၁။ ပဲရစ်မြို့ (ပြင်သစ်နိုင်ငံ)
ပဲရစ်မြို့ဟာ အီဖဲလ်မျှော်စင်နဲ့အတူ လူသိများထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပြီး စိန်းမြစ်ကြီးထဲမှာ ခုတ်မောင်းနေတဲ့ ဇိမ်ခံသင်္ဘောကြီးတွေပါ်ကနေတစ်ဆင့် နေဝင်ဆည်းဆာကိုခံစားဖို့ဆိုတာက ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အိပ်မက်တစ်ခုလို့ဆိုရမှာပါ။ ကမ္ဘာကျော်ရေမွှေးတို့ရဲ့ မြစ်ဖျားခံရာတစ်ခုလည်းဖြစ်တဲ့ ပဲရစ်မြို့ဟာ ဖက်ရှင်ဆိုင်ရာပစ္စည်းတွေနဲ့ အစားအသောက်အရာတွေမှာအပြင် ဗိသုကာလက်ရာတွေမှာလည်း ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့မြို့တော်အဖြစ်လည်း ထင်ရှားကျော်ကြားပါတယ်။
၂။ နယူးယော့ခ် (အမေရိကန်နိုင်ငံ)
မြောက်အမေရိကတိုက်ရဲ့ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ နယူးယော့ခ်မြို့ဟာ အနုပညာ၊ ယဉ်ကျေးမှု၊ အစားအသောက် နဲ့ ဗိသုကာလက်ရာတွေနဲ့ နာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ဟက်ဒ်ဆန်မြစ်တို့ ဆုံရာအရပ်မှာတည်ရှိပါတယ်။ သမိုင်းဝင်ရော့ကဲဖဲလ်လာစင်တာ၊ ဘရွတ်ကလင်းတံတားနဲ့ စင်ထရယ်လ်ပန်းခြံတို့က နယူးယော့ခ်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်ပြီး လင်ကွန်းစင်တာနဲ့ မြို့လယ်ခေါင်ရဲ့ နေရာအချို့တွေမှာ ကမ္ဘာ့အကောင်းဆုံး အနုပညာလက်ရာတွေကို ခံစားနိုင်ပါတယ်။
၃။ လန်ဒန်မြို့ (အင်္ဂလန်နိုင်ငံ)
နယူးယော့ခ်၊ ပဲရစ်တို့နည်းတူ ကမ္ဘာ့အလှဆုံးမြို့ကြီးများစာရင်းဝင် လန်ဒန်မြို့ဟာ Big Ben နာရီစင်၊ လန်ဒန်မျှော်စင်၊ ဝါတာလူးတံတား၊ စိန့်ပေါလ်ဘုရားရှိခိုးကျောင်းနဲ့ ဘက်ကင်ဟမ်နန်းတော်တို့နဲ့အတူ သာယာလှပနေတဲ့မြို့ကြီးတစ်မြို့ဖြစ်ပြီး စိန့်ဂျိမ်းစ်ပန်းခြံနဲ့ ရစ်ခ်ျမွန်းပန်းခြံတို့မှာလည်း သဘာဝရဲ့ အလှအပတရားတွေကို ခံစားနိုင်ပါသေးတယ်။ ခေတ်ပေါ်အဆောက်အဦများအပြင် နေချင့်စဖွယ်ဆောက်လုပ်ထားသည့်အိမ်များကလည်း လန်ဒန်မြို့ရဲ့ အထင်ကရအမှတ်သညာအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
၄။ ဗင်းနစ်မြို့ (အီတလီနိုင်ငံ)
အီတလီနိုင်ငံရဲ့ နာမည်ကျော်ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်တဲ့ ဗင်းနစ်မြို့တွင်းမှာ တစ်နေရာနဲ့တစ်နေရာကို ရေလမ်းခရီးနဲ့သွားရောက်နိုင်ပြီး ရောင်စုံခြယ်သထားတဲ့အိမ်တွေကြားထဲကမြစ်ထဲမှာ လှေစီးရတာက ကမ္ဘာလှည့်ခရီးသွားတိုင်းရဲ့ အာသီသပါပဲ။ ဒါ့အပြင် ပီဇာ၊ ပါစတာတို့နဲ့ နာမည်ကြီးတဲ့ အီတလီနိုင်ငံရဲ့ နာမည်ကျော်အစားအစာတွေ၊ ခေတ်ရှေ့ပြေးနေတဲ့ ဖက်ရှင်အမျိုးအစားတွေကိုလည်း ဗင်းနစ်မြို့ရဲ့ အငွေ့အသက်တွေကတဆင့် ခံစားနိုင်ပါသေးတယ်။
၅။ ဗန်ကူးဗားမြို့ (ကနေဒါနိုင်ငံ)
မြို့တွင်းကနေပဲ ရေခဲအတိဖုံးလွှမ်းထားတဲ့တောင်တွေကို မြင်တွေ့ရတာက ဗန်ကူးဗားမြို့ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး လက်ညှိုးထိုးမလွဲတဲ့သဘာဝတရားတွေ၊ အလှအပတွေနဲ့ပြည့်စုံနေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဘယ်ပန်းချီရေးလို့မမှီဆိုတဲ့စကားက ဗန်ကူးဗားမြို့မြင်ကွင်းတွေကို တင်စားထားသလားလို့ ထင်မှတ်ရလောက်အောင်ကို လှပပြီး အင်္ဂလိပ်ပင်လယ်အော်၊ စတန်လေပန်းခြံ၊ ဂရော့က်စ်တောင်တန်း၊ ဂရန်ဗီးလ်ကျွန်းနဲ့ ကပ်ပီလာနိုတံတားတို့ကလည်း ဗန်ကူးဗားမြို့ရဲ့ အမှတ်သညာတွေလည်းဖြစ်ပါတယ်။
၆။ ဘာစီလိုနာမြို့ (စပိန်နိုင်ငံ)
စပိန်အစိုးရလက်အောက်ကနေ ခွဲထွက်ခွင့်တောင်းခံနေတဲ့ ကတ်တလန်ဒေသရဲ့ လှပတဲ့မြို့တော်လည်းဖြစ်ပါတယ်။ ကမ်းခြေတွေ၊ အနုပညာလက်ရာတွေနဲ့အတူ စပိန်လူမျိုးဗိသုကာပညာရှင် အန်တိုနီဂွါဒီရဲ့ အနုသုခမြောက်လက်ရာတွေကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ နာမည်ကျော် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းနဲ့ ကတ်တလန်ပြဇာတ်ရုံကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြိုင်အဆိုင် သာယာလှပလျက်ရှိပါတယ်။
၇။ ကိပ်တောင်းမြို့ (တောင်အာဖရိကနိုင်ငံ)
တောင်အာဖရိကနိုင်ငံ၊ အနောက်တောင်ကမ်းရိုးတန်းက ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ကိပ်တောင်းမြို့ဟာ ရင်သပ်ရှုမောဖွယ်ရာတောင်တန်းတွေ၊ လှပတဲ့ကမ်းခြေတွေနဲ့အတူ ကမ္ဘာ့အလှပဆုံးမြို့ကြီးများစာရင်းထဲမှာ ပါဝင်လျက်ရှိပါတယ်။ အင်စတာဂရမ်မှာတင်ဖို့ ဓာတ်ပုံအလန်းစားတွေအတွက် အတ္တလန္တိတ်သမုဒ္ဒရာကို မြင်ရတဲ့ Cape Point နေရာကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို အကောင်းဆုံးဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ် ထင်ရှားကျော်ကြားပါတယ်။
၈။ ဆန်ဖရန်စစ္စကိုမြို့ (အမေရိကန်နိုင်ငံ)
ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်လျက်အနေအထားမျိုးမှာတည်ရှိတဲ့ ဒီမြို့က ဂန္တဝင်ဆန်ဆန်အိမ်လေးတွေနဲ့ တင့်တယ်လျက်ရှိပြီး Golden Gate တံတားကြီးကလည်း မြို့တော်ကို တစ်ဖက်တစ်လမ်းကနေ အလှဆင်နေပါတယ်။ မြူနှင်းတွေအုံ့ဆိုင်းနေတဲ့ ဒီမြို့ရဲ့မြင်ကွင်းက စိတ်ကူးထဲမြင်ယောင်ကြည့်လိုက်ရုံနဲ့ ရင်ထဲအသည်းထဲအထိ အေးချမ်းသွားမှာ အသေအချာပါပဲ။
၉။ ဆစ်ဒနီမြို့ (သြစတြေးလျနိုင်ငံ)
တောင်ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ဆစ်ဒနီအော်ပရာပြဇာတ်ရုံကလည်း သြစတြေးလျနိုင်ငံအတွက်သာမက အာရှတိုက်ရဲ့ ဂုဏ်ယူစရာ ဗိသုကာလက်ရာအဖြစ်ရှိနေပါတယ်။ ဆိပ်ခံတံတား၊ ဒါလင်ဆိပ်ကမ်းနဲ့ ဘွန်ဒီကမ်းခြေတို့ဟာလည်း သြစတြေးလျနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျစရာနေရာတစ်ခုအဖြစ် လှပလျက်ရှိပါတယ်။
၁၀။ ရောမမြို့ (အီတလီနိုင်ငံ)
ရှေးဟောင်းအနုပညာလက်ရာတွေနဲ့ တင့်တယ်နေတဲ့ ရောမမြို့ကြီးကလည်း အီတလီနိုင်ငံရဲ့မြို့တော်အဖြစ် ကမ္ဘာကျော်အောင်လှပနေပြီး ခေါင်မိုးထပ်တွေက စားသောက်ဆိုင်နဲ့ဘားတွေ၊ မြို့လယ်ခေါင်မှာတင် မြင်တွေ့ရမယ့် လက်မှုပညာနဲ့အနုပညာတွေကလည်း ရောမမြို့ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုတွေအဖြစ် ရှိနေပါတယ်။
#HM
#LifeStyleMyanmar
Source: farandwide
Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။