2020 World Monuments Watch အတွက် မန္တလေး ရှမ်းကလေးကျွန်းရှိ လယ်တောအိမ်များကို သုတေသန လုပ်မည်
mmtimes.com
|
2020-07-11



အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာရှိ ထိန်းသိမ်းသုတေသနပြုသွားမည့် မြန်မာ့လယ်တောအိမ်။ ဓာတ်ပုံ - ပေးပို့

2020 World Monuments Watch အတွက် မန္တလေး ရှမ်းကလေးကျွန်းရှိ လယ်တောအိမ်များကို သုတေသန လုပ်မည်

2020 World Monuments Watch အတွက် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာရှိ မြန်မာ့လယ်တောအိမ်များကို ရွေးချယ်ကာ သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(မန္တလေး)မှ ဗိသုကာပညာရှင် ပါမောက္ခ ဒေါက်တာဇာခြည်မင်းက ပြောသည်။

ကျွန်းသစ်ကို အသုံးပြုကာ မြန်မာ့ရိုးရာဓလေ့ နည်းပညာဖြင့် ဆောက်လုပ်ထားသော လယ်တောအိမ်များကို 2020 World Monuments Watch သို့ ဒေါက်တာဇာခြည်မင်းက တင်ပြခဲ့ရာ ကမ္ဘာတစ်ဝန်းမှ အထင်ကရ လက်ရာ အဆောက်အအုံများ၊ နေရာများနှင့်အတူ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရွေးချယ်ခံခဲ့ရသည်။

World Monuments Fund ၏ အစီအစဉ်တစ်ခုဖြစ်သော World Monuments Watch ကို ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် American Express ၏ ပံ့ပိုးမှုဖြင့် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာတစ်ဝန်းရှိ ထိန်းသိမ်းရန် လိုအပ်နေသော ယဉ်ကျေးမှုအမွေအနှစ် လက်ရာများကို ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ဒေါက်တာဇာခြည်မင်းက ပြောသည်။

"ထိန်းသိမ်းသုတေသနလုပ်ငန်းက ၂၀၂၀ ဖေဖော်ဝါရီမှာ စတင်ရမှာပေမယ့် ကိုဗစ်ကာလနဲ့ တိုက်ဆိုင်သွားပါတယ်။ အခု နေရာကို နှစ်ခေါက်ကွင်းဆင်းပြီးပါပြီ။ မန္တလေးတိုင်းထဲမှာ ရှမ်းကလေးကျွန်းရွာမှာရှိတဲ့ လယ်တောအိမ်နှစ်လုံးကို ရွေးချယ်ထားပါတယ်။ ရှမ်းကလေးကျွန်းကို ရွေးလိုက်ရတာက ရွာဖြစ်တည်လာတဲ့ သမိုင်းကြောင်းလည်း ရှိတယ်။ အိမ်တွေတော်တော်များများက လယ်တောအိမ်လေးတွေဖြစ်တယ်။ နေထိုင်တဲ့သူတွေကလည်း လယ်လုပ်ငန်း၊ ယာလုပ်ငန်းလုပ်ပြီး လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်တဲ့ နွား မွေးမြူတာတွေရှိတယ်။ ရွာနေ ရွာထိုင် အိမ်အဝန်းအဝိုင်း ပရဝဏ်လည်း ရှိပါတယ်။ နေထိုင်တဲ့ လူမှုပုံစံက ကျွန်မတို့ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့အတွက် အသင့်တော်ဆုံး အိမ်နှစ်လုံးကို ရွေးချယ်ခဲ့တာပါ"ဟု ဒေါက်တာဇာခြည်မင်းက ပြောသည်။

မြန်မာ့ကျွန်းသစ် လယ်တောအိမ်များမှာ ရိုးရာဗိသုကာလက်ရာအရ ဂုဏ်ယူဖွယ်ကောင်းပြီး မြန်မာ့နေထိုင်မှုပုံစံကို ထင်ဟပ်ပြသနိုင်ကြောင်း၊ လယ်တောအိမ်များ၏ အတွင်းခန်းဖွဲ့စည်းပုံ၊ ကြမ်းခင်း၊ ပြတင်း၊ တံခါးစသည်တို့မှာ နိုင်ငံတကာအတွက် ထူးခြားကာ ခြံဝင်းကျယ်အတွင်း စုပေါင်းနေထိုင်ကြသော လူနေမှုဓလေ့မှာ နှစ်သက်ဖွယ်ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ယခုရွေးချယ်ခံရရာတွင် မြန်မာ့လယ်တောအိမ်များနှင့်အတူ ပြင်သစ်ရှိ နော်တာ ဒိမ်းဘုရားကျောင်းကဲ့သို့ အထင်ကရလက်ရာများအပြင် တိုဂို၊ ချီလီ၊ ကနေဒါ၊ အီဂျစ်၊ ဂျော်ဂျီယာ၊ ဟေတီ၊ အိန္ဒိယ၊ အီရတ်၊ ဂျပန်၊ မက်ဆီကို၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ပီရူး၊ ပိုလန်၊ စပိန်၊ ယူကေ၊ အမေရိကန်၊ ဥစဘက်ကစ္စတန် စသောနိုင်ငံများမှ အထင်ကရလက်ရာများ၊ နေရာများ ပါဝင်သည်။

"၂၀၂၀ ကနေ စတင်ရမှာ နှစ်နှစ်စီမံချက်ပါ။ ဒါပေမယ့် ကိုဗစ်ကာလကို နားလည်မှုပေးတဲ့အတွက် ဒီနိုင်ငံရဲ့ ကာကွယ် ထိန်းချုပ်ကုသရေးစည်းမျဉ်းစည်းကမ်းကို လိုက်နာပြီး အဆင်ပြေအောင်လုပ်ဆောင်ဖို့ သူတို့ဘက်က အကြံပြုထားပါတယ်။ နည်းပညာ၊ ပညာရှင်ပိုင်းနဲ့ ငွေကြေးပိုင်းပံ့ပိုးမှုယူဖို့အတွက် စတင်လုပ်သွားတော့မှာပါ။ အစဦးလုပ်ငန်းအတွက် လိုအပ်တဲ့ သင်တန်းပေးဖို့၊ သုတေသနလုပ်ငန်းမှာ ပါဝင်မယ့် ကျောင်းသူကျောင်းသားတွေနဲ့ လိုအပ်မယ့် စက်ကိရိယာတွေအတွက် ဒီလထဲမှာတော့ စပြီးစုစည်းလုပ်ဆောင်သွားပါမယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေ၊ မြန်မာတိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံကို ထင်ဟပ် ပြသနေတဲ့ ထူးခြားထင်ရှားတဲ့အိမ်တွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဖို့ ရွေးချယ်ခံရတဲ့အတွက် သိပ်ကို ဝမ်းသာပါတယ်။ ဆက်လုပ်မယ့် သုတေသနလုပ်ငန်းတွေအတွက် အားတစ်ခုဖြစ်စေပါတယ်"ဟု ဒေါက်တာဇာခြည်မင်းက ပြောသည်။

ရွေးချယ်ခံထားရသော 2020 World Monuments Watch နေရာများ ထိန်းသိမ်းရေးအတွက် American Express မှ အမေရိကန်ဒေါ်လာ တစ်သန်း ပံ့ပိုးပေးသွားမည့်အပြင် Stavros Niarchos Foundationနှင့် The Ford Foundation တို့ကလည်း အမေရိကန်ဒေါ်လာ ၆၀ဝ,ဝဝဝ ထပ်မံထည့်ဝင်မည်ဖြစ်ကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။


#လယ်တော
#ရှမ်းကလေးကျွန်း
#သုတေသန
#လက်ရာများ
#မြန်မာ့

Some text some message..