ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ အသေးဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ Vatican City နိုင်ငံအကြောင်း
lifestylemyanmar.com
|
2020-06-10



ဗာတီကန်စီးတီးနိုင်ငံသည် အီတလီနိုင်ငံ ရောမမြို့အလည်တွင်တည်ရှိပြီး ကမ္ဘာ့အသေးဆုံးနိုင်ငံ( ကုန်းတွင်းပိတ်နိုင်ငံ ) ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းကတော့ ၁၁၀ ဧက (၄၄ ဟက်တာ) လောက်သာရှိပြီး လူဦးရေ ၈၀၀ ကျော်သာနေထိုင်ပါတယ်။ ဒါပေမယ့် နှစ်စဉ်လာရောက်လည်ပတ်သူ ၈ သန်းကျော်ရှိတယ်လို့သိရပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပုပ်ရဟန်းမင်းကြီးနဲ့ အခြားသော ခရစ်ယာန်ရဟန်းတော်တွေက အဆင့်ဆင့်တာဝန်ယူထားပါတယ်။




ဗာတီကန်စီးတီးဟာ မြို့တော်နဲ့ နိုင်ငံတခုထဲဖြစ်ပြီး နိုင်ငံတကာဥပဒေနဲ့ လွတ်လပ်သောနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးကိုတော့ ဆွစ်ဇာလန်လုံခြုံရေးတပ်ဖွဲ့( ၁၃၅ ယောက်)က တာဝန်ယူထားပါတယ်။ ဗာတီကန်စီးတီးဟာ မူလက အီတလီနိုင်ငံတွင်ပါဝင်ခဲ့ပြီး ၁၉၂၉ ဖေဖဝါရီလမှာ ခွဲထွက်ခဲ့ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ အီတလီနိုင်ငံနဲ့ စပ်ဆက်ထားတဲ့ မြို့တော်နယ်နမိတ်တံခါးတွေကို နေ့အခါမှာဖွင့်ထားပေမယ့် ညအခါမှာတော့ ပိတ်ထားလေ့ရှိပါတယ်။




ကိုယ်ပိုင် တယ်လီဖုန်းလိုင်းများ၊ ဘာသာစကား ၂၀ နဲ့ ကမ္ဘာကိုထုတ်လွှင့်တဲ့ ရေဒီယိုဌာန၊ ရုပ်မြင်သံကြားဌာန၊ ဘဏ် နဲ့ လက်တင်ဘာသာစကားကို အသုံးပြုထားတဲ့ ATM ငွေထုတ်စက်များလည်းရှိပါတယ်။ မီတာ ၃၀၀ သာအရှည်ရှိတဲ့ အတိုဆုံးရထားလမ်း၊ လမ်းပေါင်း ၅၀ ခန့်နဲ့ ရဲအရာရှိတွေ၊ အလုပ်သမားတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်ဘောလုံးအသင်းလည်းရှိပါတယ်။ ရုံးသုံးဘာသာစကားကတော့ အီတလီဘာသာစကားကို အသုံးပြုပါတယ်။ ဒီအတိုဆုံးရထားလမ်းကိုတော့ အခမ်းအနားပစ္စည်းတွေအတွက် လိုအပ်တဲ့ သွင်းကုန်ထုတ်ကုန်တွေကို သယ်ယူဖို့အတွက်သာ အသုံးပြုပါတယ်။ သေးငယ်တဲ့ နိုင်ငံဧရိယာကို စွမ်းအင်ထောက်ပံ့ဖို့အတွက် ဘောလုံးကွင်းအရွယ်အစားရှိတဲ့ ဆိုလာစွမ်းအင်စက်ရုံတရုံလည်း တည်ဆောက်ထားပါတယ်။




ဗာတီကန်စီးတီးနိုင်ငံဟာ အံ့မခန်းထူးခြားတဲ့ ရှေးဟောင်းလက်ရာ အနုပညာပစ္စည်းတွေ တစုတစည်းထဲရှိတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သာဝက ဆယ့်နှစ်ဦးထဲက တဦးဖြစ်တဲ့ St. Peterကို မြုပ်နှံထားတယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းကြီးလည်းတည်ရှိပြီး ကမ္ဘာကျော် ဗိသုကာအကျော်အမော်တွေဖြစ်ကြတဲ့ မိုက်ကယ်အန်ဂျလို နဲ့ Raphael တို့ရဲ့ ဂန္ဓဝင်အနုပညာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ အလေးအနက်ထားတဲ့ စာကြည့်တိုက်၊ အဆောက်အဦးတွေနဲ့ ရှေးဟောင်းပြတိုက်တွေလည်းရှိပါတယ်။




နိုင်ငံရဲ့ အဓိကဝင်ငွေကိုတော့ ခရီးသွားလုပ်ငန်း၊ အမှတ်တရပစ္စည်းများရောင်းချခြင်း၊ ပြတိုက်ဝင်ကြေးတွေကနေ ရရှိတယ်လို့သိရပါတယ်။ ဗာတီကန်စီးတီးဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ငံတနိုင်ငံဖြစ်ပြီး အီတလီနိုင်ငံသားတွေပေးဆောင်တဲ့ အခွန်ငွေ ၈% ကိုလည်းရရှိတယ်လို့ သိရပါတယ်။ ဗာတီကန်စီးတီးနိုင်ငံဟာ ကမ္ဘာပေါ်တွင် လူဦးရေအနည်းဆုံးနိုင်ငံတနိုင်ငံဖြစ်ပေမယ့် လူတဦးချင်းရဲ့ ဝင်ငွေ(GDP) ကတော့ ဒေါ်လာ ၂၁၁၉၈ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံသားများစာရင်း အဆင့် ၁၈ တွင် ရပ်တည်နေတယ်လို့သိရပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- wikipedia


#စီးတီး
#အီတလီ
#နိုင်ငံ
#ခရစ်ယာန်
#ဘာသာစကား

Some text some message..