နှင်းဆီပန်းက ဘာကြောင့် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးပန်းဖြစ်နေရတာလဲ?
lifestylemyanmar.com
|
2020-08-20



နှင်းဆီပန်းတွေကို လွန်ခဲ့တဲ့ နှစ် (၅၀၀၀) ခန့်က တရုတ်နိုင်ငံမှာ စတင်စိုက်ပျိုးခဲ့ပြီး ကမ္ဘာ့မြောက်ခြမ်းမှာတင် မျိုးစိတ်ပေါင်း (၁၅၀) ကျော်ရှိပါတယ်။ ဒီနှင်းဆီပန်းတွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပန်းတစ်မျိုးဖြစ်ပြီး အိမ်တိုင်း၊ အိမ်တိုင်းရဲ့ ဥယျာဉ်တွေမှာ မြင်တွေ့ရတဲ့ ပန်းတစ်မျိုးလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် နှင်းဆီပန်းတွေက ဘာကြောင့် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပန်းတစ်မျိုးဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။



၁။ လှပပြီးမွှေးပျံ့တဲ့ သင်းရနံ့။
နှင်းဆီပန်းတွေဟာ လှပခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးပြီး နှင်းဆီပန်းတွေရဲ့ မတူညီတဲ့ အရောင်က ကွဲပြားခြားနားတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားကြီးက နှင်းဆီပန်းရှိမှ ပြီးပြည့်စုံနိုင်မှာဖြစ်ပြီး နှင်းဆီပန်းတွေရဲ့ ပင်ကိုယ်သဘာဝအရ ချစ်ဖို့ကောင်းနေသလို လူတွေကိုလည်း လှပဆန်းသစ်တဲ့ အသွင်အပြင်အရောင်နဲ့ စွဲမက်ဖွယ် အနံ့တို့နဲ့ ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလှအပတွေကို ခူးဆွတ်နိုင်ဖို့အတွက် နှင်းဆီပန်းမှာရှိတဲ့ ဆူးတွေကို ရှောင်ရှားဖို့လိုအပ်ပြီး သေချာစဉ်းစားကြည့်ရင် ဒါကဘဝအတွက် သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးရဲ့ဘဝမှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေရရှိဖို့အတွက် အခက်အခဲဆူးညှောင့်ခလုတ်တွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်လို့ပါပဲ။ နှင်းဆီပန်းတွေကို ကမ္ဘာကျော်ရေမွှေးတွေ ထုတ်လုပ်ဖို့အတွက်ပါ အသုံးပြုလာပြီး အရင်တုန်းက ကြော်ငြာရိုက်ကူးတဲ့နေရာမှာ မင်းသမီးတွေက နှင်းဆီရည်ကို အသုံးပြုပြီး အသားအရည် Glow ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ နှင်းဆီပန်းရဲ့ မွှေးရနံ့က ကမ္ဘာအသစ်ကို ရောက်ရှိသွားသလို ခံစားရပြီး အလှကုန်ပစ္စည်းတော်တော်များများကလည်း နှင်းဆီပန်းကို အခြေခံပြီး ထုတ်လုပ်နေကြပါပြီ။



၂။ အရောင်နဲ့ပေါင်းစပ်မှု။
နှင်းဆီပန်းမျိုးစိတ်အားလုံးမှာ အရောင်ပေါင်းမြောက်မြားစွာရှိပြီး အဲ့ဒီအချက်ကပဲ လူတွေရဲ့ အကြိုက်ဆုံးပန်းတစ်မျိုးအဖြစ်ရှိနေတာလည်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အနှစ်သက်ဆုံးအရောင်တစ်မျိုးစီရှိကြပြီး နှင်းဆီပန်း အနီရောင်ကို မကြိုက်ရင်၊ အဖြူရောင်နှင်းဆီပန်း၊ အဝါရောင်၊ အဖြူရောင် အစရှိသဖြင့် အမျိုးမျိုးရှိတာကြောင့် အားလုံးအတွက် ရွေးချယ်စရာတွေ အင်မတန်များပြားနေပါတယ်။ ဒါ့အပြင် နှင်းဆီပန်းတွေကို စိုက်ပျိုးတဲ့နေရာမှာ အပွင့်ပွင့်လာတဲ့အခါမှာ ကိုယ်လိုချင်တဲ့အရောင်နှစ်မျိုးစပ်ရအောင်လည်း အစတည်းက ကြိုတင်ပြင်ဆင်ပြီး စိုက်ပျိုးနိုင်ပါတယ်။



၃။ စိုက်ပျိုးရလွယ်ပြီး ကုန်ကျစရိတ်နည်းပါးခြင်း။
နှင်းဆီပန်း စိုက်ပျိုးဖို့အတွက် ကုန်ကျစရိတ်အများကြီး မလိုအပ်သလို ဘယ်လိုမျိုးမြေဆီလွှာမှာမဆို စိုက်ပျိုးနိုင်တာကြောင့် နှင်းဆီပန်းကို ချစ်မြတ်နိုးသူ ဘယ်သူမဆို လွယ်လင့်တကူ စိုက်ပျိုးနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း အပင်စိုက်ရတာဝါသနာပါတဲ့ မိသားစုဝင်တွေရဲ့ အိမ်တိုင်းမှာ နှင်းဆီပန်းတွေက မိသားစုဝင်တစ်ယောက်လိုမျိုးရှိနေပါတယ်။ အချို့တွေဆိုရင် နှင်းဆီပန်းကို အသုံးချပြီး ဝင်ငွေရှာလာကြသလို ကြီးထွားလွယ်တဲ့အနေအထားကြောင့်လည်း လူတိုင်းနီးပါးက နှစ်ခြိုက်နေကြတာလည်းဖြစ်ပါတယ်။



၄။ ပွဲတော်အမျိုးမျိုးအတွက် အသုံးဝင်ခြင်း။
အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမှာ ပန်းအလှဆင်ခြင်းက တဖြည်းဖြည်းတွင်ကျယ်လာခဲ့ပြီး နှင်းဆီပန်းတွေကလည်း မပါမဖြစ် အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ မင်္ဂလာဆောင်၊ ဆုတောင်းပွဲ၊ အမှတ်တရ၊ အထိမ်းအမှတ်ပွဲတွေအပြင် နောက်ဆုံးအသုဘပွဲအထိ နှင်းဆီပန်းတွေကို မြင်တွေ့နိုင်ပါတယ်။ အယူဝါဒတစ်ခုအကြောင်းကို ပြောပြရမယ်ဆိုရင် ပန်းတွေဟာ ကိုယ့်ရဲ့ဆုတောင်းကို ဘုရားသခင်ဆီ ယူဆောင်သွားပေးတယ်လို့လည်း သိရပါတယ်။



၅။ တစ်ကမ္ဘာလုံးမှာ အကျော်ကြားဆုံးပန်း။
နှင်းဆီပန်းကို ဘော့ဆွာနာ၊ ဘူလ်ဂေးရီးယား၊ ဘာကီနာဖာဆို၊ ချက်၊ အီရန်၊ အီရတ်၊ မော်လ်ဒိုက်၊ အင်္ဂလန်၊ ရိုမေးနီးယား၊ အမေရိကန်နိုင်ငံတို့က သူတို့ရဲ့ အထင်ကရအမျိုးသားရေးပန်းတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတစ်နိုင်ငံကို ဂုဏ်ပြုခွင့်ရတယ်ဆိုတာက တကယ်ကို ကြီးမြတ်တဲ့ကိစ္စတစ်ခုဖြစ်ပြီး အဲ့ဒါကြောင့်လည်း နှင်းဆီပန်းကို လူတော်တော်များများက ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။




#HM

#LifestyleMyanmar

Source: rosefestivalkazanlak


#နှင်းဆီပန်း
#အရောင်
#စိုက်ပျိုး
#ရနံ့
#မျိုးစိတ်

Some text some message..