
ဇူလိုင် ၁၉
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် အလုပ်ပြုတ်ပြီး လက်ကျန်ငွေ ငါးဘတ်မျှသာ ကျန်ရှိကာ အတိဒုက္ခရောက်နေသည့် Si Sa Ket ပြည်နယ်သား အမျိုးသားတစ်ဦးကို ယခုအခါ လူအများ က သနားကရုဏာသက်ပြီး အလှူငွေများ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆာရာဝတ် တွန် ဝေါင်သီ အမည်အရ အသက် ၂၂ နှစ်အရွယ် အဆိုပါ အမျိုးသားသည် ယခုအခါ ၎င်း၏ ဘဏ်အကောင့်ထဲတွင် ဘတ်ငွေ ၉၀,၀၀၀ နီးပါး ရရှိသွားပြီ ဖြစ်သလို Rayong ရှိ စက်ရုံတစ်ခုတွင်လည်း အလုပ်တစ်ခု ရသွားကြောင်း သိရသည်။
အဆိုပါ အမျိုးသား အကျပ်အတည်း ရင်ဆိုင်နေရပုံကို ပြည်တွင်း သတင်းထောက်များက သတင်းရေးသားဖော်ပြခဲ့ရာကနေ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းရင်ဆိုင်ခဲ့ရသော အကျပ်အတည်းကို ဖြတ်ကျော်နိုင်အောင် အကူအညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း မစ္စတာ ဆာရာဝတ်က ဇူလိုင် ၁၈ ရက်တွင် ပြောသည်။
စနေနေ့အထိ ရရှိထားသော အလှူငွေ ဘတ်ငွေ ၈၉,၂၈၁ ဘတ်သည် အလွန် များပြားနေကြောင်း၊ နောက်ထပ် အလှူငွေများ လက်ခံရန် ဆန္ဒမရှိတော့ကြောင်း ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ဗိုင်းရပ်စ် ဖြစ်ပွားမှုကာလ အတွင်း အခြားသော အတိဒုက္ခရောက်နေသူများလည်း ရှိပြီး ၎င်းတို့လည်း အကူအညီလိုအပ်နေကြောင်း မစ္စတာ ဆာရာဝတ်က ပြောသည်။
“ ဒီငွေပမာဏက ကျွန်တော့်အတွက် လုံလောက်ပါပြီ၊ နောက်ထပ် ထပ်မလိုချင်တော့ပါဘူး၊ ဒါပေမယ့် လူတွေက ကျွန်တော့်ဆီ ငွေတွေ ဆက်လွှဲပေးနေတုန်းပဲ၊ ခုချိန်မှာ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခြားသူတွေ လည်း ရှိနေပါတယ်၊ ဖောင်ဒေးရှင်းတွေ၊ ဆေးရုံတွေဆိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နေရပါတယ်” ဟု ၎င်းက ပြောသွားသည်။
မစ္စတာ ဆာရာဝတ်သည် လှူဒါန်းရရှိငွေများအနက် တချို့ကို အခန်းတစ်ခန်း ငှားရမ်းရာတွင် သုံးခဲ့ပြီး Si Sa Ket ရှိ ၎င်း၏ မိသားစုထံလည်း ငွေတချို့ ပို့ပေးခဲ့သည်။ ထို့ပြင် လော့ခ်ဒေါင်းကာလအတွင်း အလုပ်လက်မဲ့ဖြစ် နေသော ၎င်း၏ မိတ်ဆွေသူငယ်ချင်းများကိုလည်း ငွေတချို့ပေးအပ်ကူညီခဲ့သည်။
၎င်းသည် ပတ္တယားရှိ လမ်းဘေးဈေးဆိုင်တစ်ခုတွင် တကယ်လိုအပ်သူများအတွက် အစားအသောက် ရစေရန် ဘတ်ငွေ တစ်သောင်း သီးသန့်ဖယ်ထားခဲ့ပြီး ယင်းဆိုင်တွင် ဟင်းပွဲများကို တစ်ပွဲလျင် ဘတ် ၂၀ နှုန်းစီဖြင့် ရောင်းချပေးနေခဲ့သည်။
ထို့ပြင် နောက်ထပ် ဘတ် ၉,၀၀၀ ကိုလည်း Baan Khu Ja ကလေးစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ လှူဒါန်းရန် သီးသန့်ထားရှိခဲ့သည်။
၎င်းသည် ယခုအခါ Rayong တွင် အလုပ်သွားလုပ်နိုင်ရန် စောင့်ဆိုင်းနေပြီး ထိုင်းနိုင်ငံတကာ အလုပ်သမားကုမ္ပဏီက ယင်း၏ စက်ရုံတွင် ၎င်းကို အလုပ်တစ်နေရာ ပေးထားသည်။
မစ္စတာ ဆာရာဝတ်သည် ပတ္တယားတောင်ပိုင်းက အရက်ဆိုင်တစ်ဆိုင်တွင် အစောပိုင်းက အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရန် ဖျော်ဖြေရေး နေရာအားလုံး ပိတ်ခဲ့ရပြီးနောက် ၎င်းအပါ အဝင် လူအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ယင်းနောက် ပတ္တယားကမ်းခြေတွင် လာရောက်လည်ပတ်သူများကို ဖျာများ ငှားရမ်းပြီး ငွေရှာရင်း ဘဝရပ်တည်ခဲ့သေးသည်။
သို့သော် နောက်ပိုင်း ဗိုင်းရပ်စ်ထိန်းချုပ်ရန် ပတ္တယားတွင် ကမ်းခြေအားလုံး ပိတ်လိုက်ချိန်တွင် ဆာရာဝတ်တစ်ယောက် အလုပ်မရှိဖြစ်ခဲ့ရပြန်သည်။ ယင်းနောက် ၎င်းသည် အပန်းဖြေမြို့တွင် အလုပ်ရရန် သီတင်းပတ်များ စွာကြာ လျှောက်ရှာနေခဲ့ရပြီး ငွေပြတ်လုနီးပါး ဖြစ်လာချိန်တွင် လူမနေတော့သည့် ဘားဆိုင်တစ်ဆိုင်တွင် ခိုလှုံခဲ့ရသည်။ ယင်းနောက် ၎င်းထံတွင် ဘတ်ငွေ ငါးဘတ်မျှသာ ကျန်တော့ပြီး စားစရာအတွက် လူများဆီမှ တောင်းခံခဲ့ရာကနေ သတင်းထောက်များက ၎င်း၏ အတိဒုက္ခကို သိရှိသွားခဲ့ခြင်းဖြစ်သည်။