
မြောက်ကိုရီးယားက အာရှတိုက်အရှေ့ပိုင်း နိုင်ငံတစ်ခုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်စွန်းပိုင်းမှာ တည်ရှိပါတယ်။ ယခင်က ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်ပြီး ကွန်မြူနစ်နိုင်ငံမဟုတ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။
နိုင်ငံနာမည်ကတော့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲက မြောက်ပိုင်းမှာ တရုတ်နိုင်ငံနှင့် ရုရှား၊ တောင်ဘက်မှာတော့ တောင်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ နိုင်ငံတရားရဲ့ တရားဝင်သုံးတဲ့စကားကတော့ ကိုရီးယားဘာသာစကားဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ (၉၇) ခုမြောက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဧရိယာ စတုရန်းမိုင် (၄၆၅၄၀) မိုင်ကျယ်ဝန်းပါတယ်။
မြို့တော်ကတော့ ပြုံယမ်းဖြစ်ပါတယ်။ ပြုံယမ်းမြို့ဟာ (၆၈) မိုင်ရှည်ပြီး အနောက်ကိုရီးယားပင်လယ်ထဲကို စီးဝင်တဲ့ Taedong မြစ်ရဲ့ အထက်ပိုင်းမှာ တည်ရှိပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တောင်ကုန်း၊ တောင်တန်းပေါများပြီး နိုင်ငံရဲ့ သဘာဝရှုခင်း (၈၀) ရာခိုင်နှုန်းလောက်က တောင်တန်းနှင့် ကုန်းပြင်မြင့်တွေဖြစ်ကြပါတယ်။ ပင်လယ်ကမ်းရိုးတန်းလွင်ပြင်တွေတည်ရှိပြီး မြောက်ကိုရီးယား နိုင်ငံလူဦးရေရဲ့ အများစုက ထိုဒေသတွေမှာ အခြေချနေထိုင်ကြပါတယ်။
အမြင့်ဆုံးနေရာကတော့ Mount Paektu မီးတောင်ဖြစ်ပြီး၊ မီးတောင်ရှင်တစ်ခုဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်ထက် (၉၀၀၃) ပေမြင့်ပါတယ်။ တောင်ထိပ်ပိုင်းမှာတော့ ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်တာကြောင့် ချိုင့်ကြီးကနေ ကန်တစ်ခုအသွင်ဖြင့် နာမည်ကျော် Heaven Lake တည်ရှိနေပါတယ်။ ထိုကန်ဟာ မီးတောင် ပေါက်ကွဲမှုကနေ ဖြစ်ပေါ်ပြီး မီးတောင်ပေါက်ဝအနေနဲ့ ဒယ်အိုးပုံအဖြစ်တည်ရှိပြီး အလွန်လှပတာကြောင့် ဒေသခံတွေဟာ နတ်ဘုံတစ်ခုတစ်ဖွယ် တင်စားထားကြပါတယ်။
မြောက်ကိုရီးယားရဲ့ တောင်ပေါ်ဒေသတွေမှာ ထူထပ်စွာပေါက်ရောက်နေတဲ့အပင်တွေ လွှမ်းခြုံထားတဲ့ မြင်ကွင်းတွေ၊ စိမ်းစိုနေတဲ့ သစ်ပင်သစ်တော၊အဆုံးအစမရှိတဲ့ လယ်ကွင်းပြင်များ၊ရေချိုဒေသများ၊ ပင်လယ်နေသတ္တဝါတွေကောင်းစွာ ပေါက်ဖွားရှင်သန်နိုင်တဲ့ (Marine ecosystem) တည်ရှိနေတဲ့ ဒေသတွေနှင့် သာယာလှပတဲ့ မြင်ကွင်းများစွာကို အေးချမ်းဖွယ်တွေ့မြင်နိုင်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ အဆောက်အအုံနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ Complex of Goguryeo ဆိုတဲ့ ရှေးဟောင်းသင်္ချိုင်းဂူတွေဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ Historic Monuments and Sites in Kaesong ဖြစ်ပြီး ဒီအဆောက်အအုံမှာ သီးခြားအစိတ်အပိုင်း (၁၂) ခုပါဝင်ပါတယ်။
နောက်ထပ်ထင်ရှားတဲ့နေရာတစ်ခုကတော့ မြို့တော် ပြုံယမ်းမှာတည်ရှိတဲ့ Juche Tower ဖြစ်ပြီး Juche (မိမိကိုယ်ကို ယုံကြည်ခြင်းဆိုတဲ့) အဓိပ္ပာယ်ကို ဆောင်ပါတယ်။
Chollima လို့အမည်ရှိတဲ့ မြင်းပျံရုပ်တုကြီးဟာ မြောက်ကိုရီးယားရဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။မြောက်ကိုရီးယားကိုလာရောက်လည်ပတ်သူတွေဟာ အစိုးရရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာစိစစ်ခြင်းကို ခံရပြီး တရုတ်နိုင်ငံ ဘေဂျင်းမှ တဆင့်ဝင်ရောက်ခွင့်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေကိုတော့ တရားဝင် ဝင်ရောက်ခွင့်မပေးထားပါဘူး။
မြောက်ကိုရီးယားကို လာရောက်လည်ပတ်သူတွေဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရပဲ ဒေသခံတွေနဲ့စကားပြောခွင့်မရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေမှာ နိုင်ငံခြားသားများနှင့် စကားပြောခွင့်မရှိပဲ တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတယ်လို့ ဆိုပါတယ်။

Ref;NK