ကိုဗစ်ကာလတွင် လုပ်ငန်းသုံး ပစ်ကပ်ကားလေးများ အဝယ်လိုက်
mmtimes.com
|
2020-06-22



ပြည်ပမှတင်သွင်းထားသည့် Hijetယာဉ်အချို့ကိုတွေ့ရစဉ်။နိုင်အောင်/မြန်မာတိုင်းမ်

ကိုဗစ်ကာလတွင် လုပ်ငန်းသုံး ပစ်ကပ်ကားလေးများ အဝယ်လိုက်

ကိုဗစ်ကာလတွင် အိမ်စီးကားဈေးကွက်အေးစက်နေသော်လည်း လုပ်ငန်းသုံးပစ်ကပ်ကားလေးများ အဝယ်လိုက်နေပြီး ဈေးအတက်အကြမ်းဆုံးဖြစ်နေကြောင်း ရန်ကုန်ကား ဝယ်ရောင်းပြုလုပ်နေသူများက ယနေ့ဇွန် ၂၂ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားချိန် မတ်လမှစ၍ ကားအရောင်းအဝယ်ဈေးကွက် အေးစက်သွားခဲ့ရာ ယခုအချိန်၌ အိမ်စီးကားဈေးကွက် အနည်းငယ်သာ အရောင်းအဝယ်ပြန်ဖြစ်လာခဲ့သည်။

နယ်ဒေသများတွင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် မရှိမဖြစ်လိုအပ်သော ညာမောင်းလုပ်ငန်းသုံးHijetပစ်ကပ်ကားလေးများမှာ ယာဉ်ကြံ့ခိုင်မှူနှင့် ပြင်ဆင်ရလွယ်ကူခြင်း၊အပိုပစ္စည်းပေါများခြင်းတို့ကြောင့် ယင်းကားများကို ဝယ်ယူမှူများပြားလာခြင်းဖြစ်သည်။

ယခင် သိန်း၇၀ သာရှိသော အင်ဂျင်ပါဝါ ၆၆၀ စီစီ Hijet ကားဈေးမှာ လက်ရှိသိန်း၁၃၀ ဝန်းကျင်နှင့် သိန်း၁၈၀ အထိ ဈေးနှူန်းမြင့်လာပြီး ကားဝယ်ယူရန် အမေးအများဆုံးကား ဖြစ်နေကြောင်း သိရသည်။

"လက်ရှိ အင်ဂျင်ပါဝါ ၆၆၀ စီစီ Hijet လုပ်ငန်းသုံးကားလေးတွေက ဈေးအတက်ဆုံးဖြစ်နေတယ်။နယ်က တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကလည်း ဂျပန်ကားပစ်ကပ် ၆၆၀ စီစီကားကိုပဲ အမေးများတယ်။ နယ်တွေမှာ ကုန်သယ်ဖို့အတွက် ဆီစားနှူန်းကလည်းသက်သာတဲ့အတွက် Hijet ကားကတော့ အမေးအများဆုံးပဲ။ကိုဗစ်စဖြစ်ကတည်းက ကားဈေးကွက်က အရမ်းအေးသွားတာ။ အဓိကက အိမ်စီးကားသိန်း ၃၀ဝ အပေါ်ကားတွေ ဈေးကွက်အရမ်းအေးတယ်။ လုပ်ငန်းသုံး Hijet ကားလေးတွေကတော့ ကားကောင်းလည်းမရှိတဲ့အတွက် အရမ်းအဝယ်လိုက်တယ်။ဒီကားလေးတွေက ကားကြံ့ခိုင်မှူနဲ့ ပြင်ဆင်ရတာလည်း လွယ်တယ်။ အပိုပစ္စည်းဆိုလည်းအရမ်းပေါတဲ့အတွက် ဂျပန်ကားလေးတွေပဲသုံးလာကြတယ်။ မြန်မာလူမျိူးက အရင်ထဲက ဂျပန်ကားနဲ့ အဆင်ပြေနေပြီးသားဖြစ်လို့ အဆင်ပြေတယ်။ ကားမူဝါဒကို ချမယ်ဆိုရင် အပေါ်ကနေထိုင်ပြီး အောက်ခြေကို မလေ့လာဘဲ မူဝါဒတွေမချမှတ်သင့်ဘူး။ တကယ် မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေ ဈေးကွက်တွေကို လေ့လာပြီး ပြည်သူ့အသံနားထောင်ပေးဖို့လိုတယ်။ ဂျပန်လုပ်ငန်းသုံးကားတွေကို လိုအပ်ချက်ရှိနေတဲ့အတွက် ညာမောင်းပြန်ခွင့်ပြုပေးသင့်တယ်"ဟု လုပ်ငန်းသုံးကားများအား အရောင်းအဝယ်ပြုလုပ်နေသူ ကိုသိန်းထွန်းက ဇွန် ၂၂ ရက်တွင် ပြောသည်။

ယခင်က ပြည်တွင်းတွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုရလွယ်ကူသော လူကြိုက်အများဆုံးဖြစ်ခဲ့သည့် ၆၆၀စီစီ မီနီထရပ် ဂျပန်တစ်ပတ်ရစ်ကားများမှာ ဈေးနှုန်းကျပ်သိန်း ၇၀ မှ သိန်း ၁၀ဝ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ကားမော်ဒယ် Grade ပေါ်မူတည်၍ ကျပ်သိန်း ၁၃၀ မှ ၁၈၀ အထိ ဈေးနှုန်းမြင့်တက်အဝယ်လိုက်လာသဖြင့် ကားဈေးကွက်တွင် အမြင့်ဆုံးစံချိန်ဖြင့် ဈေးနှုန်းခုန်တက်လာခဲ့ကြောင်း သိရသည်။

"အဓိကကတော့ ပစ်ကပ်လုပ်ငန်းသုံးညာမောင်းကားတွေထပ်ပြီးသွင်းမရတော့တာပေါ့ဗျာ။လက်ရှိ ခွေးဘီလူးကားတွေ ပြည်တွင်းမှာ သွင်းထားပြီးသားလုပ်ငန်းသုံးကားတွေက ဝယ်လိုအားတအားများတယ်။ ကိုဗစ်ဖြစ်နေချိန် အိမ်စီးကားတွေ အရောင်းအဝယ်မရှိဘူး။ ဈေးတွေကလည်း နည်းနည်းချရောင်းမှပဲ အဝယ်ဖြစ်ကြတာ။ လုပ်ငန်းသုံးကားကျတော့ အိမ်စီးကားလိုမဟုတ်ဘူး။ အဝယ်အမြဲရှိတယ်။ ကားကောင်းရင် ဈေးကမာမာခေါ်ပြီးရောင်းနေရတယ်။ လုပ်ငန်းသုံး ပစ်ကပ်ကားက နယ်က အဝယ်များတယ်။ဝန်တင်တာဖြစ်ဖြစ် ပြည်တွင်းမှာတချို့ကလည်း ခရီးတွေဘာတွေထွက်ကြတော့ ဒီကားလေးတွေက ကြိုက်ကြတာပေါ့။ဈေးကတော့ မော်ဒယ်မြင့် Hijet ဂရိတ်ပြည့်ပါဝါအစုံဆို သိန်းနှစ်ရာကျော်မယ်"ဟု မန္တလေးမြို့၌ လုပ်ငန်းသုံးကားအရောင်းအဝယ်ပြုလုပ်နေသူ ဦးစိန်မြင့်က ပြောသည်။

လုပ်ငန်းသုံး အင်ဂျင်ပါဝါသေး ကားလေးများဖြစ်သည့် အင်ဂျင်ပါဝါ ၆၆၀စီစီ Daihatsu Hijet Auto ၂၀ဝ၉ မိုဒယ်နှင့် ၂၀၁၀ မိုဒယ်ကားများမှာ ကျပ်သိန်း၁၃၀ မှ သိန်း၁၅၀ ကြားရှိပြီး Manual ဖြစ်ပါက ကျပ်၁၁၅သိန်းမှ သိန်း ၁၂၀ အထိရှိသည်။

အလုံပိတ် ၆၆၀ စီစီ Hijet ကားလေးများမှာ ကားကြံ့ခိုင်မှူနှင့် ယာဉ်နံပါတ် အက္ခရာတန်းပေါ်မူတည်၍ သိန်း၉၀မှ သိန်း၁၀ဝ အထိ အရောင်းအဝယ်ဖြစ်နေသည်။


#အရောင်းအဝယ်
#ပါဝါ
#လုပ်ငန်း
#အင်ဂျင်
#အဝယ်

Some text some message..