ဩစတြေးလျအစိုးရနှင့်စီးပွားရေးလုပ်ငန်းများ ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်၌ တရုတ်ရှိနိုင်
mizzimaburmese.com
|
2020-06-20

ဇွန် ၂၀

မကြာသေးမီလများက ဆေးရုံများနှင့် နိုင်ငံပိုင်ဌာနများအပါအဝင် ဩစတြေးလျအဖွဲ့အစည်းများ၌ ကြုံတွေ့ရသော ဆိုက်ဘာတိုက်ခိုက်ခံရမှုများ၏နောက်ကွယ်တွင် တရုတ်နိုင်ငံပါဝင်ပတ်သက်နေနိုင်သည်ဟု ဖယ်ဒရယ်အစိုးရအေဂျင်စီများက ယုံကြည်ထားကြသည်။

ပြည်ပအခြေပြုကျွမ်းကျင်ဟက်ကာတစ်ယောက်သည် ဩစတြေးလျအစိုးရအဖွဲ့အစည်းများနှင့်စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား၍ လတ်တလော၌ တိုက်ခိုက်မှုများလုပ်နေကြောင်း ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသည်။

အစိုးရအနေဖြင့် မည့်သည့်နိုင်ငံလက်ချက်ဖြစ်ကြောင်း တရားဝင်မပြောသော်လည်း အန္တရာယ်ရှိသောတိုက်ခိုက်မှုနောက်ကွယ်တွင် တရုတ်ပါဝင်နေသည်ဟု ထိပ်တန်းသတင်းရင်းမြစ်များက အတည်ပြုခဲ့ကြသည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် အခုမှစသည်မဟုတ်ဘဲ ဩစတြေးလျအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအနေဖြင့် ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ခိုင်မာသောသတိပေးချက်လိုသည်ဟု ဝန်ကြီးချုပ်ကပြောသည်။

“ဒီဆိုက်ဘာတိုက်ခိုက်မှုက အစိုးရ၊ စက်မှုလုပ်ငန်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ မရှိမဖြစ်ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေနဲ့ အရေးပါတဲ့အခြေခံအဆောက်အအုံရဲ့အော်ပရေတာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ ပစ်မှတ်ပမာဏနဲ့သဘောသဘာဝကိုကြည့်ရင် နိုင်ငံအခြေပြုဝါရင့်ဟက်ကာဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးရာအချက်အလက်တွေ ကြီးကြီးမားမား ချိုးဖောက်ခံရတာ မရှိပါဘူး” ဟု မော်ရစ်ဆင်က မှတ်ချက်ပြုခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် သတိပေးချက်ထုတ်ပြန်ရလောက်သည့်အထိ ဆိုက်ဘာတိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သည်ဟု ဖယ်ဒရယ်အလုပ်သမားခေါင်းဆောင် Mr. Anthony Albanese ကပြောသည်။

ယခုတိုက်ခိုက်မှုပုံစံတွင် နိုင်ငံအခြေပြုဟက်ကာ များများစားစားမပါဝင်ကြောင်း မော်ရစ်ဆင်ကပြောခဲ့သော်လည်း ဆိုက်ဘာလုပ်ငန်းဝန်ဆောင်မှုပေးသော ထိပ်သီးသုံးနိုင်ငံဖြစ်သည့် တရုတ်၊ ရုရှားနှင့် အီရန်တို့ကို သံသယရှိသည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီကပြောသည်။

ယမန်နှစ်ကလည်း အဓိကနိုင်ငံရေးပါတီများ ဆိုက်ဘာတိုက်ခိုက်မှုကြုံခဲ့ပြီး ဝန်ကြီးချုပ်က အလားတူသတိပေးချက်ထုတ်ပြန်ခဲ့ရသည်။

မော်ရစ်ဆင်က “မစိုးရိမ်ကြပါနဲ့။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ ခုလိုခြိမ်းခြောက်မှုတွေကြုံရတာဟာ အံ့ဩစရာမဟုတ်ပါဘူး။ လုပ်စရာရှိတာဆက်လုပ်ပြီး တတ်နိုင်သမျှ နိုးနိုးကြားကြားနဲ့ ဆက်နေသွားရပါမယ်” ပြောသည်။

ဩစတြေးလျဆိုက်ဘာလုံခြုံရေးစင်တာနှင့်ပြည်ထဲရေးဝန်ကြီးဌာနက နည်းပညာအကြံပြုချက်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် အဖွဲ့အစည်းအများအနေဖြင့် ခြိမ်းခြောက်မှုများကို စူးစမ်းရှာဖွေကာ လျှော့ချနိုင်ကြောင်း ရေးသားထားသည်။

ကာကွယ်ရေးဝန်ကြီး Linda Reynolds ကလည်း ဆိုက်ဘာလုံခြုံရေးသည် အားလုံးတွင် တာဝန်ရှိကြောင်း နိုင်ငံသားများကို သတိပေးခဲ့သည်။


#ဩစတြေးလျ
#ဟက်ကာ
#သတိပေးချက်
#ပစ်မှတ်
#အဖွဲ့အစည်း

Some text some message..