ရာစုနှစ်တစ်ခုရဲ့ အရေးပါဆုံး၊ ဩဇာအာဏာအရှိဆုံး လူပုဂ္ဂိုလ်များထဲက လူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ပိုပြီး ကောင်းစေ၊ ဆိုးစေခဲ့တဲ့ လူ ၁၀ ယောက်အကြောင်းကိုစုစည်းထားတာဘဲဖြစ်ပါတယ်။ တိုင်းမ်မဂ္ဂဇင်းက ပုံနှိပ်ဖော်ပြခဲ့ ၂၀-ရာစုနှစ်ရဲ့ ဩဇာအာဏာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ထဲကနေ ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ ဘယ်လိုလူတွေက လူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေအတွက် အကျိုးရှိစေတဲ့လုပ်ရပ်တွေကို တီထွင်ဖန်တီးခဲ့ပြီး ဘယ်လိုလူတွေက ဆိုးရွားနိမ့်ကျသွားအောင်ပြုလုပ်ခဲ့လည်းဆိုတာကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။
(၁) အဲလ်ဘတ်အိုင်စတိုင်း
၂၀-ရာစုနှစ်ရဲ့ ဩဇာအရှိဆုံးသိပ္ပံပညာရှင်အဲလ်ဘတ်အိုင်စတိုင်း(၁၈၇၉-၁၉၅၅) ကို ခေတ်သစ်ရူပဗေဒရဲ့ ဖခင်ကြီးလို့လူသိများကြပါတယ်။ သူဟာ သိပ္ပံပညာအပေါ် ထားရှိတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုလူတွေပိုပြီးနှစ်သက်ကြတာကတော့ လက်တွေ့ဘဝနဲ့နီးစပ်တဲ့ သူ့ရဲ့ ဟာသဉာဏ်ရွှင်မှုကြောင့်ဖြစ်ပါတယ်။ သူဟာ ဟာသဇာတ်လမ်းတိုလေးတွေကို ရယ်ရွှင်ဖွယ်ရာပြောဆိုတတ်တဲ့ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာအကျော်ကြားဆုံးသိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်ပေမယ့် ဖြစ်သလိုသာ ဝတ်စားနေထိုင်တတ်ပြီး လူ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေအတွက်အကျိုးဖြစ်ထွန်းစေမယ့်အရာတွေကိုဘဲ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ၁၉၀၅ ခုနှစ်မှာ ရူပဗေဒသမိုင်းရဲ့ အရေးပါအရာရောက်တဲ့ Theory of Relativity ကိုထုတ်ဖော်တင်ပြခဲ့ပြီး သူ့ရဲ့တွေ့ရှိမှုဟာ သိပ္ပံလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ သူဟာ ၁၉၂၁ ခုနှစ်မှာတော့ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကိုရရှိခဲ့ပါတယ်။ ဒါပေမယ့် ထိုဆုဟာ သူရဲ့ကျော်ကြားတဲ့ ရီလေတီဗတီသီအိုရီအတွက်ရရှိခဲ့ခြင်းမဟုတ်ဘဲ အလင်းလျှပ်စစ်သဘောတရား ( Photoelectric effect ) ကြောင့်ရရှိခဲ့တာဘဲဖြစ်ပါတယ်။ ဘာကိုမှ မတီထွင်၊ စမ်းသပ်အဖြေရှာခြင်းမပြုလုပ်ခဲ့တဲ့ အချိန်တွေမှာဆို တယောထိုးနေတတ်ပြီး ဂီတနဲ့ မျောလွင့်နေရတဲ့ အရသာကို ကြိုက်နှစ်သက်ပါတယ်လို့ ဆိုပါတယ်၊
(၂) နယ်လ်ဆင်မင်ဒဲလား
တောင်အာဖရိကနိုင်ငံသမ္မတဟောင်း၊ အသားအရောင်နဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားနဲ့ နိုင်ငံရေးသမားနယ်လ်ဆင်မင်ဒဲလားသည် လူမျိုးပေါင်းစုံ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပထမဆုံးသော သမ္မတတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အာဖရိကအမျိုးသားကွန်ဂရက်ပါတီရဲ့ ဥက္ကဌအဖြစ် ၁၉၉၀ မှ ၁၉၉၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အုပ်ချုပ်ရေးကဏ္ဍတွင် အသားအရောင်ခွဲခြားမှုကို ထည့်သွင်းအသုံးပြုခြင်း၊ လူမျိုးရေးခွဲခြားခြင်း စတာတွေကို ဆန့်ကျင်ရှုံ့ချခဲ့ပြီး ဒီမိုကရေစီဝါဒကို ဖော်ဆောင်ပေးခဲ့ပါတယ်။ သူဟာ ဂုဏ်ထူးဆောင်ဆု ၁၀၀ထက်မနည်းရရှိခဲ့ပြီး အထင်ရှားဆုံးဆုကတော့ ၁၉၉၃ ခုနှစ်မှာရရှိခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုဘဲဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေးတိုက်ပွဲများကြောင့် ထောင်ဒဏ် ၂၈ နှစ်ထိချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာယုံကြည်ချက်အတိုင်း လူမျိုးရေးခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ဖို့ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။ တောင်အာဖရိနိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ပေးခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလားသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်၊ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
(၃) မဟတ်တမဂန်ဒီ
ခြိုးခြံချွေတာရောင့်ရဲတတ်ခြင်းနဲ့ပတ်သတ်လို့ နာမည်ကျော်ကြားတဲ့ မဟတ္တမဂန္ဒီဟာ အိန္ဒိယသမိုင်းမှာအရေးပါဆုံးနိုင်ငံရေးသမားတယောက်ဘဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော်ကြားတဲ့ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့အပြင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ ဖခင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ အကြမ်းမဖက်တော်လှန်ရေးမူဝါဒကို ကိုင်စွဲပြီး
ပြည်သူလူထုယုံကြည်မှုနဲ့အတူ အိန္ဒိယနိုင်ငံကို ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရယူပေးခဲ့ပါတယ်။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ ပြောကြားခဲ့တဲ့စကားတွေဟာ အခုချိန်ထိ ကမ္ဘာ့အနှံ့ကလူထုအကြား လေးစားလိုက်နာစရာ ဩဝါဒစကားတွေအဖြစ် ကျန်ရှိနေပြီး စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှတ်ကျောက်တင်ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။
(၄) ဖရန်ကလင်ဒီလာနိုရုစဗဲ့
ဖရန်ကလင်ဒီလာနိုရုစဗဲ့(၁၉၃၃-၁၉၄၅)သည် အမေရိကန်ပြည်ထောင်စုရဲ့ ၃၂ ကြိမ်မြောက်သမ္မတဖြစ်ပြီး ၂၀-ရာစုအလယ်ပိုင်း ကမ္ဘာ့ဖြစ်ရပ်များတွင် အဓိကနေရာမှပါဝင်ခဲ့သလို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုနဲ့ ဒုတိယကမ္ဘာ့စစ်ကာလများအတွင်း အမေရိကန်နိုင်ငံကိုဦးဆောင်ခဲ့ပါတယ်။ သူဟာ သမ္မတကောင်းတစ်ဦး ဖြစ်သည်၊ မဖြစ်သည်ဆိုတာထက် ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှုအရှိဆုံး အမေရိကန်သမ္မတများစာရင်းတွင် ထိပ်တန်းနေရာမှာရပ်တည်နေပါတယ်။ အကြောင်းကတော့ ခက်ခဲတဲ့စစ်ပွဲများကာလအတွင်း အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားကျဆင်းချိန်တွင် နိုင်ငံကို ပြန်လည်ထောင်မတ်လာအောင်မူဝါဒများချမှတ်ပေးခြင်း၊ စိတ်ဓါတ်ကျဆင်းမှုများမှ ရုန်းထွက်နိုင်အောင် လှုံ့ဆော်ပေးနိုင်ခြင်းအစရှိတာတွေကြောင့်ဘဲဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သက်ကြီးရွယ်အိုများကို ကူညီပေးနိုင်ဖို့ လူမှုဖူလုံရေးစနစ်ကိုအကောင်အထည်ဖော်ပေးခဲ့သလို အမေရိကန်နိုင်ငံကို ထူးခြားဆန်းသစ်အောင်ထုဆစ်ပေးခဲ့တဲ့ သမ္မတ တစ်ဦးလည်းဖြစ်ပါတယ်။
(၅) ဆာဝင်စတန်ချာချီ
ဘုရင်မကြီးရဲ့ Sirဘွဲ့ ချီးမြှင့်ခြင်းခံရတဲ့ ဆာဝင်စတန်လီယိုနတ်စပန်ဆာချာချီဟာ ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံပေါင်းစုံတပ်ပေါင်းစုကို ဦးဆောင်ခဲ့ပြီး လူသိများထင်ရှားတဲ့ ဗြိတိသျှနိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်မဖြစ်မီ နာဇီဂျာမနီရဲ့အန္တရာယ်ကို ပထမဆုံးသတိပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေတပ်ထွက် နိုင်ငံရေးသမား
ဖြစ်တဲ့ ဝင်စတန်ချာချီရဲ့ စကားကို ဘယ်သူကမှ အလေးအနက်မထားခဲ့ကြဘဲ စစ်ရေးအမြင်ဘဲရှိပြီး နိုင်ငံရေးအမြင်မရှိသူလို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ရေတပ်မှာ စစ်မှုထမ်းခဲ့စဉ်က သူ့ရဲ့ထူးချွန်မှုများကြောင့် ရာထူးတစ်ဆင့်ပြီးတစ်ဆင့်တိုးပြီး ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ လူကြိုက်များထင်ရှားခဲ့ပေမယ့် နိုင်ငံရေးလောကမှာတော့ ချာချီဟာ လူကြိုက်များမှုမရခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂျာမနီရဲ့ ကျူးကျော်ရန်စမှုများနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာချိန်မှာတော့ သဘောထားပျော့ပြောင်းတဲ့ ဝန်ကြီးချုပ်ချိန်ဘာလိန်ရဲ့အစား ချာချီကို ဝန်ကြီးချုပ်တင်မြှောက်ဖို့အတွက် အတိုက်အခံပါတီကြီးနှစ်ခုလုံးပူးပေါင်းပြီး ၁၉၄၀ ခုနှစ်၊ မတ်လ၃၁ရက်၊ ည၁၂နာရီ အချိန်မှာ အကျိတ်အနယ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုရယူခဲ့ကြပါတယ်။ တပ်ပျက်တဲ့ အချိန်မှ ဗိုလ်ဖြစ်ခွင့်ရခဲ့ပေမယ့် ချာချီဟာ အကောင်းဆုံးသောစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်ရရှိဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ချာချီကို နိုင်ငံရေးသုခမိန်၊ အပြောအဟောကောင်းသူ၊ ထင်ရှားသောစာရေးဆရာနဲ့ လက်ရာမြောက်ပန်းချီဆရာအဖြစ်လူသိများကြပါတယ်။ ၁၉၅၃ခုနှစ်မှာတော့ ချာချီဟာ စာပေဆိုင်ရာနိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
( ၆ ) အဒေါ့ဖ်ဟစ်တလာ
အဒေါ့ဖ်ဟစ်တလာကို ဩစတြီးယားမှာမွေးဖွားခဲ့ပါတယ်။ သူဟာ ဂျာမန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး နာဇီပါတီ( အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီ )ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ဂျာမဏီနိုင်ငံရဲ့ အဓိပတိနဲ့ အာဏာရှင်အဖြစ်( ၁၉၃၃-၁၉၄၅ ) အထိ နိုင်ငံကို ချုပ်ကိုင်ထားခဲ့ပါတယ်။ သူဟာ ရာစုနှစ်ရဲ့ အငြင်းပွားဖွယ်အကောင်းဆုံးသော ဂျာမန်နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်တွင်အကြီးမားဆုံးစစ်ပွဲကို စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီကိုဦးဆောင်ကာ ကမ္ဘာတဝန်းကြမ်းကြုတ်ရက်စက်မှုများကို ဖြစ်ပေါ်စေခဲ့သူဘဲဖြစ်ပါတယ်။ ဂျူးလူမျိုး ၆ သန်းသည် နာဇီတို့ရဲ့ လက်ချက်ကြောင့်သေဆုံးခဲ့ရပြီး ဟစ်တလာစတင်ခဲ့သော ကမ္ဘာစစ်ပွဲကြောင့် ၃၉ သန်းသော လူများအသက်ဆုံးရှုံးခဲ့ရပါတယ်။ ထူးခြားဆန်းကြယ်မှုတစ်ခုကတော့ ဟစ်တလာဟာ ၁၉၃၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်တင်သွင်းခြင်းခံခဲ့ရသလို ၁၉၃၈ ခုနှစ် တိုင်းမဂ္ဂဇင်းရဲ့ Man of the Year အဖြစ်ဖော်ပြခံခဲ့ရဖူးပါတယ်။ ဟစ်တလာဟာ (allurophobia) ကြောင်တွေကို ကြောက်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်လို့ သိရပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြိမ်အများဆုံးလုပ်ကြံခံရသူထဲက တစ်ဦးလည်းဖြစ်ပါတယ်။ လုပ်ကြံမှုပေါင်း (၅၀) ကျော်ကြုံတွေ့ခဲ့ရပြီး ထူးထူခြားခြားလွတ်မြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာတော့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ပြောကြပေမယ့် တချို့တွေကတော့ သူ့ရဲ့ အမျိုးသမီး အီဗာ ဗရွန်းနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောဆိုကြတဲ့သူတွေလည်းရှိကြပါတယ်။ ဘယ်လိုပင်ဆိုကြပါစေ နာဇီခေါင်းဆောင်ဟစ်တလာဟာ ဒုတိယကမ္ဘာ့စစ်ပွဲကာလအတွင်း လူမဆန်တဲ့ရက်စက်မှုများရဲ့ အဓိကတာဝန်ရှိသူတစ်ယောက်ဘဲဖြစ်တယ်ဆိုတာကတော့ ငြင်းမရနိုင်တာကတော့ သေချာပါတယ်။
(၇) ရိုက်ဒ် ညီအကို
၂၀-ရာစုရဲ့ အကြီးမားဆုံးနဲ့ အထင်ရှားဆုံးတီထွင်မှုကို ဦးဆောင်ခဲ့ကြတဲ့ အမေရိကန်ညီအကိုနှစ်ဦး Orville နဲ့ Wilbur တို့ကို ရိုက်ဒ်ညီနောင် လို့ လူသိများကြပါတယ်။ သူတို့ညီအကိုနှစ်ယောက်ဟာ လူသားတို့သမိုင်းမှာ ပထမဦးဆုံးအဖြစ် ကောင်းကင်မှာ ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ကြပြီး လူသားတို့ရဲ့ ဆက်သွယ်သွားလာရေးကို ပြောင်းလဲစေခဲ့တဲ့လေယဉ်ပျံကို တီထွင်ခဲ့ကြသူတွေဘဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အထက်တန်းကျောင်းပြီးသည်ထိသာ ပညာသင်ဖူးပြီး တက္ကသိုလ်တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ညီအကိုနှစ်ဦးဟာငယ်စဉ်ကတည်းက စက်ပစ္စည်းကိရိယာများကို စိတ်ဝင်စားကြပြီး သင်္ချာပညာရပ်မှာလည်း ထူးချွန်ကြပါတယ်။ ၁၈၉၂ ခုနှစ်မှာ ညီအကိုနှစ်ဦးဟာ စက်ဘီးအရောင်းဆိုင်ဖွင့်လှစ်ကာ တပ်ဆင်ပြုပြင်ရောင်းချကြပါတယ်။ အဲဒီကရတဲ့ ဝင်ငွေနဲ့ သူတို့စိတ်ပါဝင်စားတဲ့ မိုးပျံခြင်းနည်းပညာကို စူးစမ်းသုတေသနပြုခဲ့ကြပါတယ်။ သက်ဆိုင်တဲ့စာတမ်းများကိုလည်း အပတ်တကုတ်ရှာဖွေလေ့လာကြပြီး ၁၈၉၉ ခုနှစ်မှာတော့ လူသားတို့သမိုင်းကို တဆစ်ချိုးပြောင်းလဲစေမယ့် တီထွင်မှုကို စတင်အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ၁၉၀၀ ပြည့်နှစ်ကနေ ၁၉၀၂ ခုနှစ်ထိ ရိုက်ညီနောင်နှစ်ဦးဟာ လူလိုက်ပါစီးနင်း
နိုင်တဲ့ ဂလိုက်ဒါ လေယာဉ်များကို ကစ်တီဟော့အရပ်မှာ စမ်းသပ်ပျံသန်းခဲ့ကြပြီး ၁၉၀၂ ခုနှစ်မှာဘဲ အင်ဂျင်စက်တပ်လေယာဉ်ပျံကို စတင်တည်ဆောက်ခဲ့ရာ ၁၉၀၃ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။ ၎င်းလေယာဉ်ပျံတွင် အတောင်ပံ အလျားပေ ၄၀၊ အနံ ၆ပေ ပါရှိပြီး လေယာဉ်မောင်းသူအပါအဝင် အလေးချိန် ၇၅၀ ပေါင်ရှိပါတယ်။ ၁၉၀၃ခုနှစ်ကနေ ၁၉၀၈ခုနှစ်အထိ လေယာဉ်ပျံအမျိုးမျိုးကို စမ်းသပ်တီထွင်ခဲ့ကြရာ ၁၉၀၅ ခုနှစ်မှာတော့ ၃၈ မိနစ်၊ သုံးစက္ကန့်အတွင်း ၂၄ မိုင်အထိ ပျံသန်းနိုင်သော လေယာဉ်ပျံကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ်မှာတော့ ရိုက်ဒ်ကုမ္ပဏီကိုတည်ထောင်ပြီး လေယာဉ်ပျံများကို တည်ဆောက်ရောင်းချခဲ့ပါတယ်။ ဝီလ်ဗာရိုက်သည် ၁၉၁၂ ခုနှစ်တွင် အူယောင်ငန်းဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး အော်ဗီးရိုက်ကတော့ ၁၉၄၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရိုက်ဒ်ညီနောင်ရဲ့ တီထွင်မှုကြောင့် လူတွေရဲ့ မိုးပေါ်ပျံသန်းချင်တဲ့ စိတ်ကူးဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီး လူသားတို့ရဲ့ ဆက်သွယ်သွားလာရေးဟာ တစ်ခေတ်ဆန်းသစ်နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။
(၈) မော်စီတုန်း (၁၈၉၃ ဒီဇင်ဘာ ၂၆ – ၁၉၇၆ စက်တင်ဘာ ၉)
တရုတ်ကွန်မြူနစ်တော်လှန်ရေးသမား၊ နိုင်ငံရေးနဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံစတင်
တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်ကွယ်လွန်သည်အထိ အုပ်စိုးခဲ့ပါတယ်။ မာ့ခ်ဝါဒ- လီနင်ဝါဒ စသည်တို့နဲ့စပ်လျဉ်းပြီး သူရေးခဲ့တဲ့ သီအိုရီများ၊ စစ်ရေးဗျူဟာများနဲ့ မူဝါဒများကို ယနေ့ခေတ်တွင် “မော်”ရဲ့ဝါဒ လို့ လူသိများကြပါတယ်။ အသက်၁၈နှစ်အရွယ်တွင် ဒေါက်တာဆွန်ယက်ဆင်ရဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ ထို့နောက်တပ်ဖွဲ့မှ ထွက်ပြီး ဟူနန်နယ် ဆရာဖြစ်သင်ကျောင်းနဲ့ ပီကင်းအမျိုးသား တက္ကသိုလ်တို့မှာ အထက်တန်းပညာများကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။ အနောက်နိုင်ငံစာပများကို အထူးလေ့လာခဲ့တဲ့ မော်စီတုန်းဟာ ၁၉၂၀ ပြည့်နှစ်မှာ မာ့ခ်ဝါဒီတစ်ဦးဖြစ်လာပြီး ၁၉၂၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ရေးမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်မှာ ဟူနန်နယ် ပါတီဌာနခွဲရဲ့ အတွင်းရေးမှူး ဖြစ်လာခဲ့ပြီး ၁၉၂၄ခုနှစ်မှာတော့ အခြားကွန်မြူနစ်ခေါင်းဆောင်တွေနဲ့အတူ ချန်ကေရှိတ်ရဲ့ ကူအိုမင်တန်ပါတီမှာ အဖွဲ့ဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၂၇ ခုနှစ်မှာ နေရှင်နယ်လစ်တို့က ကူအိုမင်တန်ပါတီကနေ ကွန်မြူနစ်တို့ကို ပယ်ထုတ်လိုက်တာမို့ မော်စီတုန်းဟာ အသက်ဘေးအန္တရာယ်ကြောင့် နိုင်ငံတောင်ပိုင်းကို တိမ်းရှောင်ခဲ့ရပါတယ်။ ထိုသို့ရှောင်တိမ်းနေရခိုက်မှာ နောင်တစ်ချိန်တွင် တရုတ်ကွန်မြူနစ်တပ်များရဲ့ သေနာပတိဖြစ်လာမယ့် ချူတေးနဲ့အတူ ၁၉၂၈ ခုနှစ်တွင် တပ်နီတော် အမှတ်၄ ကို တည်ထောင်ခဲ့ပြီး မော်စီတုန်းဟာ နိုင်ငံရေးအကြံပေးအရာရှိဖြစ်လာခဲ့ပါတယ်။ ၁၉၃၁ခုနှစ်မှာတော့ ကျန်ဇီနယ် တရုတ်ဗဟိုဆိုဗီယက်အစိုးရအဖွဲ့ရဲ့ ဥက္ကဌ အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်နိုင်ငံပါတီရဲ့ ဗဟိုကော်မတီဥက္ကဌဖြစ်လာခဲ့ပြီး ၁၉၄၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံကြီးတစ်ခုလုံးကို ကွန်မြူနစ်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချန်ကေရှိတ်အစိုးရအဖွဲ့ကတော့ ဖော်မိုဆာကျွန်းကလေးပေါ်သို့ ထွက်ပြေးသွားကြရပါတယ်။ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်လိုက်ကြပြီး မော်စီတုန်းဟာ ဗဟိုအစိုးရအဖွဲ့ဥက္ကဌ(သမ္မတ) ဖြစ်လာခဲ့ပါတယ်။ သူရေးသားပြုစုခဲ့တဲ့ နိုင်ငံရေးစာပေများတွင် တရုတ်နိုင်ငံနီ (၁၉၃၄)၊ တရုတ်နိုင်ငံနှင့် ဒုတိယ နယ်ချဲ့ကမ္ဘာစစ်(၁၉၃၉)၊ တရုတ်နိုင်ငံ၏ ဒီမိုကရေစီသစ် (၁၉၄၄) နှင့် တရုတ်နိုင်ငံသစ်အတွက် တိုက်ပွဲ (၁၉၄၅) တို့မှာ ထင်ရှားကြပါတယ်။
(၉) မိုဟာမက်အလီဂျင်းနား ( ၁၈၇၆-၁၉၄၈ )
မိုဟာမက်အလီဂျင်းနားကို ပါကစ္စတန်နိုင်ငံရဲ့ ဖခင်ကြီးလို့ လူသိများကြပါတယ်။ သူဟာ အိန္ဒိယမှ ခွဲထွက်ပြီး ပါကစ္စတန်နိုင်ငံလို့ သီးခြားဖြစ်ပေါ်လာရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တာကြောင့်မို့ ထိုကဲ့သို့ နာမည်တွင်ခြင်းဘဲဖြစ်ပါတယ်။ သူဟာ ကရာချိမြို့က ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးရဲ့ သားဖြစ်ပြီး အသက် ၁၆ နှစ်မှာ လန်ဒန်မြို့သို့သွားရောက်ကာ ဝတ်လုံပညာကို သင်ကြားခဲ့ပါတယ်။ အိန္ဒိယသို့ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဘုံဘေမြို့တွင် ထိတ်တန်းဝတ်လုံတော်ရတစ်ဦးဖြစ်လာပြီး နိုင်ငံရေးများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အသက် ၃၀ အရွယ်မှာတော့ အိန္ဒိယအမျိုးသားကွန်ကရက် ဥက္ကဌရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောင် ၇ နှစ်အကြာမှာတော့ မသင့်မမြတ်ဖြစ်နေတဲ့ မွတ်စလင်
အသင်းကြီးနဲ့ ဟိန္ဒူအမျိုးသားကွန်ဂရက်တို့ကို နိုင်ငံရေးတွင် ချစ်ကြည်စွာ တွဲဖက်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမယ့် မွတ်စလင်လူနည်းစုကို ထိရောက်တဲ့ ဥပဒေတွေနဲ့ ကာကွယ်မပေးနိုင်သမျှ မအောင်မြင်နိုင်ဘူးလို့ ယူဆပြီး မွတ်စလင်များရဲ့ အခွင့်အရေးတွေကို ပြည့်စုံစွာရရှိအောင် ပြုလုပ်ဖို့ ရည်ရွယ်ပြီး ၁၉၁၆ ခုနှစ်မှာတော့ မွတ်စလင်အသင်းကြီးရဲ့ ဥက္ကဌအဖြစ်ခံယူခဲ့ပါတယ်။
ထိုအချိန်ကနေ စတင်ပြီး အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးကိစ္စများကို မဟတ္တမဂန္ဒီနဲ့ ဂျင်းနားတို့ဟာ ဦးဆောင်ခဲ့ပါတယ်။လွတ်လပ်ရေးရရှိဖို့ အခွင့်ကောင်းများရရှိခဲ့ပေမယ့် ရင်ကြားစေ့မရတော့တဲ့ ဟိန္ဒူနဲ့ မွတ်စလင်စိတ်ဝမ်းကွဲပြားမှုများကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဘာကိုမှ အဆင်ပြေအောင်မလုပ်နိုင်ခဲ့ကြပါဘူး။ ဂျင်းနားဟာ မွတ်စလင်အသင်းကြီး အင်အားတောင့်တင်းမှသာ အိန္ဒိယအမျိုးသားကွန်ဂရက်နဲ့ အင်္ဂလိပ်အစိုးရတို့ရဲ့ အုပ်ချုပ်ရေးအသစ်မှာ မွတ်စလင်တို့ကို ပူပေါင်းဆောင်ရွက်ခွင့်ပေးမယ်လို့ ယုံကြည်ခဲ့တာမို့ မွတ်စလင်အသင်းကြီး အင်အားတောင့်တင်းဖို့၊ မွတ်စလင်လူထုတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုရရှိလာဖို့အတွက် အိန္ဒိယတစ်နိုင်ငံလုံးကို လှည့်လည်တရားဟောခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များတွင် မွတ်စလင်တို့ဟာ ရာထူးရာခံများမရရှိတဲ့အပြင် နိုင်ငံရေးဖိနှိပ်ညှင်းပန်းမှုများကိုလည်း ခံရလိမ့်မယ်လို့ စိုးရိမ်ခဲ့တာကြောင့် သီးခြားနိုင်ငံတစ်ခုတည်ထောင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ထို့နောက်မှာတော့ အိန္ဒိယအမျိုးသားကွန်ဂရက်နဲ့ မွတ်စလင်အသင်းကြီးတို့ဟာ ၁၀နှစ်ကြာ ပဋိပက္ခ ဆက်ဖြစ်နေခဲ့ကြပြီး ပြေလည်နိုင်ဖို့အတွက် ဂန္ဒီနဲ့ ဂျင်းနားတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ဖြေရှင်းနိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။ ၁၉၄၇ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက လွတ်လပ်ရေးပေးတဲ့ အက်ဥပဒေကို သဘောတူညီခဲ့တာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်ဟူသော ဒိုမီနီယန်နိုင်ငံများ ထူထောင်ခွင့်ရခဲ့ကြပြီး ဂျင်းနားကို ပါကစ္စတန်ဒိုမီနီယန်နိုင်ငံရဲ့ ပထမဆုံးဘုရင်ခံချုပ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ ဂျင်းနားဟာ ဘုရင်ခံချုပ်အဖြစ် ၁နှစ်မျှတာဝန်ထမ်းရွက်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ကရာချိမြို့တွင် ကွယ်လွန်ခဲ့ပါတယ်။
(၁၀) ဟင်နရီဖို့ဒ်
ဟင်နရီဖို့ဒ်သည် အမေရိကန်စက်မှုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဖို့ဒ်မော်တော်ကား ကုမ္ပဏီကိုတည်ထောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ကုန်ထုတ်စွမ်းအားတိုးမြင့်နိုင်ဖို့အတွက် ပိုမိုလျင်မြန်တဲ့ ကားပစ္စည်းတပ်ဆင်ရေး စက်ယန္တရားကြီးကို တီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ မော်တော်ကားလောကကို အပြောင်းအလဲဖြစ်စေတဲ့ ဓါတ်ဆီကို လောင်စာဆီအဖြစ်အသုံးပြုနိုင်တဲ့ အင်ဂျင်စက်ငယ်ပုံစံကို ၁၈၉၁ ခုနှစ်မှာထုတ်လုပ်ခဲ့ပြီး နောက် ၃ နှစ်အကြာမှာတော့ ဓါတ်ဆီနဲ့ မောင်းနှင်နိုင်တဲ့ကားကို တီထွင်နိုင်ခဲ့ပါတယ်။ ဖို့ဒ်ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်နိုင်ငံသားတိုင်း မော်တော်ကားစီးနိုင်ရေးဖြစ်ပြီး သူ့ရဲ့ရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါဘဲ။ သူဟာ နိုင်ငံခေါင်းဆောင်မဟုတ်သလို၊ နိုင်ငံရေးသမားလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ၁၉၉၉ ခုနှစ်ရဲ့ စစ်တမ်းတစ်ခုအရ ဟင်နရီဖို့ဒ်ဟာ၂၀ရာစုရဲ့ လူအများချစ်ခင်မြတ်နိုးခံရသူစာရင်းမှာ တည်ရှိနေပါတယ်။ သူဟာ လူမှုသက်သာချောင်ချိရေးစနစ်(လူမှုဖူလုံရေးစနစ်)ကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။
သူတို့အားလုံးဟာ သူတို့ရဲ့ ယုံကြည်ချက်အတိုင်းဖြစ်တည်လာအောင်ဆောင်ရွက်ခဲ့ကြပြီး ၂၀-ရာစုရဲ့ ဩဇာအာဏာအရှိဆုံး လူပုဂ္ဂိုလ်များစာရင်းထဲမှာ ယနေ့ထက်ထိတိုင် ထိပ်တန်းနေရာကနေ ရပ်တည်နေကြတဲ့သူတွေဘဲဖြစ်ပါတယ်။ Lifestyle myanmar စာဖတ်ပရိသတ်ကြီး အစစအရာရာအဆင်ပြေ ကျန်းမာနေကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#Lifestyle_myanmar
#Dmo_aung
#Ref- wonderslist
#Ref- my.wikipedia