
အမေရိကားမှာ လူမည်းအမျိူးသား George Floyd အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အသားအရောင်မခွဲခြားဖို့ ဆန္ဒပြတောင်းဆိုလာတာ တော်တော်ကြီး ကြီးထွားလာတာအားလုံးသိကြမှာပါ။ ဒီလို အသားအရောင်ခွဲခြားမှုတွေ၊ မညီမျှမှုတွေက ခုချိန်မှဖြစ်လာတာ မဟုတ်ပါဘူး။ အမေရိကားနိုင်ငံစပြီး တည်ထောင်ပြောင်းလဲလာကတည်းက လူမည်းတွေကို နှိမ်ချဆက်ဆံတာ၊ ခွဲခြားတာတွေက မြင်မကောင်းအောင်ဖြစ်လာနေခဲ့တာပါ။ ဒီလိုစနစ်ကို နယ်ပယ်အသီးသီးကနေ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လာခဲ့တာကလည်း ဒီနေ့ထိတိုင်ပါပဲ။ ရုပ်ရှင်တွေ၊ သီချင်းတွေကနေ ဖော်ထုတ်တာကလည်း အားလုံးရဲ့ အမြင်ကို ပြောင်းလဲစေနိုင်တဲ့ အချက်ထဲမှာပါနေခဲ့ပါတယ်။ ဒီရက်ပိုင်းမှာလည်း ဒီလိုဆန္ဒထုတ်ဖော်မှုတွေဖြစ်လာအပြီးမှာတော့ Netflix မှာ ၂၀၁၁ ကထွက်ရှိခဲ့တဲ့ The Help ဆိုတဲ့ဇာတ်ကားက လူကြည့်အများဆုံး ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။
လူလူချင်းခွဲခြားဆက်ဆံတာက ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာဒေသမှာဖြစ်ဖြစ် လက်သင့်မခံသင့်တဲ့ လုပ်ရက်တစ်ခုပါ။ အသားအရောင်ခွဲခြားတာကို တစ်ကမ္ဘာလုံးသိအောင် မီးမှောင်းထိုးပြခဲ့တဲ့ ရုပ်ရှင်တွေကလည်း ရှိနေတော့ ဒီလိုအချိန်မှာ မဖြစ်မနေ သင်ခန်းစာယူပြီး ကြည့်သင့်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ကားတွေက အားလုံးအတွက် Learn လုပ်စရာတစ်ခုဖြစ်သလို Oscar ဆုရ ရုပ်ရှင်ကားတွေမို့ မဖြစ်မနေကြည့်သင့်တယ်လို့ Recommend ပေးချင်ပါတယ်။ အခြားဇာတ်ကားကောင်း တွေလည်း အများကြီး ရှိပေမယ့် Editor သဘောကျပြီး၊ Genre ပါ ဆုံအောင် ဝေမျှပေးချင်တဲ့ အတွက်သာ ဖော်ပြပေးတာဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးချင်ပါတယ်နော်။
The Help
ကြည့်ရှုနှုန်းမြင့်လာတဲ့ The Help ကို မကြည့်ရသေးတဲ့သူတွေအတွက်ကတော့ ဒီကားလေးက ၁၉၆၃ ခုနှစ်က Civil Right Movement တွေနဲ့ပတ်သတ်ပြီး လူမည်းအစေအပါးတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့အတွက် စာရေးမယ့် လူဖြုစာရေးစရာမလေးရဲ့ Story လေးပဲဖြစ်ပါတယ်။ လူမည်းမဟုတ်ပဲ လူဖြုတစ်ယောက်အနေနဲ့ကော ဒီလို ခွဲခြားမှုတွေအပေါ် ဘယ်လို မြင်တွေ့ခံစားရလဲဆိုတာကို တွေ့မြင်ရမယ့် ကားလေးတစ်ကားပါ။
Green book
၁၉၆၀ပြည့်နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုပြဿနာတွေကြောင့် African American စန္ဒယားပညာရှင်တစ်ယောက်က သူ့ရဲ့ပွဲနေရာတွေကို အန္တရာယ်ကင်းကင်းသွားနိုင်မို့ Italian American Bouncer တစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ အများအမြင်ကို သတိပြုအလေးထားရတဲ့ Jazz Pianist နဲ့ စိတ်လိုလက်ရပြုမှုတတ်တဲ့ လူမိုက်ကြီးနဲ့ နှစ်ယောက်သား လမ်းမှာ ဘယ်လိုတွေ အလွဲဖြစ်ကြလဲဆိုတာကို မြင်ရမှာပါ။ အသားအရောင်တွေ၊ အဆင့်အတန်းတွေထက် လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှုက ဘယ်လောက်တောင် နွေးထွေးအဓိပ္ပာယ်ရှိလဲဆိုတာကို ကောင်းကောင်းကြီး ပုံဖော်ထားတဲ့ ကားလေးပါ။
Selma
Historical Drama ကားလေးဖြစ်တဲ့ Selma က ၁၉၆၅ခုနှစ် Montgomery မဲပေးပိုင်ခွင့် ချီတက်လှုပ်ရှားမှုကို အခြေခံထားတာဖြစ်ပါတယ်။ အားလုံးသိကြမှာဖြစ်တဲ့ ကမ္ဘာကျော်လူမည်းလှုပ်ရှားသူ Dr. Martin Luther King Jr နဲ့သူရဲ့ နောက်လိုက်တွေရဲ့ သမိုင်းဝင်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာမို့ Must Watch လို့ပြောချင်ပါတယ်။ ဒီပြောင်းလဲမှုကြောင့်ပဲ လူဖြူ၊ လူမည်းခွဲခြားဆက်ဆံမှုတွေဟာ လျော့နည်းခဲ့တာဖြစ်ပြီး ရပိုင်ခွင့်တွေကိုလည်း တရားဝင်ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။
12 years of slave
တကယ့် ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ Drama ကားလေးတစ်ကားပါ။ Solomon Northup ဆိုတဲ့ African American လူမျိူးက ပုံမှန် Newyork မြို့မှာ ကျင်လည်နေထိုင်ရင်း ပြန်ပြေးဆွဲခံရကာ အလိုမပါပဲ ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရတာကို တကယ့်ကို စိတ်နာကျည်းဖွယ်ရိုက်ပြထားတာပါ။ ဓာတ်ပုံဆု၊ ဇာတ်ညွန်းဆု၊ ဇာတ်ပို့နဲ့ ဇာတ်ဆောင်ဆုစတဲ့ ဆုအမြောက်အမြားကို ရရှိခဲ့တဲ့ကားလို့လည်း ပြောလို့ရပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်း တကယ့်ကို ဆရာကြီးတွေပဲမို့ ကြည့်သင့်တဲ့ကားလေးပါ။
Moonlight
Moonlight ကတော့ Chiron ဆိုတဲ့ လူမည်းတစ်ယောက်ရဲ့ အကြောင်းကို သူ့ရဲ့ ကလေးဘဝ၊ ဆယ်ကျော်သတ်နဲ့ လူလတ်ပိုင်း ဘဝဖြတ်သန်းမှုဖြစ်စဉ်တွေကို ရိုးရိုးလေးပဲ ရိုက်ပြထားတာပါ။ လူမည်းတစ်ယောက်ရဲ့ လိင်စိတ်သဘောထား၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိုပ်စက်ခံရမှုတွေနဲ့ နေထိုင်ရှင်သန်မှုပုံစံတွေကို တွေ့ရမှာပါ။ လူမည်းသရုပ်ဆောင်တွေချည်းနဲ့သာ ရိုက်ကူးထားတဲ့ ပထမဆုံး Oscar ဆုရ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။
Dope
ရှေ့ပိုင်းကတော့ နည်းနည်းလေး Drama လေးတွေများနေပြီဆိုတော့ ဒီ Comedy ကလေး အကြိုက်တွေ့စရာဖြစ်မှာပါ။ မူးယစ်ဆေးပြဿနာ၊ လိင်ကိစ္စ၊ ဆယ်ကျော်သက်တွေရဲ့ ဘဝကို ဖော်ပြထားတာမို့ လူငယ်တွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးပါ။ လူမည်းတွေရဲ့ ထုံးစံအတိုင်း ကျောင်းထွက်မယ်၊ Gangsta လုပ်မယ်စတာတွေကို သွေဖီပြီး ကျောင်းကောင်းကောင်းတက် ပညာတတ်ကြီးဖြစ်ချင်တဲ့ သူငယ်ချင်းသုံးယောက် မထင်မှတ်ထားတဲ့ပြဿနာတွေကြုံတွေ့လာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာဖြစ်ပြီး တွေးစရာလေးတွေလည်း ရမှာပါ။ Oscar ဆုရကားမဟုတ်ပေမယ့် အခြား Award တွေရရှိထားတဲ့ကားပါ။
Get out
ဒီကားကို စစကြည့်ခြင်းမှာတော့ ပုံမှန်ကြည့်နေကျ American Horror ကားတစ်ကားလို့ထင်ကောင်းထင်နိုင်ပါတယ်။ ပိတ်ရက်မှာ အပန်းဖြေအနားယူဖို့ African American တစ်ယောက်ဖြစ်တဲ့ Chris က သူကောင်မလေးရဲ့ မိဘတွေအိမ်ကို အလည်အပတ်သွားခဲ့ပါတယ်။ အရာအားလုံးက ပုံမှန်အတိုင်း အဆင်ပြေနေတယ်လို့ ထင်ရပေမယ့် ထင်မှတ်မထားတဲ့ ကြောက်မက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံပြီးမှာတော့ Chris တစ်ယောက် ဘယ်တွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်တွေမွန်းကြပ်ပြီး ကြည့်ရမှာပါ။ ဒါရိုက်တာ Jordan Peele ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Horror ကားကြိုက်တဲ့ ကျွန်မအတွက် တကယ့်ကိုတန်တဲ့ကားမို့ အားလုံးကို Recommend ပေးချင်ပါတယ်။ Racism နဲ့ ဘာဆိုင်လဲဆိုတာကိုတော့ Spoiler ဖြစ်မှာဆိုးလို့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်။
Black Panther
ဒီကားလေးကတော့ Marvel Fan တွေအတွက် ကြည့်ဖူးပြီးသား ကားလေးဖြစ်မှာပါ။ African လူမျိူးတွေရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှု၊ အနုပညာတွေ၊ ဓလေ့ထုံးလမ်းတွေကို ဒီလို Fantasy၊ Sci- fi ကားမှာ အဓိက Highlight လုပ်ပြီး ဖော်ပြသွားတာမို့ ထူးခြားပါတယ်။ ပုံမှန်လူဖြူသူရဲကောင်းတွေကနေခွဲထွက်ပြီး လူမည်း Super Hero ကို နေရာပေးတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကြူးလို့မဆုံးဖြစ်ခဲ့ပါတယ်။