ကမ္ဘာကြီးပေါ်မှာ ထူးဆန်းအံ့ဩဖွယ်ရာတွေအများကြီးရှိပါတယ်။ အဲဒီတွေထဲကမှ ထူးခြားဆန်းပြားစွာ လူတွေတည်ဆောက်ထားတဲ့ ဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆားခဲတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်
ဒီဟိုတယ်ဟာ ဘိုလီဗီးယားနိုင်ငံ လူနာဆလာဒါမှာ တည်ရှိပြီး ဟိုတယ်တခုလုံးကို ဆားခဲတွေနဲ့ တည်ဆောက်ထားပါတယ်။ ဟိုတယ်အတွင်းမှာရှိတဲ့ ပရိဘောဂများနဲ့ မျက်နှာကျက်များအတွက် ဆားခဲပေါင်းတသန်းကျော်ကို အသုံးပြုထားတယ်လို့လည်းသိရပါတယ်။ ဒီဆားခဲဟိုတယ်သည် ကောချန်နီရွာအနီးရှိ တောင်တန်းပေါ်တွင် တည်ရှိပြီး နာမည်ကျော်ဆားငန်အိုင်ကိုလည်း အံ့ဩဖွယ်ကောင်းတဲ့ ရှုခင်းမျိုးဖြင့်မြင်တွေ့နိုင်ပါတယ်။ ဆားခဲတွေထဲမှာ အေးဆေးစွာအနားယူတာက ခန္ဓာကိုယ်ထဲကတင်းမာမှုတွေကို လုံးဝပြေလျော့သွားစေနိုင်ပြီး အရာရာအားလုံးကနေလွတ်မြောက်သွားသလို ခံစားရစေတယ်လို့လည်း သိရပါတယ်။ တရက်တည်းခိုခ ဒေါ်လာ ၁၅၀ နီးပါးရှိပေမယ့် တကမ္ဘာလုံးမှာ တခုထဲရှိတဲ့ ဒီဆားခဲဟိုတယ်ဟာ ပေးချေရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတယ်လို့လည်း မှတ်ချက်ကောင်းတွေရရှိထားပါတယ်။
ချီလီနိုင်ငံမှာတည်ရှိတဲ့ Magic Mountain Hotel
ချီလီနိုင်ငံရဲ့ ထူထပ်တဲ့သစ်တောအတွင်းမှာ တောင်တလုံးလို လျှို့ဝှက်ဆန်းကြယ်စွာ တည်ဆောက်ထားတဲ့ Hotel Montana Magica Lodge ဆိုတဲ့ ဟိုတယ်ကို Magic Mountain Hotel လို့ လူသိပိုများကြပါတယ်။ Magic Mountain Hotel သည် Patagonia ရှိ Huilo Huilo Reserve မှာတည်ရှိပါတယ်။ဟော်တယ်ကို တောင်လိုတည်ဆောက်ထားတဲ့အတွက် ကြိုးတံတားဖြင့်သာ ဝင်ထွက်သွားလာခြင်းပြုလို့ရပြီး ဟိုတယ်ရဲ့ ခေါင်မိုးကိုလည်း ရေတံခွန်ပုံစံမျိုးပြုလုပ်ထားတဲ့အတွက် သစ်တော၊ သစ်ပင်၊ တောင်၊ ရေတံခွန် အစရှိသည်ဖြင့် သဘာဝတရားနဲ့ တသားတည်းဖြစ်နေတဲ့ ဟိုတယ်တလုံးဘဲဖြစ်ပါတယ်။ ဒီထူးခြားတဲ့ဟိုတယ်ကို သဘာဝတရားရဲ့ အရသာကို ခံစားချင်သူများအတွက်သာမကဘဲ လူစွန့်စားရတနာသိုက်မုဆိုးတယောက်လို ခံစားနိုင်စေဖို့အတွက်ကိုပါ ရည်ရွယ်ပြီးဖွင့်လှစ်ထားတာလို့လည်းသိရပါတယ်။ တည်းခိုခကတော့ တယောက်ခန်းတခန်းကို ၂၁၅ ဒေါ်လာဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။
ဆွီဒင်နိုင်ငံရဲ့ သစ်ပင်အိမ်ဟိုတယ်
ဆွီဒင်နိုင်ငံမြောက်ပိုင်းမှာ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ပင်အိမ်ဟိုတယ်တလုံးရှိပါတယ်။ ဟိုတယ်ရဲ့ အခန်းတွေတိုင်းကိုလည်း မတူညီတဲ့ ဗိသုကာဒီဇိုင်းပုံစံတွေနဲ့ တည်ဆောက်ထားပါတယ်။ ၎င်းဟိုတယ်တွင် Mirror Cube လို့ခေါ်တဲ့ အခန်းတခန်းရှိပြီး ၎င်းအခန်းသည် ပတ်ဝန်းကျင်ရှိအရာအားလုံးကို ရောင်ပြန်ဟပ်စေတဲ့ ဒီဇိုင်းမျိုးတည်ဆောက်ထားတဲ့အတွက် ပတ်ဝန်းကျင်နဲ့တသားထဲရှိနေပြီး ပျောက်ကွယ်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ပျံသန်းလာတဲ့ ငှက်တွေကိုကာကွယ်ဖို့အတွက်လည်း ခရမ်းလွန်သတ္တုပါးကို အသုံးပြုထားပါတယ်။ ဒါပေမယ့် သူရဲ့ ဈေးနှုန်းကတော့ တညတည်းခိုခ ဒေါ်လာ ၅၅၀ ရှိတယ်လို့ သိရပါတယ်။
ဆွီဒင်ရှိ ရေခဲပြင်ဟိုတယ်
ဆွီဒင်နိုင်ငံရဲ့ အအေးဆုံးနေရာဒေသမှာ ဆောက်လုပ်ထားတဲ့ ရေခဲပြင်ဟိုတယ်ကို ၆၀၀၀ စတုရန်းမီတာရှိတဲ့ နှင်းတွေ၊ ရေခဲတွေကို အသုံးပြုပြီး ဆောက်လုပ်ထားပါတယ်။ နှစ်စဉ်နိုဝင်ဘာလရောက်ပြီဆိုတာနဲ့ ရေခဲဟိုတယ်ကို ရေခဲပန်းပုပညာရှင်တွေက အသစ်ပြန်လည်တည်ဆောက်ကြပါတယ်။ ရေခဲတွေကို ချောမွတ်စေဖို့အတွက် သဲတွေနဲ့ပွတ်တိုက်ပြီး ဧည့်သည်တွေနားနေဖို့အခန်းတွေကို တည်ဆောက်ရတဲ့အတွက်ကြောင့်မို့ ဒီရေခဲဟိုတယ်ဟာ ကမ္ဘာပေါ်မှာ ဈေးနှုန်းအမြင့်မားဆုံးဟိုတယ်စာရင်းထဲမှာ ပါဝင်နေတာဘဲဖြစ်ပါတယ်။ ဆီးနှင်းတွေ၊ ရေခဲပန်းပုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဟိုတယ်အတွင်းပိုင်းဟာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ထူးခြားမှုအရှိဆုံးအချက်ကတော့ မင်္ဂလာဆောင်ပွဲများကျင်းပဖို့အတွက် ဟိုတယ်ရဲ့ ကိုယ်ပိုင်ရေခဲဘုရားကျောင်းဘဲဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အခန်းတွေမှာ အိပ်စက်အနားယူနိုင်ဖို့အတွက် အပူပေးအိပ်ရာတွေကို စီစဉ်ထားပေးပေမယ့် အရမ်းအေးလွန်းတဲ့အတွက် ၁၂နှစ်အောက် ကလေးငယ်တွေအတွက်တော့ ဒီဟိုတယ်ဟာ သင့်တော်မှုမရှိပါဘူး။ စနေ၊တနင်္ဂနွေလိုပိတ်ရက်မျိုးများမှာ တည်းခိုခ ဒေါ်လာ ၁၀၀၀ ရှိတဲ့ ဒီရေခဲဟိုတယ်ကို နှစ်စဉ်လာရောက်လည်ပတ်သူ ၅၀၀၀၀ ခန့်က လာရောက်လည်ပတ် တည်းခိုလေ့ရှိတယ်လို့ သိရပါတယ်။
Lapland ရှိ Kakslauttanen ဟိုတယ်
Kakslauttanen ဟိုတယ်သည် ဖင်လန်နိုင်ငံရှိ အစ်ဂလူးရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဆောင်းရာသီတွင် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာဒေသတခုဖြစ်သလို အစ်ဂလူးအိမ်လေးတွေကိုလည်း ဖန်နဲ့တည်ဆောက်ထားတဲ့အတွက် အစ်ဂလူးအိမ်လေးတွေရဲ့ နွေးနွေးထွေးထွေးရှိလှတဲ့အတွေ့အကြုံကိုလည်း ခံစားရနိုင်ပါတယ်။ အချို့သော အခန်းအပြင်ဘက်တွေမှာ ရေကူးကန်များ တည်ဆောက်ထားပေးပြီး ကံကောင်းမယ်ဆိုရင်တော့
ညဘက်တွေမှာ မြောက်ပိုင်းအလင်းတန်းတွေကို မြင်တွေ့ရနိုင်ပါတယ်။ မြောက်ပိုင်းအလင်းတန်းတွေကို မတွေ့မြင်ရလည်း သိပ်ပြီးတော့ စိတ်ပျက်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို အိပ်ယာပေါ်ကနေရှင်းရှင်းလင်းလင်းကြည့်ရှုခံစားလို့ ရနိုင်တဲ့အတွက်ဘဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံတခုအဖြစ်နဲ့ ခွေးတွေကို အသုံးပြုပြီး ပြေးဆွဲပေးတဲ့ ဆွတ်ဖားလှည်းတွေကို စီးနင်းနိုင်ပါသေးတယ်။ ဒီအစ်ဂလူးရွာလေးဟာ ဥရောပရဲ့ အလှပဆုံးကျေးရွာ ၁၀ ရွာထဲတွင် ပါရှိပြီး တည်းခိုခအဖြစ်ကုန်ကျစားရိတ်ကတော့ တညကို အနည်းဆုံး ဒေါ်လာ ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
#Lifestyle_Myanmar
#Dmo_aung
#Ref- wonderslist
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။