COVID-19 ကြောင့် စိန်တစ်လုံးသရက်သီးများ တရုတ်ဝယ်လိုအားကျသဖြင့် ပြည်တွင်း၌ ဈေးပေါပေါနှင့် ရောင်း
mmtimes.com
|
2020-06-02



ဓာတ်ပုံ - အောင်သန့်ခိုင်/မြန်မာတိုင်းမ်

COVID-19 ကြောင့် စိန်တစ်လုံးသရက်သီးများ တရုတ်ဝယ်လိုအားကျသဖြင့် ပြည်တွင်း၌ ဈေးပေါပေါနှင့် ရောင်း

COVID-19 ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် စိန်တစ်လုံးသရက်သီးများ တရုတ်ဝယ်လိုအားကျသဖြင့် ပြည်တွင်း၌ ဈေးပေါပေါနှင့် ရောင်းချနေရကြောင်း သက်ရက်ခြံ ပိုင်ရှင်အချိုထံမှ သိရသည်။

မန္တလေးစိန်တစ်လုံးသရက်သီးဈေးကွက်တွင် ယခင်နှစ်များက တစ်လုံးလျှင် ၃၀ဝ ကျပ် အနည်းဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်လုံးလျှင် ၅၀-၁၀ဝ ကျပ်ဖြင့် ပျံကျရောင်းချသည်ထိ ပြည်တွင်းဈေးကွက်တွင် ပေါများခဲ့သည်။

“ကိုဗစ်ကြောင့် ကန့်သတ်မှုတွေရှိလို့ တရုတ်ဈေးကွက်မှာ ဝယ်လက်ကနည်း၊ အရောင်းအဝယ်က အရင်လို ကိုယ့်ဘက်မှာမဟုတ်ဘဲ တရုတ်ဘက်သွား လုပ်ရတော့ ဝယ်သူဈေးကွက်ဖြစ်ပြီး ဈေးကောင်းမရဘူး။ တွက်ခြေ မကိုက်ကြလို့ တရုတ်ကို မပို့ကြတော့ဘဲ ပြည်တွင်းဈေးကွက်မှာရောင်းရတာ။အကောင်းဘက်က ကြည့်ရင် ပြည်တွင်းမှာ ဒီနှစ်က ဈေးပေါပေါစားရတယ်”ဟု သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

ကိုဗစ်သည် နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့ရာ တရုတ်တွင်လည်း Stay at Home ကြောင့် စားသုံးသူနည်းပါးခြင်းနှင့် ဝယ်လက်ကုန်သည်များ နည်းပါးခြင်းတို့ဖြစ်ခဲ့သည်။

ထို့အတူ တင်ပို့သည့်အချိန်တွင် နယ်စပ်၌ စောင့်ဆိုင်းရသည့်ရက် ကြာသဖြင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရာမှ တရုတ်တင်ပို့မှုထက် ပြည်တွင်းဈေးကွက်သို့ ရောင်းချခဲ့ကြပြီး တစ်လုံးလျှင် ၅၀-၁၀ဝ ကျပ်လောက်အထိဖြစ်ခဲ့သည်။

“အရင်နှစ်တွေက ပြည်တွင်းမှာ အရွယ်အစားပေါ်မူတည်ပြီးတစ်လုံး ၃၀ဝ ကနေ ၆၀ဝ လောက်ရှိတယ်။သရက် စိုက်ပျိုးသူများပြီး အထွက်နှုန်းများလာတာနဲ့ တရုတ်ဈေးကွက်မှာ မဝယ်ဘူး/ဝယ်တယ်ဆိုတဲ့ ကောလာဟလ တွေကြားရတော့ ဒီမှာပဲ ရတဲ့ဈေးနဲ့ရောင်းကြတယ်။တရုတ်မပို့တော့ဘူး။စရိတ်ကြေ အရင်းရရင်ကို ကျေနပ်ရမှာပါ”ဟု ပလိပ်မှ သရက်ခြံပိုင်ရှင် ကိုမင်းမင်းက ပြောသည်။

မန္တလေးတိုင်းအတွင်း သရက်ခြံစိုက်ပျိုးမှု ဧကပေါင်း ၃၈၀ဝ၀ ကျော်ရှိ၍ တရုတ်ဈေးကွက်အတွက် စိန်တစ်လုံးကို အဓိကထားစိုက်ပျိုးကြခြင်းဖြစ်ရာ ယခုနှစ်တွင် ဈေးကွက်မကောင်းသောကြောင့် ခြံရှင်များက အရင်းငွေရရန်ပင် နီးစပ်ရာဈေးကွက်သို့ ရောင်းချပြီး ငွေဖော်ခဲ့ရသည်။

လက်ရှိတွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ သရက်ခြံများ၌ စိန်တစ်လုံးသရက် မရှိတော့ဘဲ ဟင်္သာသရက်သီးများ ဈေးကွက်သို့ ရောက်ရှိလာပြီဖြစ်သည်။


#ဈေးကွက်
#သရက်ခြံ
#သရက်သီး
#တရုတ်
#ပြည်တွင်း

Some text some message..