်းရက်စက်လှချည်လားဟ။ ငါ့ကို လာပြီး မေးခွန်းတွေ မေးပါဦး သားလေးရ။ ဦးဦးလို့ မခေါ်ပဲ ဖေဖေလို့ ခေါ်ပါလား သား‌လေးရာ။ ငါ့သားလေး။ ငါ့သားလေးမှာ ဘာအပြစ်ရှိလို့ ဒီလို အဖြစ်ဆိုးရတာလဲ။ စောက်သုံးမကျတဲ့ ဘုရားတွေ၊ နတ်တွေ။ မအေ-ိုးတွေ မင်းတို့ ဘယ်မှာ သွားသေနေကြလို့လဲဟ….။ အားးးး ရင်ထဲက နာလှချည်ရဲ့ဗျ...။’

အောင်သောင်းသည် အရူးတစ်ယောက်ပမာ ကြမ်းပြင်ပေါ်မှ အသားတုံးလေးတွေကို တစ်တုံးချင်းစီ လိုက်ကောက်နေလေတော့သည်။ သူသည် မီးဖိုထောင့်ရှိ ပလတ်စတစ် အိတ်ကြီးတစ်လုံးကို သွားယူလိုက်သည်။ ထိုအိတ်ကြီးအတွင်းသို့ လီယို၏ ကိုယ်လုံးအပိုင်းအစလေးများကို တစ်စချင်းစီ ညင်သာစွာကောက်ကာ စုထည့်နေရရှာလေသည်။

‘သားလေးကို ဖေဖေ သေသေချာချာ သင်္ဂြိုလ်ပေးပါ့မယ် သားလေးရယ်။ လူလေးတစ်ယောက်လို မင်းအဖေ ငါ အသေအချာ မြေမြှုပ်သင်္ဂြိုလ်ပေးပါ့မယ်’

ရွှေသွားအောင်သောင်း လီယို၏ ဦးခေါင်းပြတ်လေးကို ပလတ်စတစ်အိတ်ကြီးထဲ နောက်ဆုံး ထည့်ပြီးသည့်အခါတွင်မူ သူ့ရင်ထဲမှ နာကျင်လွန်းသည့်‌ဝေဒနာကို ဆက်ပြီး တင်းမခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လဲကျသွားရှာလေတော့သည်။

…………………………………….

အောင်သောင်းသည် သူ့ကိုယ်ပေါ်ရှိ သေနတ်များကို နေရာချလိုက်သည်။ ဆင်ကြီးနှင့် အငယ်လေးတို့ အိတ်ထဲမှ မရှင်းဂန်းနှစ်လက်နှင့် ပစ္စတိုတစ်လက်တို့ကို သူယူလာခဲ့သည်။ ယခုအချိန်လောက်ဆို ဦးစိန်လင်းသည် ခြံထဲတွင် လုံခြုံရေးအပြည့်ထားမည်မှာ သေချာလေသည်။ သူတို့ အောင်သောင်း လွတ်သွားမှန်း သိလောက်ပြီ။ မင်္ဂလာဒုံထိလိုက်သွားကာ ၀မ်ကျင်းကို သတ်ခဲ့မှန်းလည်း အားလုံး သတင်းရပြီး လောက်လေပြီ။

သူသည် ကြောင်နက်တစ်ကောင်ပမာ ခြံတံတိုင်းကြီးကို ခုန်ကျော်ပြီး ဆင်းလာခဲ့သည်။ မိုးသည် သည်းတုန်းရှိသေး၏။ မုန်တိုင်းသည် ကြမ်းလွန်းနေသည်။ ခြံထဲရှိ သစ်ပင်မြက်ပင်များမှာ ဟိုသည် ယိမ်းထိုးနေကြသည်။ ခြံရှေ့ဆင်၀င်အောက်တွင် စားပွဲတစ်လုံးချပြီး ဖဲရိုက်နေကြသည့် လက်နက်ကိုင် တပ်စုတစ်စု။ အနည်းဆုံးတော့ ဆယ်ယောက်လောက်ရှိမည်။ ဒီတခါတော့ သူတို့အားလုံးသည် သေနတ်များကို ကိုယ်များပေါ်တွင် လွယ်ထားကြသည်။

‘ဟေ့ မအေ-ိုးတွေ’

သူတို့အားလုံး ပြိုင်တူလှည့်ကြည့်လိုက်လျှင် ခြံထောင့် အမှောင်ထုထဲမှ ထွက်လာသော လူ့ဘီလူးကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ၏ လက်ထဲတွင် ကျည်အပြည့်နှင့် စက်သေနတ်ကြီးနှစ်လက်။

‘ဒက် ဒက် ဒက် ဒက် ဒက်…..’

‘အားးးး … အီး...’

အောင်သောင်းသည် ရှောင်တိမ်းခြင်း ကြောက်လန့်ခြင်းမရှိဘဲ လက်နှစ်ဘက်မှ ကျည်ဆံများကို တရစပ်ဆွဲရင်း ရှေ့သို့ နွားရိုင်းကြီးတစ်ကောင်ပမာ တဟုန်ထိုး ပြေး၀င်လာသည်။ လူဆိုးဂိုဏ်းသားများ အတုံးအရုန်း လဲကျသေဆုံးကုန်လေသည်။ အောင်သောင်း၏ စက်သေနတ်မှ ကျည်ကုန်သွားလျှင် လူဆိုး ငါးယောက်မျှသာ ကျန်တော့မည်။

သူ့လက်ထဲမှ သေနတ်များနှင့် ကျန်လူနှစ်ယောက်ကို အားကုန်ပစ်ပေါက်လိုက်သည်။ ကျန်သည့်လူများက သူ့ကို သေနတ်များနှင့် ပြန်ပစ်သည်။ သို့သော် ကြောက်လန့်တကြားရမ်းပစ်သဖြင့် အောင်သောင်းကို မထိမှန်ခဲ့။ အောင်သောင်းသည် ထိုအချိန်တွင် လူတစ်ယောက် မဟုတ်တော့ချေ။ သူ့ထံတွင် လူစိတ်မရှိတော့။ မကောင်းဆိုး၀ါးကြီးတစ်ကောင်က သူ့ကို ၀င်ပူးထားသလိုပင်။ သူသည် ယခုပင် ငရဲကျခဲ့ပြီးလေပြီ။ ထို မီးဖိုချောင်ထဲတွင် လီယိုလေး၏ အသားတုံးလေးများကို လိုက်ကောက်ခဲ့ရသော အတွေ့အကြုံထက် မည်သို့သော ငရဲကမျှ ပိုဆိုးမည်မဟုတ်တော့။ သူ့ကို ကျည်ဆံထိမှန်လျှင်ပင် အောင်သောင်းအတွက် ပန်းနှင့် ပေါက်သလို ရှိပေလိမ့်မည်။ သူ့ကို ယခုအချိန် တစုံတယောက်က သတ်ဖြတ်လိုက်လျှင်လည်း ထိုသူသည် အောင်သောင်းအား ၀ဋ်ဆင်းရဲမှ လွတ်သွားအောင် ကူညီပေးရာပင် ရောက်ပေလိမ့်မည်။

‘ဂျွတ်.. ဂျွတ်.. ခွပ်.. ဂျွတ်’

အောင်သောင်းသည် ကျန်ရှိသော လူသုံးယောက်၏ လည်ပင်းများကို သရဲဂုပ်ချိုးသလို တဂျွတ်ဂျွတ်နှင့် ဆက်တိုက်ဆိုသလို လိမ်ချိုးပစ်လိုက်သည်။ ထိုစဥ်မှာပင် တိုက်ထဲမှ အရိပ်တစ်ခုကို သူတွေ့လိုက်ရသည်။

‘စိုးသန်း’

ဦးစိန်လင်း၏ ညာလက်ရုံးစိုးသန်း။ သွေးရူးသွေးတန်းနှင့် အိမ်ထဲသို့ ၀င်ပြေးသွားခြင်းပင်။ အောင်သောင်း တိုက်ထဲသို့ ရောက်လာသည်။ သူ ဧည့်ခန်းတလျှောက် လှည့်ပတ်ကြည့်လိုက်သည်။ အခန်းထောင့်ရှိ ဆိုဖာတစ်လုံးပေါ်တွင် နဖူးတည့်တည့် သေနတ်ဒဏ်ရာနှင့် သေဆုံးနေရှာသော ဒေါ်ကြီးငွေကို သူတွေ့လိုက်ရ၏။ သူပိုပြီး ဒေါသများထွက်သွားသည်။

‘ဒိုင်း’

ကျည်ဆံတစ်တောင့်က သူ့ကျောကို ဖောက်၀င်သွားသည်။ သို့သော် အောင်သောင်း အနည်းငယ်မျှပင် ယိုင်နဲ့သွားခြင်းမရှိ။ သူ ကျည်ဆံလာရာဆီသို့ လှည့်ကြည့်လိုက်၏။ လှေကား၀ရန်တာအောက်မှ တိုင်လုံးကြီးတလုံးကို ကွယ်ပြီး သူ့ကို သူရဲဘောကြောင်စွာ လှမ်းပစ်သည့် စိုးသန်းကို သူတွေ့သွားသည်။

‘သေပေတော့။ သခင်အားရ ကျွန်ပါး၀တဲ့ကောင်’

လူထွားကြီးသည် ပိန်စောက်စောက်နှင့် စိုးသန်းဆီသို့ ကျားကြီးတစ်ကောင်လို ပြေး၀င်သွားလိုက်သည်။

‘ဒိုင်း’

ထပ်ပစ်သော ကျည်ဆံက အောင်သောင်း၏ ညာပခုံးကို ထိမှန်သည်။ သို့သော် သူရပ်မသွားခဲ့။

‘ဖျောင်း’

သန်မာသော သူ၏ လက်ဖျံကြီးနှင့် စိုးသန်း၏ မျက်နှာကို ရိုက်ချလိုက်သည်။ လူဆိုး၏ မျက်နှာကြီး ရွဲ့စောင်းသွားလေသည်။ မေးရိုးကြီးသည် ပြုတ်ထွက်ပြီး ပါးစပ်ကြီးက ဟောင်းလောင်းကြီး ပွင့်သွား၏။

‘ဒုန်း’

အောင်သောင်း စိုးသန်း၏ ခေါင်းကို ကိုင်ပြီး တိုင်နံရံကြီးနှင့် အားကုန်ဆောင့်ချလိုက်သည်။ မေးရိုးပြုတ်သည့်အပြင် ထိုလူ၏ ညာဘက်မျက်နှာကြီးတခြမ်းလုံး ပိန်၀င်သွားပြီး အရုပ်ကြိုးပြတ်လဲကျသေဆုံးသွားလေသည်။

နောက်ဆုံး တစ်ယောက်သာကျန်တော့သည်။ ‘ဦးစိန်လင်း’။ သူ့ဆရာဘယ်တွင် ရှိနေမည်ကို အောင်သောင်းသိသည်။ သူ စိုးသန်းလက်ထဲမှ သေနတ်ကို ကောက်ကိုင်လိုက်သည်။ အသက်ကို ပြင်းပြင်းရှူမိသည်။ နောက်ကျော သေနတ်ဒဏ်ရာက သူ့အဆုတ်တခြမ်းကို ဖောက်၀င်သွားပုံရသည်။ အောင်သောင်း အသက်ရှူမ၀ဖြစ်လာသည်။ သို့သော် သူ စိတ်ကို မလျှော့သေး။ စိတ်လျှော့၍ မဖြစ်သေး။ နောက်ဆုံး သတ်ရမည့်လူတစ်ဦး ကျန်နေသေးလေသည်။

ဦးစိန်လင်း ရုံးခန်း၏ ကျွန်းတံခါးကြီးကို သူဖွင့်လိုက်သည်။ သို့သော် ထူထဲလှသော တံခါးကြီးကို အတွင်းမှနေပြီး သော့ခတ်ပိတ်ထား၏။ အောင်သောင်း ရှည်ရှည်‌ဝေးဝေး စဥ်းစားမနေဘဲ ထိုကျွန်းတံခါးကြီးကို သန်မာလှသော သူ၏ ခြေထောက်ကြီးနှင့် ဆောင့်ကန်ချလိုက်သည်။

‘၀ုန်း’

တံခါးကြီး လဲကျသွားလျှင် အောင်သောင်းသည် သေနတ်ကို ရှေ့သို့ချိန်ရင်း အခန်းထဲသို့ ၀င်သွားလိုက်၏။ ဦးစိန်လင်းသည် သူထိုင်နေကျ ၀က်သစ်ချ စားပွဲကြီး၏ အနောက်တွင် ထိုင်လျက်ရှိသည်။ သူ့လက်ထဲတွင် ပစ္စတိုသေနတ်ကို အောင်သောင်းရင်၀တည့်တည့်သို့ ချိန်ကာ ကိုင်ထားလေသည်။

‘အောင်သောင်း။ အောင်သောင်း။ မင်းကို ငါက ဟိုကောင်လေးကြောင့် စိတ်ပျော့သွားပြီထင်တာ။ မင်းက လုံး၀ မပြောင်းလဲသေးပဲကိုးကွ’

‘ခင်ဗျားကြီး ဘာကြောင့် ဒီလောက် ယုတ်မာရတာလဲ။ သားလေးမှာ ဘာများအပြစ်ရှိလို့လဲ’

အောင်သောင်း ပြောရင်းနှင့် အသံများ တုန်ရီလာပြန်သည်။

‘သားလေး ဟုတ်လား။ အောင်သောင်းရယ် မင်းနှယ် ဖြစ်မှ ဖြစ်ရလေကွာ။ ဒီကလေးဟာ မင်းရဲ့ သားလည်း မဟုတ်ဘူး။ ငါ့သားလည်း မဟုတ်ဘူး အောင်သောင်း။ ဟိုကောင်မ မူယာ ခွေးဇာတ်ခင်းလို့ ခွေးနဲ့ညားပြီး မွေးတဲ့ သတ္တ၀ါလေးကွ။ သူတို့ ဖောက်ပြန်လို့ ထွက်လာတဲ့ မျိုးမစစ်လေးဟ။ အဲဒီကောင်လေးအတွက်… ငါတို့ သား အဖ.. အခုလို စိတ်၀မ်းကွဲရတာ ရင်နာဖို့ ကောင်းလိုက်တာကွာ’

‘ဘာ သားအဖလဲ။ ခင်ဗျားကြီးဟာ ကျုပ်အပေါ်မှာ ဖခင်မေတ္တာနဲ့ ချစ်ခဲ့တာမှ မဟုတ်ဘဲ။ ကျုပ်ရဲ့ သတ်နိုင် ဖြတ်နိုင်စွမ်းတွေကို သဘောကျလို့သာ ခင်ဗျားကြီးက အကျိုးလိုလို့ ညောင်ရေလောင်းခဲ့တာပဲ။ နောက်ပြီး မူယာနဲ့ ရော်ကီကိုလည်း ခင်ဗျားကြီး ရက်ရက်စက်စက်သတ်ခဲ့တာ။ သူတို့မှာ အဲလောက် အသတ်ခံရစရာ အပြစ်ဘာမှ မရှိဘူး။ နောက်ပြီး မူယာကို အဲဒီလို ဖောက်ပြန်အောင် ခင်ဗျားကြီးပဲ တွန်းပို့ခဲ့တာပဲလေ’

‘ဟင်း… အောင်သောင်း။ မင်းက တော်တော် စာတတ်နေပြီပဲ။ မင်းကို ငါက စဥ်းစားဥာဏ်မရှိတဲ့ လူမိုက်ငတုံးတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ။ မင်းက ငါထင်တာထက် ပိုတော်တာပဲကွ။ ကဲ ဒီလောက်တောင် ပြောလို့မရရင်လည်း သေစမ်းကွာ...’

‘ဒိုင်း’

ဦးစိန်လင်းသည် အောင်သောင်း၏ ရင်အုပ်တည့်တည့်ကို ပစ္စတိုနှင့် ချိန်ပြီး ပစ်လိုက်သည်။ ကျည်ဆံက လူထွားကြီး၏ ညာဘက်ရင်အုံကို တည့်တည့်မှန်၏။ သို့သော် အနည်းငယ်မျှ ယိုင်သွားရုံကလွဲပြီး အောင်သောင်း မဖြုံခဲ့။

‘ဟင်.. သေလေကွာ။ ကဲ.. သေစမ်းဟာ’

‘ဒိုင်း...’

ဦးစိန်လင်း လက်တွေ တုန်နေသဖြင့် နောက်ထပ်ပစ်သော ကျည်ချက်များက အောင်သောင်းကို မထိမှန်တော့။ အောင်သောင်းမှာမူ သေနတ်နှင့် ပြန်မပစ်ဘဲ ရှေ့သို့သာ ဆက်တိုးလာသည်။ ယခုအခါ ရွှေသွားအောင်သောင်းသည် သူ့ဆရာနှင့် လက်တစ်ကမ်းသို့ ရောက်လာပြီဖြစ်သည်။ အောင်သောင်း သေနတ်ကိုင်ထားသော ဦးစိန်လင်း၏ လက်ကောက်၀တ်ကို လိမ်ချိုးလိုက်သည်။

‘ဂျွတ်...ဂျွတ်..’

‘အားးး… သေပါပြီဗျ’

လက်ကောက်၀တ်ကြီးသည် သွင်သွင်ကျိုးသွားပြီး လက်ဖျံရိုးကြီးများက အရေပြားကိုဖောက်ကာ အပြင်သို့ ငေါထွက်လာကြသည်။ သေနတ်မှာမူ ကြမ်းပေါ်သို့ ပြုတ်ကျသွားသည်။ ဦးစိန်လင်းသည် သူ့ လက်ကောက်၀တ်ကို ကျန်လက်တဘက်နှင့် ဆုပ်ကိုင်ရင်း ထိုင်ခုံပေါ်မှထကာ ထွက်ပြေးရန် ကြိုးစားလေသည်။ သို့သော် အောင်သောင်းက သူ့ရှေ့မှ ပိတ်ကာ ရပ်လိုက်သည်။ မူးယစ်ရာဇာကြီး ပြေးပေါက်ပိတ်သွားလေပြီ။ ဦးစိန်လင်း ကြောက်လန့်တကြားနှင့် အောင်သောင်းရှေ့တွင် ဒူးထောက် ထိုင်ချလိုက်သည်။

‘ဟေ့ကောင်… အောင်သောင်း...။ ငါမှားပါတယ်ကွာ။ ငါ့အသက်ကို ချမ်းသာပေးပါ။ မင်းလိုချင်သလောက် ပိုက်ဆံတွေ ငါပေးပါ့မယ်။ ဟိုတရုတ်က အဲလိုလုပ်မယ်မှန်း ငါမသိလို့ပါ အောင်သောင်းရာ။ သား.. သား မောင်အောင်သောင်း။ မင်းကိုငါ တကယ် ဖအေတစ်ယောက်လို’

ဂျွတ်…

လူထွားကြီးအောင်သောင်းသည် ဦးစိန်လင်း၏ ပြောင်နေသော ဦးခေါင်းကြီးကို လက်နှစ်ဘက်နှင့်ကိုင်ပြီး ဆွဲလှည့်ကာ လိမ်ချိုးလိုက်လေသည်။ သဌေးကြီး၏ မျက်နှာကြီးသည် ယခုအခါ သူ့နောက်စေ့ရှိရာသို့ ပြောင်းပြန်ကြီး ရောက်သွားတော့သည်။ အောင်သောင်း သွားကြီးများကို ဖြီးလိုက်သည်။ သူ့ပါးစပ်ထဲမှ ရွှေသွားကြီးများက ကြောက်မက်ဖွယ်ရာ တ၀င်း၀င်းတလက်လက် ပေါ်လာကြသည်။ အောင်သောင်း၏ မျက်စိထဲတွင် လီယို၏ ခေါင်းပြတ်လေးကို မြင်ယောင်လာသည်။

‘ငါ့သားလေးကို လူလို မဆက်ဆံတဲ့ ကောင်ကြီး’

ဂျွတ်….

အောင်သောင်းသည် ဦးစိန်လင်း၏ ဦးခေါင်းကြီးကို ဆက်ပြီး လှည့်လိုက်သည်။ ယခုအခါ ဦးစိန်လင်း၏ ဦးခေါင်းကြီးသည် လည်ပင်းပေါ်တွင် တပတ်လည်သွားပြီး မျက်နှာကြီးက အ‌‌‌‌‌ရှေ့သို့ ပြန်ရောက်လာသည်။ အောင်သောင်းသည် အသက်မဲ့နေပြီဖြစ်သော လူကြီးကို မလွှတ်သေးပဲ မဲမဲပြောင်ပြောင် ဦးခေါင်းကြီးကို တစ်ရစ်ပြီး တစ်ရစ် ဆက်ကာ ဆက်ကာ လိမ်ချိုးနေတော့သည်။

‘သေစမ်း။ မသာကြီး။ သေစမ်း။’

ဂျွတ်…

‘ငရဲမှာ ဂျိုးကပ်စမ်း’

ဂျွတ်… ဇိ.. ဇိ.. ဇိ...။

ဆွဲလိမ်ပါများသဖြင့် ဦးစိန်လင်း၏ လည်ပင်းအရေပြားများသည် ရိထွက်လာပြီး ဦးခေါင်းကြီးသည် မီးလုံးကို အစွပ်မှ လှည့်ချွတ်သလို ကိုယ်လုံးကြီးဆီမှ ရှည်ထွက်ကာ အောင်သောင်း၏ လက်ထဲသို့ ဇိကနဲ ဇိကနဲ ကြွတက်လာလေတော့သည်။

‘ငါ့သားလေးမှာ’

ဂျွတ်…

‘ဘာအပြစ်ရှိလို့….’

ဂျွတ်…

‘ခင်ဗျားကြီးက ဒီလိုယုတ်မာရတာလဲဗျ… အီး ဟီး ဟီးးးးးး. အားးးးး’

ဘုတ်….။

နောက်ဆုံးတွင် ဦးစိန်လင်း၏ ခေါင်းပြတ်ကြီးသည် ကိုယ်လုံးကြီးဆီမှ လုံး၀ ပြုတ်ထွက်ကာ အောင်သောင်း၏ လက်ထဲတွင် အလုံးလိုက်ကြီး ပါလာလေတော့သည်။ သူ ဦးခေါင်းပြတ်ကြီးကို ရွံရှာစွာ အခန်းထောင့်ဆီသို့ လွှင့်ပစ်လိုက်သည်။ အောင်သောင်း၏ တစ်ကိုယ်လုံးတွင် သူကိုယ်တိုင်နှင့် အခြားသူများ၏ သွေးများဖြင့် ရွှဲနစ်လျက် ရှိလေသည်။  သူ သူ့ကိုယ်သူ အနိုင်နိုင်သယ်ရင်း ၀က်သစ်ချစားပွဲကြီးပေါ်ရှိ တယ်လီဖုန်းရှိရာဆီသို့ သွားလိုက်သည်။ သူ ဖုန်းနံပါတ်တစ်ခုကို ကောက်လှည့်လိုက်၏။

‘ဟဲလို အဘနဲ့ ပြောချင်လို့ပါ’

………………………….

အောင်သောင်းသည် ဦးစိန်လင်းနှင့် ပြိုင်ဖက်ဖြစ်သော ဦးမြင့်ငွေ ဆိုသူထံမှ အကာအကွယ်ကို ရယူပြီး ဆေးရုံတက်ကာ ကုသမှုခံခဲ့သည်။ ဦးမြင့်ငွေသည် ဦးစိန်လင်းနှင့် သူ့ဂိုဏ်းသားများကို အပြတ်ရှင်းပေးလိုက်သည့် ရွှေသွားအောင်သောင်းကို ထောင်မကျအောင် အကာအကွယ်ပေးခဲ့သည့်အပြင် ကျေးဇူးပင် တင်ခဲ့သေး၏။ အောင်သောင်းသည် မင်္ဂလာဒုံခြံထဲတွင် ၀ှက်ထားခဲ့သော လီယိုလေး၏ ခန္ဓာကိုယ်ရုပ်ကြွင်းများကို ပြန်သွားယူကာ သင်္ချိုင်းမြေတစ်နေရာတွင် ကျကျနန ဂူသွင်း သင်္ဂြိုလ်ပေးခဲ့လေသည်။

‘မင်းကိုငါ ကြာကြာတော့ အကာအကွယ်မပေးနိုင်ဘူး။ အကောင်းဆုံးကတော့ နိုင်ငံခြားကို ထွက်သွားတာပဲ’

ဦးမြင့်ငွေက အောင်သောင်းကို ပြောခဲ့သည်။ အကြောင်းမှာ ဦးစိန်လင်းနှင့် ပတ်သက်သော အသိုင်းအ၀ိုင်းက အောင်သောင်းကို လုပ်ကြံရန် အချိန်ကောင်းကို စောင့်နေခဲ့ကြသောကြောင့်ပင်။ မြန်မာပြည်တွင် ဆက်လက်နေထိုင်ရန်လည်း အကြောင်းမရှိတော့သော လူမိုက်ကြီးသည် သူပိုင်ဆိုင်သမျှပစ္စည်းများကို ထုခွဲရောင်းချပြီး ကမ္ဘာပတ်ခဲ့ရာ အသက်ကြီးသောအခါ ယူကေနိုင်ငံတွင် အခြေချနေထိုင်ခဲ့ခြင်း ဖြစ်လေသည်။

………………………………………………………………….

ဦးအောင်သောင်း သူ၏ ဇာတ်လမ်းကို အဆုံးသတ်လိုက်သောအခါမှ ကျွန်တော်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချနိုင်တော့၏။ တကယ်တော့ ကျွန်တော်တို့ အပြင်လူများသိခဲ့ကြသည်မှာ ဦးစိန်လင်းသည် မူးယစ်ဂိုဏ်းအချင်းချင်း စားခွက်လုရာမှ အသတ်ခံရခြင်းသာ ဖြစ်သည်ဟူ၍ပင်။

‘ကျွန်တော် စိတ်မကောင်းပါဘူး အန်ကယ်။ တကယ်ပါ’

ဦးအောင်သောင်းသည် အသက်ကို ကြိုးစားရှူရင်း မျက်နှာကျက်ကို မော့ကြည့်နေရှာသည်။

‘ကျွန်တော် စိတ်မကောင်းတာ တစ်ခုပါပဲ ဒေါက်တာရယ်’

‘ဘာများတုန်း အန်ကယ်’

‘ကျွန်တော် လီယိုလေးကို အသက်ရှင်နေတုန်းမှာ ‘သားလေး’ လို့ မခေါ်ဖြစ်ခဲ့တာကိုပါပဲ’

ပြောနေရင်းမှ အဘိုးအို၏ မျက်လုံးများထဲမှ မျက်ရည်များကျလာပြန်သည်။ သူသည် ထိုမျက်ရည်များကို သုတ်ရန် မကြိုးစားတော့ချေ။

‘သားလေးမှာ ဘာအပြစ်မှ မရှိပါဘူး ‌ဒေါက်တာရယ်။ သား‌လေးမှာ ဘာအပြစ်မှ မရှိခဲ့ရပါဘူး’

အဘိုးအိုသည် ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေလိုက်သည်။ အပြင်တွင် နေရောင်က အနည်းငယ် ထွက်စပြုလာလေပြီ။ ကျွန်တော် နာရီကို ကြည့်လိုက်လျှင် မနက် လေးနာရီပင်ကျော်နေခဲ့ပြီ။ မကြာမီ မိုးစင်စင်လင်းပေတော့မည်။ သို့သော် ကျွန်တော် မပြန်သေးဘဲ ဦးအောင်သောင်း၏ ဘေးတွင် ဆက်ထိုင်နေခဲ့သည်။ ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ပေးထားခဲ့သည်။

‘ဒေါက်တာ ကျွန်တော် သေသွားတဲ့အခါ နတ်ပြည်မရောက်ချင်ပါဘူး။ ရောက်မယ်လည်း မထင်ပါဘူး။ ဒါပေမဲ့ သားလေး လီယိုနဲ့တော့ တစ်ခါလေးလောက် ပြန်ဆုံချင်ပါသေးတယ်။ အဲဒီအချိန်ကျရင်တော့ ကျွန်တော် သူ့ကို သားလေး လို့ ခေါ်ဖြစ်အောင် ခေါ်မှာပါ ဒေါက်တာ’

‌နောက်နာရီ၀က်ခန့်ကြာလျှင် ဦးအောင်သောင်းသည် နောက်ဆုံးထွက်သက်ကို ဖြည်းညင်းစွာ ရှူထုတ်ရင်း အေးချမ်းစွာ သေဆုံးသွားခဲ့သည်။ ကျွန်တော်လည်း ထိုင်ရာမှ ထပြီး တာ၀န်ကျ သူနာပြုကို အသိပေးခဲ့၏။ သူနာပြုက ဦးအောင်သောင်းနေထိုင်ရာ ဘိုးဘွားရိပ်သာကို အကြောင်းကြားပေးမည်ဟု ပြောခဲ့သည်။ ထိုသို့ဆိုလျှင် ကျွန်တော့်အတွက် ဦးအောင်သောင်းနှင့် ဆက်ပြီး ပတ်သက်စရာ အကြောင်း တစုံတရာမရှိတော့ချေ။

ကျွန်တော် ဆေးရုံမှ ထွက်လာလျှင် အပြင်လောကတွင် မိုးစင်စင်လင်းနေလေပြီ။ လန်ဒန်မြို့ကြီးသည် အသက်၀င်လှုပ်ရှားစပြုနေပြီဖြစ်သည်။ ဤလူများသည် ကမ္ဘာကြီး၏ တဘက်ခြမ်းတစ်နေရာတွင် လွန်ခဲ့သော အနှစ်‌လေးဆယ်ခန့်က ‘လီယို’ ဆိုသည့် လူတပိုင်းခွေးတပိုင်း သတ္တ၀ါကလေး အသက်ရှင်ခဲ့သည်ကို မည်သို့မျှ သိကြလိမ့်မည်မဟုတ်ချေ။ ဤနိုင်ငံ ဤဒေသမှ လူများ မဆိုထားနှင့် မြန်မာနိုင်ငံအတွင်းရှိ လူများပင်လျှင် လီယို့အကြောင်း၊ သူ၏ မိခင် ဒေါ်မူယာအကြောင်း၊ သို့မဟုတ် သူ၏ ဖခင်အရင်း ဒိုဘာမင်ခွေးကြီး ရော်ကီ၏ အကြောင်းတို့ကို သိရှိကြလိမ့်မည်မဟုတ်ချေ။

ယခုအခါ ထိုအဖြစ်ဆိုးကြီးနှင့် ပတ်သက်သမျှ လူအားလုံးသည် သေဆုံးသွားကြလေပြီ။ ကျွန်တော့်ထံတွင် ထိုဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့သည်ဆိုသော သက်သေဟူ၍ ဆေးရုံပေါ်တွင် သေဆုံးခါနီး၌ ပြောပြသွားခဲ့သော ဦးအောင်သောင်း၏ အတိတ်ဇာတ်လမ်းသာ ရှိလေသည်။ ထိုဇာတ်လမ်းသည် မည်မျှ ယုံကြည်ထိုက်ပါသနည်း။ သေခါနီး အဘိုးအိုတစ်ဦးက ကယောင်ချောက်ချား စိတ်ကလျဥ့်ကလျား ပြောပြသော စကားလုံးများလည်း ဖြစ်နိုင်သေးသည် မဟုတ်ပါလား။ သို့သော် ကျွန်တော့်ရင်ထဲတွင်မူ ‘လီယို’ လေးသည် ဤကမ္ဘာကြီးပေါ်တွင် တကယ်ရှိခဲ့သည်ဟု ခံစားမိသည်။ စာဖတ်သူများလည်း ကျွန်တော့်အတိုင်း ခံစားမိကြလိမ့်မည် ထင်ပါသည်။ ကံဆိုးလှသော ‘လီယို’ လေးသည် အသေဆိုးနှင့် သေခဲ့ရသော်လည်း အသက်ရှင်နေစဥ်အတွင်း ဦးအောင်သောင်း၏ ဖခင်မေတ္တာကို ခံစားခွင့်ရခဲ့သည့်အတွက် ဖြေသာပါသေးသည်။ ဦးအောင်သောင်း နောင်တရသလို သူသည် ကလေးငယ်ကို ‘သားလေး’ ဟု နှုတ်မှ ထုတ်မပြောဖြစ်ခဲ့သော်လည်း သူ၏ ကာယကံ မနောကံများမှ ခံစားနိုင်သော မေတ္တာတရားကို လီယို သိရှိခဲ့မည်မှာ အမှန်ဖြစ်ပါသည်။

ဤသည်မှာကား ကျွန်တော် ရေးပြလိုသည့် ‘ခွေးဇာတ်ခင်းသောမိန်းမ’ အကြောင်းပင် ဖြစ်ပါသည်။ ယခုကဲ့သို့ ရေးပြလိုက်ရသဖြင့် ကျွန်တော့်ရင်ထဲတွင် လေးလံစွာ ခံစားနေရသမျှ ပေါ့ပါးသွားမည်ဟု မျှော်လင့်မိပါသည်။ ဦးအောင်သောင်း၏ ထိုဇာတ်လမ်းကို ကြားခဲ့ပြီးသည့်နေ့မှစ၍ ကျွန်တော့်စိတ်ကို စဥ်ဆက်မပြတ် ဖိစီးနေခဲ့သော ထိုအဖြစ်ဆိုးကြီး၏ လောင်းရိပ်အောက်မှလည်း အမြန်ဆုံး သက်သာလွတ်ကင်းရပါစေဟု ဆုတောင်းမိပါတော့သည်။

……………………….

(ပြီးပါပြီ)

ကိုချမ်း။

#lotaya_shortstory


#စိန်
#မျက်နှာ
#ဦးခေါင်း
#အသက်
#လောက

Some text some message..