ကိုယ်တိုင်ရောက်သွားသလိုခံစားရမယ့် Lifestyle Blogger လေး Ei Ei Dior ရဲ့ Singapore Trip
moda.com.mm
|
2020-07-30

အခုလို ပြည်ပခရီးသွားလာခွင့်တွေ ပိတ်ထားတဲ့အချိန်မှာ ကိုယ်သွားဖြစ်ခဲ့တဲ့ ဒါမှမဟုတ် ကိုယ်သွားချင်တဲ့နေရာလေးကို သတိတွေရပြီး နေမထိ၊ ထိုင်မသာဖြစ်နေကြမှာပါ။ ဒီလိုအချိန်မှာ စာဖတ်နေရင်း ပြည်ပကို ခဏလောက်ရောက်သွားမယ့် Lifestyle Blogger လေးအိ ပြောပြတဲ့ စင်ကာပူအတွေ့အကြုံလေးကို ခံစားမကြည့်ချင်ဘူးလား။

နေထွက်ကနေဝင် လမ်းလျှောက်ရင်းရှော့ပင်ထွက်ရတာကို မပင်ပန်းတဲ့သူ၊ ညသန်းခေါင်တစ်ရေးနိုးပြီး အစားကောင်းထစားတတ်တဲ့သူ၊ အမိုက်စားဓာတ်ပုံလေးတွေရဖို့ အချိန်ပေးပြီး ရိုက်တတ်တဲ့သူ ဆိုရင်တော့ သင့်ရဲ့ Check-list တွေကို အကောင်အထည်ဖော်ဖို့က စင်ကာပူမှာ အသင့်တော်ဆုံးပဲပေ့ါ။ အိအိကလည်း စင်ကာပူ မှာရှိတဲ့ လည်ပတ်ချင်စရာ နေရာတွေနဲ့ ပျော်စရာနေရာလေးတွေကို အခုလို မျှဝေပေးခဲ့ပါတယ်။

“အိကတော့ စူးစမ်းလေ့လာရတာ ကြိုက်တဲ့သူဆိုတော့ အဆင်ပြေရင်ပြေသလို ခရီးသွားဖို့အခွင့်အရေးလေးတွေပဲ ရှာဖွေနေမိတယ်။ အခုအချိန်မှာတော့ ဒီအခက်အခဲကြီးကို အားလုံးအတူတူ ဖြတ်ကျော်နေကြရပြီး ခရီးတွေပြန်သွားလို့ရမယ့်နေ့ကို အားလုံး စောင့်မျှော်နေကြမယ်ဆိုတာ အိ သိတယ်လေ။ ဒီတော့ အိတို့တွေက အကောင်းဘက်က တွေးတဲ့ အနေနဲ့ နောက်ထွက်ဖြစ်မယ့် ခရီးလေးတွေအတွက် စိတ်ကူးလေးနဲ့ ကြိုစီစဉ်ထားလိုက်ရင် မကောင်းဘူးလား?”

သာမာန်လေဆိပ်တစ်ခု မဟုတ်ဘူးနော်။ အမိုက်စားရေတံခွန်ကြီးလည်း ရှိနေပါသေးတယ်!!




လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ စင်ကာပူက သင့်ကို နွေးထွေးစွာကြိုဆိုနေမှာပါ။ ကမ္ဘာ့အကောင်းဆုံး လေဆိပ်တစ်ခု အဖြစ် သတ်မှတ်ခံထားရပြီး အစားအသောက်တွေ၊ ဈေးဝယ်စရာနေရာတွေ၊ Spa တွေ၊ Hotel တွေအပြင် များပြားလှတဲ့ ဝန်ဆောင်မှုတွေကို တစ်မိုးအောက်ထဲမှာတင် စုံစုံလင်လင် သင်ရရှိမှာပါ။ အသက်ရှူမှားရလောက်အောင် လှပတဲ့ အမိုက်စားရေတံခွန်ကြီးလည်း ရှိနေတယ်ဆိုတော့ သင့်ဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်တွေကို ခရီးစဉ်မှာ သင်ရရှိလိုက်ဖို့ အသေအချာပဲပေ့ါ။ ကိုယ့်ခရီးစဉ် စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဓာတ်ပုံလေး တစ်ပုံ၊ နှစ်ပုံ ရိုက်ပြီး မှတ်တမ်းတင်ဖို့တော့ မမေ့နဲ့ပေ့ါနော့်။

Ei's Tips: မဖြစ်မနေ လည်ပတ်သင့်တဲ့ထဲမှာ Jewel လည်းပါတာမို့ လေယာဉ်ချိန်မတိုင်ခင် ၂ နာရီ ၃ နာရီလောက်ကို Jewel မှာ လည်ပတ်ဖို့ ချန်ထားသင့်တယ်နော်။ ခမ်းနားတဲ့ ရေတံခွန်ကြီး ပြီးသွားရင် သဘာဝအတိုင်း တည်ဆောက် ထားတဲ့ လမ်းလျှောက်အပန်းဖြေစရာဥယျာဉ်လေး တည်ရှိနေပါသေးတယ်။ ကောင်းမွန်ပြည့်စုံတဲ့ လက်လီအရောင်း ဆိုင်လေးတွေနဲ့အတူ ခမ်းနားတဲ့ အရောင်းပစ္စည်းလေးတွေကလည်း လေယာဉ်မထွက်ခင်မှာ အချိန်ဖြုန်းဖို့အတွက် သင့်ကို ဆွဲဆောင်နေမှာပါနော်။


မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ Marina Bay





တစ်ကယ်လို့များ စင်ကာပူမှာ တစ်နေရာတည်းကိုပဲ သွားလည်ဖို့ အချိန်ရခဲ့မယ်ဆိုရင်တော့ Marina Bay ကိုပဲ ရွေးချယ် သင့်ပါတယ်နော်။ နာမည်ကြီး Gardens By The Bay ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး အထင်ကရ ရေကူးကန်ကြီး ပါရှိတဲ့ Marina Bay Sands Hotel ကြီးကလည်း ဈေးဝယ်ထွက်ရတာ ကြိုက်တဲ့သူတွေရဲ့ စိတ်ဆန္ဒကို ပြည့်ဝစေမှာ အမှန်ပါပဲ။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမှတ်တံဆိပ်တွေကို စုံစုံလင်လင်တွေ့မြင်နိုင်တဲ့အပြင် အဆင့်မီ စားသောက်ဆိုင် ကြီးတွေ၊ Bar တွေ၊ လောင်းကစားရုံ နဲ့ MARQUEE နိုက်ကလပ် တွေကိုလည်း တစ်နေရာတည်းမှာ တွေ့မြင် နိုင်ပါတယ်။ ဈေးဆိုင်တန်းလေးကနေ ထွက်လိုက်တာနဲ့ တွေ့မြင်ရမယ့် Art Science Museum ကလည်း လက်မလွတ် တမ်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။ အမြဲတမ်းဆန်းသစ်တဲ့ ပြပွဲတွေ ရှိတတ်တာမို့ ဘာအသစ် အဆန်း တွေ ရှိနေမလဲဆိုတာ မသွားခင်ကြိုစုံစမ်းသွားလိုက်ပေ့ါနော်။ နောက်ဆုံးတစ်ခုမှာချင်တာကတော့ စင်ကာပူရဲ့ ကြည်လင်လှပတဲ့ ကောင်းကင်ပြာကြီးကို နောက်ခံထားပြီး Merlion ရုပ်ထုကြီးနဲ့အတူ ဆယ်ဖီဆွဲဖို့ မမေ့ပါနဲ့နော်။ သင့်ရဲ့ဘယ်လိုစိတ်ကူးအိပ်မက်မျိုးကိုမဆို Marina Bay က တစ်နေ့တာအတွင်း အကုန်ဖြည့်ဆည်းပေးသွားမှာပါ။

Ei's Tip: Garden By The Bay မှာ ညတိုင်း ကျင်းပလေ့ရှိတဲ့ Garden Rhapsody Light Show ကိုလည်း ကြည့်ဖြစ်အောင် ကြည့်သွားကြဖို့ တိုက်တွန်းချင်တယ်နော်။ အရမ်းကိုမိုက်ပြီး အခကြေးငွေလည်း ပေးစရာမလိုတဲ့ အပြင် စင်ကာပူမှာရှိနေတဲ့ သင့်ရဲ့လှပတဲ့နေ့လေးတစ်နေ့ကိုလည်း ပြီးပြည့်စုံစေမှာပါ။


သဘာဝရဲ့အနှစ်သာရတွေနဲ့ Gardens By The Bay



ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးအစားစုံလင်လှတဲ့ အပင်တွေကို လေ့လာမလား၊ တိမ်တိုက်တောအုပ်မြင့်ထဲ စွန့်စားခန်း ဖွင့်မလား၊ သံစဉ်တွေနဲ့ ယိမ်းထိုးကခုန်နေတဲ့ မီးရောင်တွေအလှဆင်ထားတဲ့ ဧရာမသစ်ပင်ပုံစံ အဆောက်အဦးထဲ ညစာ စားမလား သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ ရပါတယ်။ ဒီဥယျာဉ်ကြီးက သစ်ပင်ပန်းမန်၊ တိရစ္ဆာန်တွေနဲ့ အနာဂတ် ဆန်တဲ့ ဥယျာဉ်မျိုးပါပဲ။ Insta-Spots ဖြစ်စေနိုင်တဲ့ နေရာများစွာရှိလို့ နေရာတိုင်းကို သေချာအချိန်ပေးပြီး လေ့လာဖို့တော့ လိုမယ်နော်။
နေဝင်ချိန်ရောက်လာရင်တော့ နေရာတစ်နေရာမှာ ထိုင်ပြီး နေဝင်တာကိုငေးကြည့်ရင်း တစ်နေကုန် ကြုံတွေ့ခဲ့ရသမျှ ကို ပြန်တွေးရင်း အပန်းဖြေလိုက်တာ သင့်အတွက် အကောင်းဆုံးပါပဲ။

Ei's Tip: Gardens By The Bay မှာ ရှိတဲ့ လူလုပ် ဧရာမသစ်ပင်ကြီးတွေပေါ် တက်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ရှုခင်းကို ခံစားလိုက်ပါ။ ဒီအပင်ကြီးတွေက (၁၆) ထပ်လောက် အမြင့်ရှိပြီး အောက်ခြေကနေ (၇) ထပ် လောက် အမြင့်မှာ လျှောက်လမ်းတံတားလေးနဲ့ ချိတ်ဆက်ထားပါတယ်။


Shopping ထွက်ရတာကြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံ




စင်ကာပူဆိုတာကတော့ ဈေးဝယ်ရတာ ဝါသနာပါတဲ့ သူတိုင်းအတွက် တစ်ကယ့်နိဗ္ဗာန်ဘုံပါပဲနော်။ ဒီနိုင်ငံရဲ့ လမ်းထောင့်တိုင်းမှာ Shopping Center တွေကို တွေ့မြင်ရမှာဖြစ်ပြီး အထူးသဖြင့်တော့ ခြေတိုတဲ့အထိ လျှောက်ပြီး ဈေးဝယ်နိုင်တဲ့ Orchard လမ်းတစ်လျှောက်မှာ ရှိတဲ့ မိုးထိမြင့်တဲ့ Sky-High Mall တွေပေ့ါ။ Branded တံဆိပ်မှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်လည်း ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်တွေ ရှိတဲ့အပြင် ဈေးနှုန်းမြင့်မားမှာ ကြောက်တဲ့သူတွေအတွက်လည်း ကိုယ့်သုံးမယ့်ငွေပမာဏနဲ့ အဆင်ပြေမယ့် အမျိုးအစား တွေလည်းရှိပါသေးတယ်။

Ei's Tip: တစ်ခြား ရှော့ပင်းမောလ်တွေနဲ့ မတူတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်တာကတော့ Funan Mall ပါပဲ။ Mall အတွင်းမှာတင် စက်ဘီးစီးလို့ရတဲ့ လမ်းကြောင်းထားရှိပေးထားပြီး သူငယ်ချင်းတွေနဲ့ တူတူဆော့ကစားနိုင်တဲ့ rock climbing နံရံတွေလည်း ရှိပါတယ်။ ဒါ့အပြင် နာမည်ရ ပြည်တွင်းထုတ်ကုန်တွေ၊ အလျှံအပယ်များပြားတဲ့ စားသောက်ဆိုင် တွေ၊ ကော်ဖီဆိုင်တွေနဲ့ အတူ ဈေးနှုန်းသက်သာတဲ့ စားသောက်ဆိုင်တွေလည်း ရှိနေပါသေးတယ်။


လက်ဖက်ရည်ကို ဇိမ်ရှိရှိသောက်ပါ။





သင့်ရဲ့ Check-List ထဲမှာ ပါသင့်တာ တစ်ခုကတော့ စင်ကာပူမှာ High Tea သောက်ခြင်းပါပဲ။ ရိုးရာ အင်္ဂလိပ်စတိုင်လ် ကနေ Peranakan အရသာတွေကို အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောစပ်ထားတဲ့ High Tea လေးက တစ်နေကုန် လျှောက်သွားထားလို့ ညောင်းညာနေတဲ့ သင့်ခြေထောက်ကို အနားပေးဖို့ အသင့်တော်ဆုံးပါပဲ။

Antidote, Arteastiq, Angelina, Salt & Grill Bar, Lantern Fullerton တို့ကတော့ ဆန်းသစ်တဲ့ အပြင်အဆင်တွေ ရှိတဲ့ Tea-set တွေကို ရရှိနိုင်ပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူ အကောင်းဆုံး High Tea Session တွေကို ရရှိနိုင်တဲ့ နေရာတွေ ပဲ ဖြစ်ပါတယ်။ High Tea ရဲ့ ထူးခြားတဲ့ အရသာနဲ့ မွှေးပျံ့တဲ့အနံ့တွေက သင်တစ်နေ့တာ မောပန်းထား သမျှကို ပြေပျောက်စေမှာ အမှန်ပါပဲနော်။

Ei's Tip: အကြာကြီး တန်းစီးပြီး မစောင့်ချင်ဘူးဆိုရင်တော့ ရက်အနည်းငယ်လောက် ကြိုပြီး စာရင်း ပေးထားဖို့ လိုမယ်နော်။


အသွားသင့်ဆုံး Insta-Spot တွေထဲက တစ်ခုဖြစ်တဲ့ Peranakan အိမ်ရာတန်းများ





ခေတ်မီဆန်းပြားတဲ့နည်းပညာတွေဖွံ့ဖြိုးတဲ့ စင်ကာပူနိုင်ငံမှာ Instagram ဆန်ဆန် နေရာတွေ ရှိပေမယ့် ရှာဖွေဖို့ အတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်နော်။ အထင်ကရနေရာတွေမှာသာ မကဘဲ စင်ကာပူလမ်းတွေ တစ်လျှောက်မှာ လှည့်လည်သွားလာရင်းနဲ့လည်း လှပတဲ့ နေရာတွေကို တွေ့မြင်ရနိုင်ပါတယ်။

မြင့်မားတဲ့အဆောက်အဦးတွေနဲ့ သန့်ရှင်းသပ်ရပ်နေတဲ့ လမ်းတွေကို နောက်ခံထားပြီး ရိုက်မလား၊ ဈေးတွေ၊ ဈေးဝယ် စင်တာတွေကို နောက်ခံထားပြီး ရိုက်မလား၊ ကိုယ်ကသာ နေရာရွေးမှန်မယ်ဆိုရင် နေရာတိုင်းက Instagrammable ဖြစ်စေတဲ့ ပုံတွေကို ရရှိနိုင်မှာပါနော်။ Insta-Spots ဖြစ်စေမယ့် ထင်ရှားတဲ့ နေရာတွေကတော့ The Super Tree Grove၊ Cloud Forest၊ Flower Dome နဲ့ Floral Fantasy တို့ပဲ ဖြစ်ပါတယ်။ တစ်ခြားနေရာလေးတွေကတော့ The MBS Hotel၊ Art Science Museum၊ Peranakan အိမ်ရာတန်းတွေ၊ Masjid Sultan၊ Haji Lane၊ Orchard road စာကြည့်တိုက်နဲ့ Old Hill Street police station တွေပဲ ဖြစ်ပါတယ်။

Ei's Tip: သင့်လူမှုကွန်ယက်အကောင့်မှာ တင်ဖို့အတွက် အလန်းစားပုံတွေ လိုချင်တယ်ဆိုရင်တော့ Peranakan အိမ်ရာတန်းတွေဆီ မဖြစ်မနေ လည်ပတ်သင့်ပါတယ်။ Katong Joo Chiat ဧရိယာတဝိုက်ကို လှည့်ပတ်ကြည့်လိုက်ရင် အိမ်ရာတန်းတွေကို တွေ့ရှိရမှာဖြစ်ပြီး အရသာကောင်းတဲ့ ဒေသတွင်း စားစရာတွေကိုလည်း တွေ့ရှိရမှာပါ။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ အမြဲလူတွေ ပြည့်နေတတ်တာမို့ ဓာတ်ပုံသေချာရိုက်ချင်တယ်ဆိုရင်တော့ ပိတ်ရက်ကို ရှောင်ပြီး သွားသင့် ပါတယ်နော်။


သင်ကြိုက်နှစ်သက်ရာ ရိုးရာအစားအစာတွေနဲ့ ညစာကို နှစ်ခြိုက်စွာသုံးဆောင်နိုင်တယ်နော်။




ခပ်စပ်စပ်ဟင်းလျာတွေနဲ့ ပင်လယ်စာ ကြိုက်တယ်ဆိုရင်တော့ စင်ကာပူရဲ့ ပြည်တွင်းဟင်းလျာလေးတွေကို အကြိုက်တွေ့မှာ အမှန်ပါပဲ။ အိ အကြိုက်တွေကတော့ Chilli Crab၊ Stingray၊ Sambal Kangkong၊ ကြက်ဆီထမင်း၊ Cockles (Lala) နဲ့ ဆာတေး တွေဖြစ်ပြီးတော့ လူကြိုက်များတဲ့ စားသောက်ဆိုင်တွေဖြစ်တဲ့ Long Beach၊ Jumbo တို့လို စားသောက်ဆိုင်တွေမှာ စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အရာအားလုံးကို သက်သာတဲ့ဈေးနှုန်းနဲ့ မြည်းစမ်းကြည့် ချင်တယ်ဆိုရင်တော့ အစားအစာကျေးရွာ (သို့မဟုတ်) Hawker Centres လို့ ဒေသခံတွေ ခေါ်ဝေါ်လေ့ရှိတဲ့ နေရာတွေမှာ မြည်းစမ်းနိုင်ပါတယ်။ (ဥပမာ။ ။နယူတန်၊ East Coast၊ Seragoon)

Ei's Tip: အရသာပြည့်ဝတဲ့ ပြည်တွင်းဖြစ်ဟင်းလျာတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရရှိတဲ့ထဲမှာ အိ အကြိုက်ဆုံးကတော့ Chinatown Complex Food Centre ပါပဲ။ လက်နဲ့ကိုင်ပြီး အားပါးတရ စားတဲ့အါ သုပ်ဖို့အတွက် တစ်သျှူး တစ်ထုပ်တော့ ယူသွားဖို့ လိုမယ်နော်။ ဒါမှမဟုတ် ဒေသခံတွေလုပ်တဲ့အတိုင်း ထိုင်ခုံနေရာ ကြိုဦးထားဖို့တော့ လိုပါမယ်။


ပျော်ရွှင်မှုတို့ရဲ့ကမ္ဘာ, Santosa




Santosa ဆိုတာကတော့ စင်ကာပူရဲ့ အမိုက်စားကစားကွင်းကြီးပါပဲ။ များပြားလှတဲ့ Amenities-action-themed နေရာတွေ၊ ကမ်းခြေ၊ Resort တွေ၊ စိတ်ဝင်စားစရာတွေ၊ စွန့်စားခန်းနဲ့ ကိုယ်လက်လှုပ်ရှားလို့ ရတဲ့နေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ လောင်းကစားရုံလည်း ရှိပါတယ်။

Santosa တစ်ခွင်လုံး နှံ့နေအောင် လည်မယ်ဆိုရင်တော့ အနည်းဆုံး (၂) ရက်လောက် အချိန်ပေးနိုင်မှ ဖြစ်မယ်နော်။ ပထမ တစ်ရက်ကို ကမ်းခြေနဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ Trick Eye Museum၊ Sea၊ Sea Aquarium၊ ကြိုးသွယ်ကား စတဲ့ နေရာတွေကို သွားလည်ပြီး နောက်တစ်ရက်ကိုတော့ The Universal Studio ကို သွားရောက် လည်ပတ်လို့ ရပါတယ်။

Ei's Tip: နေဝင်ဆည်းဆာကို ခံစားရင် တစ်ခွက်၊ နှစ်ခွက်လောက် သောက်လို့ရမယ့် Tanjong Beach Club ကို သွားလည် ဖို့လည်း မမေ့ကြနဲ့ဦးနော်။


စင်ကာပူရဲ့မတူကွဲပြားတဲ့ ဘာသာရေးယဉ်ကျေးမှုနယ်ပယ်တွေကို လေ့လာပါ။




စင်ကာပူနိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ဘာသာရေးဆိုင်ရာ ဝတ်ပြုတဲ့အိမ်တွေနဲ့ ဘုရားကျောင်းတွေကို မိနစ်အနည်းငယ်အတွင်းမှာ မြင်တွေ့နိုင်တာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါဟာ ကွဲပြားခြားနားတဲ့ လူနေမှုပုံစံတွေနဲ့ ခေတ်သစ်အိမ်နီးချင်းတွေရဲ့ ပုံရိပ်တွေပါပဲ။ ယဉ်ကျေးမှုဆိုင်ရာ နယ်မြေ (၃) ခု ဖြစ်တဲ့ Kampong Glami။ China Town နဲ့ Little India စတဲ့ နေရာတွေကို နှံ့နှံ့စပ်စပ် လေ့လာနိုင်ဖို့အတွက်တော့ တစ်ရက် သီးသန့် ဖယ်ထားလိုက်ပါနော်။ သင်က ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သင့်ကို ဒီနေရာက နွေးနွေးထွေးထွေး ကြိုဆိုနေမှာ အမှန် ပါပဲ။

Ei's Tip: တစ်ကယ်လို့များ ပုံမှာပါတဲ့ ဗုဒ္ဓစွယ်တော် ဘုရားကျောင်းနားတဝိုက်ကို ရောက်ခဲ့မယ်ဆိုရင်တော့ New Bridge လမ်းထောင့်တစ်လျှောက်မှာရှိတဲ့ စီခွAWျမ်းအစားအသောက်တွေကိုလည်း မြည်းစမ်းကြည့်ဖို့ မမေ့နဲ့နော်။ ဆူလ်တန် ဘလီနား ရောက်ဖြစ်ခဲ့ရင်တော့ တာကီဟင်းလျာတွေနဲ့ အထင်ကရ တာကီလက်ဖက်ရည်တွေကို အပြင်မှာတင် မြည်းစမ်း ကြည့်လို့ရပါတယ်။ နောက်ဆုံးမှာတော့ St. Andrew ဘုရားကျောင်းနားမှာ ပင်နီဆူလာပလာဇာ (သို့မဟုတ်) စင်ကာပူ ရဲ့ မြန်မာပြည် လို့ ခေါ်တဲ့ ပလာဇာ တည်ရှိပါတယ်။


#နေရာ
#စားသောက်ဆိုင်
#လည်ပတ်
#အမိုက်
#ဟင်းလျာ

Some text some message..