
သြဂုတ် ၂၄
တရုတ် ကွန်မြူနစ်ပါတီ (Chinese Communist Party-CCP) ၏ ပြိုလဲမှုနှင့်ပတ်သက်၍ ပညာရှင်များ၏ ခန့်မှန်းမှုများသည် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုပြီး တစ်ခုကြာပြီးနောက် မှားယွင်းကြောင်း ပြသနေခဲ့သည်။
မကြာသေးမီကမှ သက်တမ်း နှစ် ၇၀ ပြည့်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် မျက်မှောက်ခေတ်သမိုင်းတွင် သက်တမ်းအရှည်ဆုံး ကြီးစိုးနေသည့် တစ်ပါတီစနစ်ကျင့်သုံးသည့် အစိုးရများအနက် တစ်ခု ဖြစ်သည်။
သို့သော် တစ်ပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံများ၏ အစိုးရများသည် နှစ်ပေါင်း ၇၀ ကျော်ထက် ပိုပြီး ရှင်သန်ရပ်တည်နိုင်သည်မှာ အင်မတန် ရှားပါးသည်။ ဆိုဗီယက်ယူနီယံ၏ ကွန်မြူနစ်ပါတီ ဆိုလျင် ၁၉၉၁ ခုနှစ် အုပ်စု မပြိုကွဲမီ နှစ်ပေါင်း ၇၄ နှစ်ကြာ ကြီးစိုးခဲ့သည်။ အလားတူ မက္ကဆီကို၏ အင်စတီကျူရှင်နယ် တော်လှန်ရေးပါတီသည်လည်း ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲများ၌ အရေးမနိမ့်ခင်အထိ ၇၁ နှစ်ကြာ အာဏာကို ထိန်းထားနိုင်ခဲ့သည်။
တရုတ်၏ တစ်ခုတည်းသော ခေတ်ပြိုင် ပြိုင်ဘက်မှာ မြောက်ကိုရီးယား ဖြစ်သည်။ မြောက်ကိုရီးယားသည် ၁၉၄၈ ခုနှစ်က စတင်ထူထောင်ပြီးနောက် ကင် မိသားစုက ၇၁ နှစ်ကြာ အုပ်ချုပ်နေခဲ့သည်။
အာဏာရှင်ဆန်သော အစိုးရများအတွက် အချိန်ကာလ ကန့်သတ်ချက် မရှိဘူး ဆို၍ရချိန်တွင် CCP ၏ တစ်ပါတီ အစိုးရအုပ်ချုပ်မှုသည် အတိတ်ကာလ အကျပ်အတည်းဒဏ်ခံနိုင်ခဲ့ခြင်း၊ အခြားသော အစိုးရများနှင့် မတူကွဲပြားခြင်းတို့ ရှိခဲ့သည်ဆိုသော်ငြား ရေရှည်တွင် ဆက်လက်ရပ်တည်နိုင်ဖွယ်မရှိဟု အကဲဖြတ်များက ပြောသည်။
သို့ရာတွင် တရုတ်တို့သည် နောက်ပိတ်ဆုံး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မည်သည့်အချိန်တွင် မည်သို့မည်ပုံ လုပ်ဆောင်သွားနိုင်သည် ဆိုသည်ကို ကြည့်ရန်အလို့ငှာ ပထမဆုံးဦးစွာ CCP သည် အာဏာကို ယခုလောက် ကာလကြာအထိ မည်ကဲ့သို့ ဆုပ်ကိုင်ထားခဲ့သည် ဆိုသည်ကို အရင် သဘောပေါက်နားလည်ရန် အရေးကြီးသည်။
CCP အနေဖြင့် ယခုလောက်ကာလကြာအထိ ဆက်လက်ရပ်တည်နိုင်ရန် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သလဲ
CCP သည် အာဏာရှင်အစိုးရများ အဓိကကြုံရတတ်သော ခြိမ်းခြောက်မှုကြီးနှစ်ခုဖြစ်သည့် အာဏာသိမ်းခြင်း နှင့် လူထုတော်လှန်ရေးတို့ကို လျော့ပါးစေရန် မည်ကဲ့သို့လုပ်ဆောင်ထားခဲ့သည် ဆိုသည့်အ ပိုင်းတွင် တစ်မူထူးခြားနေခဲ့သည်ဟု Princeton တက္ကသိုလ်မှ နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာ လက်ထောက်ပါမောက္ခ Rory Truex က ABC ကို ပြောသည်။
အာဏာသိမ်းမှုကို မဖြစ်စေရန်အတွက် ပါတီတွင် ခေါင်းဆောင်တစ်ဦးကနေ နောက်တက်လာမည့် ခေါင်းဆောင်ထံ အာဏာလွှဲပြောင်းပေးမှုကို အတော်အတန် ငြိမ်းငြိမ်းချမ်းချမ်း ရှိစေမည့် စနစ်တစ်ခု ရှိထားသည်ဟု Mr Truex က ပြောသည်။
၁၉၇၆ ခုနှစ် ဥက္ကဌ မော်စီတုန်း ကွယ်လွန်ပြီးနောက် နောက်တက်လာခဲ့သည့် အဓိပတိ ခေါင်းဆောင် တိန်ရှောင့်ဖိန်သည် သမ္မတ သက်တမ်း ကန့်သတ်ချက်များကို တရုတ် ဖွဲ့စည်းပုံတွင် ထည့်သွင်းရေးသား ခဲ့သည်။ လူတစ်ဦးတည်းကသာ အုပ်စိုးခြင်းနှင့် ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှု၏ အန္တရာယ်များကို အသိအမှတ်ပြုရင်း ထိုသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၀၁၈ ခုနှစ် မတ်လတွင် အတည်ပြုခဲ့သော အငြင်းပွားဖွယ် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ချက်တစ်ခုက သမ္မတသက်တမ်း ၁၀ နှစ် (သက်တမ်း တစ်ကြိမ်လျင် ငါးနှစ်) ကန့်သတ်ချက်ကို ဖယ်ရှားခဲ့ သည့်အတွက် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် အကန့်အသတ်မရှိ အုပ်ချုပ်သွားနိုင်သည်။
တချိန်တည်းမှာပင် တရုတ်အစိုးရသည် ပြည်သူလူထုကို အတန်အသင့်ကောင်းစွာ ပျော်ရွှင်ကျေနပ်စေအောင် အုပ်ချုပ်ခြင်းအားဖြင့် တော်လှန်ရေးတစ်ခု၏ အန္တရာယ်မှလည်း ယင်းဘာသာ ကာကွယ်ထား သည်။ ယင်းအတွက်ကြောင့် လူထုထံမှ တော်လှန်လိုသည့် စိတ်ဆန္ဒမရှိတော့သလို အစိုးရဘက်ကလည်း သတင်းအချက်အလက် ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းကနေတဆင့် အုပ်ချုပ်နေကြောင်း Mr Truex က ပြောသည်။
CCP သည် ယင်း၏ တရားဝင်ဖြစ်ခြင်းကို နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် ပုံအပ်ထားပြီး အဆိုပါ ကတိကဝတ်ကို မယုံနိုင်အောင် ထူးခြားသည့် အပြုအမူတစ်ရပ်ဖြင့် ပေးအပ်ထားခဲ့ပြီး မကြာသေးသည့် ဆယ်စုနှစ်များအတွင်း ပြည်သူ သန်း ၅၀၀ ခန့်ကို ဆင်းရဲတွင်းကနေ လွတ်မြောက်ထားစေခဲ့သည်ဟု Authoritarianism and the Elite Origins of Democracy စာအုပ်ပူးတွဲရေးသားသူ Michael Albertus က ပြောသည်။
ယခုနှစ်သည် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် နောက်ပိတ်ဆုံး အောင်ပွဲရမည့် နှစ်တစ်နှစ် ဖြစ်ရန် လျာထားသတ်မှတ်ထားကြောင်း မစ္စတာ ရှီက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောသည်။ CCP ၏ ယင်းဘာသာ သတ်မှတ်ထားသော ၂၀၂၀ deadline (ပြီးစီးရန် သတ်မှတ်ထားသည့်နောက်ဆုံးအချိန်) သည်လည်း မကြာမီရောက်တော့မည်ဖြစ်သည်။
ပြီးခဲ့သည့် နှစ် ၄၀ အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့် မူဝါဒများ ကျင့်သုံးမှုကြောင့် တရုတ်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲရောက်ရှိထားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပေကျင်းသည် ယင်း၏ အာဏာပါဝါကို အသုံးပြုပြီး ယင်း၏ တရားဝင်ဖြစ်မှုအပေါ် ခြိမ်းခြောက်သည်ဟု ရှုမြင်သမျှအားလုံးကို စိစစ်ဖြတ်တောက်၊ ဖယ်ရှားရှင်းထုတ်ခဲ့သည်။
မည်သို့ဆိုစေကာမူ တရုတ် ကွန်မြူနစ်ပါတီသည် အင်တာနက်၊ နည်းပညာ၊ ဆင်ဆာဖြတ်တောက်မှု ၊ ဝါဒဖြန့်မှု တို့ အသုံးပြုမှုနှင့်အတူ သတင်းအချက်အလက် ဖိနှိပ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပုံပျက်ပန်းပျက် ဖြစ်စေခြင်းတို့ ပိုင်းတွင် ခေတ်အမီဆုံး အစိုးရတစ်ခု ဖြစ်သည်ဟု Mr Truex က မှတ်ချက်ပြုသည်။
“ဒါပေမယ့် ရှီကျင့်ဖျင် လက်ထက်မှာ ဒီဟာရဲ့ တချို့ဟာ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တဲ့ အထောက်အထားတချို့ ရှိနေပါတယ်၊ ကွန်မြူနစ်ပါတီကို အမှန်တကယ် အားကောင်းစေခဲ့တဲ့ အရာအချို့ ဟာလည်း သူ့လက်ထက်မှာ ဆုတ်ယုတ်လျော့ပါးကောင်း လျော့ပါးနေပါပြီ” ဟု ၎င်းက ဆိုသည်။
CCP သည် တစ်စိတ်တစ်ဒေသအားဖြင့် အားကောင်းခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်း၏ အဓိကရန်သူဖြစ်သည့် တရုတ်အမျိုးသားရေးပါတီဟု သိကြသော ကူမင်တန် (KMT) ပါတီကို နှိမ်နင်း နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Mr Albertus က ပြောသည်။
KMT သည် တရုတ်ကို ဆယ်စုနှစ်နှစ်စုကျော်ကြာ အုပ်ချုပ်ခဲ့ပြီး ယင်းနောက် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီးတွင် ကွန်မြူနစ်ပါတီ လက်အောက် ကျရှုံးသွားခဲ့သည်။
နောက်ပိုင်းတွင် KMT သည်လည်း ထိုင်ဝမ်သို့ ထွက်ပြေးသွားခဲ့ရပြီး ယင်းသည် ၂၀၀၀ ပြည့်နှစ်အထိ တစ်ခုတည်းသော အာဏာရပါတီ ဖြစ်ခဲ့သည်။ ယင်းနောက် ဒီမိုကရေစီ အသွင်းကူးပြောင်းမှုကာလ နောက်ပိုင်း KMT သည်လည်း ဒီမိုကရက်တစ် တိုးတက်ရေးပါတီ၏ အလဲထိုးခြင်းကို ခံခဲ့ရသည်။
“သေချာတာကတော့ CCP မှာဆိုရင် အားနည်းမှုတွေ ဖြစ်ခဲ့တဲ့ တကယ့် အခိုက်အတန့်တွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ထျန်အန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ကို ဥပမာတစ်ခုအနေဖြင့် ကိုးကားပြောသည်။
“ဒါပေမယ့်လည်း CCP ဟာ ရှေ့နောက်ညီညွတ်ပြီး ကြီးစဉ်ငယ်လိုက်ဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်၊ CCP အဖွဲ့ဝင် အများအပြားဟာလည်း မဆုတ်မနစ် ကြိုးပမ်းမှုနဲ့ ကြိုတင် တွက်ဆမှု ပိုင်းတို့တွင် ယုံယုံကြည်ကြည်ဖြင့် ထည့်ဝင်လုပ်ဆောင်ထားခဲ့ကြသည်။
မည်သည်က တစ်ပါတီအစိုးရတစ်ရပ်ကို တစ်စတစ်စ ပြိုလဲသွားစေနိုင်သလဲ
အခြားသော တစ်ပါတီအစိုးရများအတွက်ဆိုလျင် ယေဘုယျအားဖြင့် ကျရှုံးသွားစေနိုင်သော သို့မဟုတ် ပြိုလဲစေနိုင်သော ကာလအပိုင်းအခြားတစ်ခုကို တရုတ်လည်း ချဉ်းကပ်လာနေပြီဟု Stanford တက္ကသိုလ်မှ လူသိများသော ဒီမိုကရေစီဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည့် Larry Diamond က ၂၀၁၃ ခုနှစ်တွင် ရေးသားခဲ့သည်။
ယင်းကို “နှစ် ၇၀ ပိုး” သို့မဟုတ် “ကျရှုံးခြင်းထက် အာဏာရှင်အစိုးရတစ်ရပ်၏ အောင်မြင်မှုကာလတစ်ခု အလွန်” တရုတ်တို့ ကြုံတွေ့နေရသော ဖြစ်စဉ်ဟု ၎င်းက ပြောခဲ့သည်။
အခြားသော တစ်ပါတီအစိုးရများ ပြိုလဲသွားချိန် တရုတ်အစိုးရ ဆက်လက်ရပ်တည်နေနိုင်ခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်း အများအပြား ရှိနေသည်။
မပြိုကွဲခင်က ရှိခဲ့သော ဆိုဗီယက်ယူနီယံနှင့် ယနေ့ တရုတ်နိုင်ငံအကြား သိသိသာသာ ကွာခြားခြင်းမျိုး မရှိပေ။
မီခေးလ် ဂေါ်ဗာချော့ ၁၉၈၅ ခုနှစ် ဆိုဗီယယ်ယူနီယံ၏ ခေါင်းဆောင် ဖြစ်လာခဲ့ချိန်က စီးပွားရေးသည် ကျဆင်းနေပြီးသား ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ အဓိက ပြုပြင်ပြောင်းလဲရေးနှစ်ခု (စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ ဖွင့်လှစ်မှု) ဖြင့် စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ဖြစ်ခဲ့သည်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုများက အများပြည်သူ၏ ဝေဖန်မှုကို ဖိတ်ခေါ်သလို ဖြစ်ခဲ့ပြီး ဝေဖန်မှုအချို့ကို ခွင့်ပြုပေးခဲ့ခြင်းအတူ ကပ်ပါလာသည့် ပြဿနာက ယင်းသည် ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေဆိုက်လာခဲ့ခြင်းပင်ဖြစ်ကြောင်း Queensland တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Sarah Percy က ပြောသည်။
Glasnost ( ယခင်ဆိုဗီယက်ပြည်ထောင်စုအတွင်း ပိုမိုပွင့်လင်းသော အစိုးရမူဝါဒ) က လွတ်လပ်စွာ ပြောဆိုခွင့် ပန်ဒိုရာသေတ္တာကို ဖွင့်လှစ်ပေးခဲ့ပြီး မီဒီယာ စိစစ်ဖြတ်တောက်မှု ဖြေလျှော့မှုကလည်း အစိုးရအရာရှိများအပေါ် ဝေဖန်ပြစ်တင်မှုကို ခွင့်ပြုပေးခဲ့သည်။
ဆိုဗီယက် ယူနီယံ ပြိုကွဲခြင်းက တရုတ်အစိုးရအတွက် ယင်းအခြေအနေအတိုင်း မဖြစ်စေနိုင်ရန် ရှောင်လွဲနိုင်မည့် စံနမူနာတစ်ခု ဖြစ်လာခဲ့ကြောင်း Georgia ပြည်နယ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် Maria Repnikova က ပြောသည်။
“ဒါကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မဆိုင်းမတွ အလိုက်သင့်တုံ့ပြန်မှု၊ နေရာတကာ ပျံ့နှံတဲ့ ထိန်းချုပ်မှုတို့ကို ပေါင်းစည်းခြင်းကနေတဆင့် ရတဲ့နည်းနဲ့ ရှောင်လွဲလိုတဲ့ အရာကိစ္စတစ်ခုဖြစ်ပါ တယ်” ဟု ၎င်းက ပြောသည်။
ပေကျင်းအစိုးရသည် အများပြည်သူ၏ အထင်အမြင်သဘောထားကို နားလည်သဘောပေါက်ခြင်း၊ လမ်းပြခြင်းအပိုင်းကို အစွဲထားပြီး အစဉ်အလာအရရော၊ လူမှုမီဒီယာ နှစ်ခုစလုံးတွင် အတိုင်းအတာကြီး သည့် ထုတ်ဖော်ချက်များဖြင့် အကျပ်အတည်းကာလကို စီမံခန့်ခွဲခဲ့ကြောင်း တရုတ်ရှိ မီဒီယာနိုင်ငံရေး စာအုပ်ရေးသားသူ Ms Repnikova က ပြောသွားခဲ့သည်။
CCP နှင့် အခြားသော တစ်ပါတီစနစ် အစိုးရများအကြား ဘယ်လို ကွာခြားသလဲ။
CCP ၏ အုပ်စိုးမှု သက်တမ်း ရှည်လျားနေရခြင်းသည် အဓိကအားဖြင့် ယင်း၏ သင်ယူနိုင်စွမ်း၊ အလိုက်သင့် ပြုပြင်နိုင်စွမ်းနှင့် သက်ဆိုင်နေကြောင်း ပညာရှင်များက ပြောသည်။
ပါတီသည် အတွေးအမြင်စနစ်ပိုင်းတွင် အလွန်အမင်း ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ ပြုလွယ်ပြောင်းလွယ် ရှိနေခဲ့သည်ဟု လန်ဒန် King’s college ရှိ Lau China Institute မှ ညွန်ကြားရေးမှူးနှင့် တရုတ် ဘာသာရပ် ပါမောက္ခ Kerry Brown က ပြောသည်။
ဥပမာအားဖြင့် CCP သည် ၁၉၇၀ နှစ်လယ်က ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း ယင်း၏ အမှေးမှိန်ဆုံးသော အကျပိုင်းတွင် ရောက်ရှိခဲ့စဉ်က ပါတီခေါင်းဆောင်များသည် စီးပွားရေးအပေါ် အာရုံ စိုက်ခြင်းအားဖြင့် ၎င်းတို့ကိုယ်ကိုယ် ပြန်လည်သန်စွမ်းစေခဲ့သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
ထို့ပြင် “တရုတ် ဝိသေသလက္ခဏာရပ်များ” ရှိနေသည့် ၎င်းတို့၏ ဆိုရှယ်လစ်ဇင် အိုင်ဒီယာကလည်း လုံးလုံးလျားလျား အချက်အချာ ကျခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းက အခြားသောမည်သည့် စနစ်နှင့်မှလည်း မတူခဲ့ခြင်းဖြစ်ကြောင့် ဖြစ်ကြောင်း ပါမောက္ခ Brown က ပြောသည်။
မြောက်ကိုရီးယား၏ တစ်ပါတီ အုပ်ချုပ်မှုစနစ်က အတော်အတန် မတူကွဲပြားပြီး ကင် မိသားစု မျိုးဆက်သည် ဘုရင်စနစ်တစ်ခုအလား စီမံလုပ်ကိုင်နေသည်။ နာမည်ဆိုးထွက်သော ယင်း၏ ပိတ်ပင် ထားသည့် နိုင်ငံရေးစနစ်ကြောင့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းမှန်သမျှကို ကြီးကြီးမားမား အကန့်အသတ်ဖြစ်စေခဲ့သည်။
“အဲဒါမျိုးကို အကြွင်းမဲ့ အာဏာရှင်စနစ်လို့ ပြောနိုင်ပါတယ်၊ အဲဒီမှာ ပါတီကပဲ ပြည်သူတွေရဲ့ ဘဝတွေအပေါ် လုံးလုံးလျားလျား ထိန်းချုပ်ထားတာပါ၊ နောက်ပြီး သတင်းအချက်အလက် စီးဆင်းမှုကို လည်း လုံး၀ ထိန်းချုပ်ထားပါတယ်”
ပါတီ၏ ရာထူးအဆင့်ဆင့်ကို ရှင်းလင်းစေရန် နိုင်ငံရေးအရ မလိုလားသူများကို ဖယ်ရှားရှင်းလင်းခြင်းကို ပုံမှန်လုပ်ခြင်းက ရေရှည်မဟာဗျူဟာတစ်ခုအနေဖြင့် အလုပ်ဖြစ်မည်မဟုတ်ဆိုသည်ကို CCP အနေဖြင့် အလွန်စောလျင်စွာကတည်းက သဘောပေါက်နားလည်ခဲ့ကြောင်း သြစတြေးလျအမျိုးသားတက္ကသိုလ်မှ Graeme Smith က ပြောသည်။
ကမ္ဘောဒီးယားတွင်ဆိုလျင် နိုင်ငံရေးပါတီတွင်း မလိုလားသူများကို ဖယ်ရှားခြင်းများကနေတဆင့် ခမာရု (Khmer Rouge) ပါတီ ခေါင်းဆောင် ပိုပေါ့ (Pol Pot ) ပြုတ်ကျခြင်းကို ဦးတည်စေခဲ့သည်ဟု ၎င်းက ပြောသည်။
ပါတီ၏ “လွန်ကဲလှသည့် အမြစ်မြေလှန်ပြောင်းလဲရေးဝါဒ” နှင့်ပတ်သက်၍ တိန်ရှောင့်ဖိန်သည် ပိုပေါ့ ကို ဝေဖန်ခဲ့ကြောင်း ၁၉၇၀ ပြည့်နှစ်အတွင်း ခမာရုပါတီ နှင့် CCP ၏ ဆက်ဆံရေးအပေါ် လေ့လာ ဆန်းစစ်ခဲ့သည့် Wilson Centre စာတမ်းတစ်စောင်တွင် ရေးသားထားခဲ့သည်။ ထို့ပြင် ယင်း၏ လက်ဝဲဝါဒီ ယိမ်းယိုင်မှုများ အထူးသဖြင့် မလိုသူများကို ဖယ်ရှားရှင်းလင်းမှုများက ဗီယက်နမ် စစ်တပ်၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်စွမ်းအပေါ် ထိခိုက်စေခဲ့သည်ဟု ယင်းက ပြောသည်။
CCP သည်လည်း အတိတ်တုန်းက ပါတီအဖွဲ့ဝင် အများအပြားကို ဖယ်ရှားရှင်းလင်းမှုများ လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသည် ပါတီပြုပြင်ရေး မဟာဗျူဟာတစ်ရပ်အပေါ် ပြောင်းလဲအာရုံ စိုက်ထားခဲ့သည်။
“ အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ ကေဒါများသည် အခြေခံအားဖြင့် တော်ပြီး ၎င်းတို့သည် ဆင်ခြင်သုံးသပ်လုပ်ဆောင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲနိုင်မည် ဆိုသည့် အိုင်ဒီယာတစ်ခု ဖြစ်သည်” ။
သို့သော် မစ္စတာ ရှီကျင့်ဖျင်၏ အမှတ်သင်္ကေတဖြစ်သည့် “ကျားများနှင့် ယင်ကောင်များ” ဟုခေါ်သော ခြစားမှု တိုက်ဖျက်ရေး ကမ်ပိန်း- အဆင့်မြင့် အရာရှိကြီးများနှင့် ဒေသအစိုးရအမှုထမ်းများကို ရည် ညွန်းသည့် ဗန်းစကားတစ်ခု- ကြောင့်လည်း ၎င်းသမ္မတဖြစ်လာပြီးနောက်ပိုင်း ရန်သူအများအပြား ပေါ်လာစေခဲ့သည်ဟု Dr Smith က ပြောသည်။
ယင်းအထဲတွင် အနာဂတ်တွင် ၎င်း၏ နောက် လိုက်လာနိုင်သည့် သြဇာပြည့်သျှမ်းသော လူတချို့လည်း ပါဝင်လိမ့်မည်ဟု ၎င်းက ပြောသည်။
ပေကျင်းသည် တစ်ပါတီ စနစ်ကြီးစိုးမှု၏ ခြွင်းချက်တစ်ခု ဖြစ်လာမည်လား
တစ်ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့် နိုင်ငံများ၏ အစိုးရများသည် နှစ် ၇၀ သို့မဟုတ် နှစ် ၈၀ ကြာပြီးနောက်ပိုင်း သေချာပေါက် ပြိုလဲရမည်ဟု ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဥပဒေ မျိုး ရှိမနေဘူး ဆိုသော် ငြားလည်း ၎င်းအနေဖြင့်ကမူ တရုတ်ကွန်မြူနစ်ပါတီ၏ တစ်ပါတီစနစ် အုပ်စိုးမှုသည် ရေရှည်တွင် ဆက်ထိန်းထားနိုင်မည်ဟု မယုံကြည်ခဲ့ဟု Stanford တက္ကသိုလ်မှ Dr Diamond က ABC ကို ပြော သည်။
“တစ်ဘက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်သူတွေဟာ အစိုးရသက်တမ်း နှစ် ၁၀၀ ပြည့်မယ့် လာမယ့် ၂၀၄၉ ခုနှစ်မှာ ကမ္ဘာမှာ သြဇာအကြီးဆုံး နိုင်ငံရေးအင်အားစုကြီး ဖြစ်လာစေဖို့ စိတ်အား ထက်သန်စွာနဲ့ မျှော်လင့်နေကြပါတယ်၊ ကျွန်တော်ကတော့ အဲဒီလို ဖြစ်လာမယ်လို့ မထင်ပါဘူး” ဟု ၎င်းက ပြောသည်။
“သတင်းအချက်အလက်အပေါ် အစိုးရဘက်က တင်းကျပ်စွာ စီမံခန့်ခွဲခြင်းနှင့် ဖိနှိပ်ခြင်းနှင့် စောင့်ကြည့်မှုဆိုင်ရာ Orwellian လယ်ဗယ်များအပါအဝင် ခေတ်နှင့်အမီ လိုက်ခြင်း၏ နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုများက အကြောင်းအမျိုးမျိုးကြောင့် နှေးကွေး၊ ကြန့်ကြာထားခဲ့ချိန် တရုတ်အစိုးရအနေဖြင့် အခြားသော သက်ဦးဆံပိုင်စနစ်များတွင် ရှိခဲ့သည့် ရေရှည်တွင် တူညီသော အတိုက်အခံလုပ်ခြင်း မျိုးနှင့် ကြုံရမည်ဖြစ်သည်” ။
ပြည်သူတို့သည် ဝင်ငွေမြင့်လာပြီး ပညာရေးလယ်ဗယ် ပိုမို မြင့်မားလာချိန်တွင် ၎င်းတို့၏ တန်ဖိုးများသည်လည်း ပြောင်းလဲလာကာ နောက်ဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ ၎င်းတို့၏ လွတ်လပ်မှု၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများအပေါ် ထိန်းချုပ်မှုတို့ကို ပိုမို အလိုရှိလာကြမည် ဖြစ်ကြောင်း Dr Diamond က ပြောသည်။
“လူတချို့ဟာ ထောင်ချီပါရမီရှင် အစီအစဉ် ဒါမှမဟုတ် ဆက်စပ်အခွင့်အရေးတွေအတွက် ပြန်လာနေကြတယ်ဆိုတာ မှန်ပါတယ်၊ နောက်ပြီး မကြာသေးခင်က လူငယ်ထုအကြား အမျိုးသားရေးစိတ်ဓာတ် တိုးပွားလာတယ်ဆိုတာလည်း မှန်တာပါပဲ” ။
“ဒါပေမယ့် ကျွန်တော်သာ တကယ်လို့ CCP မှာ ပါနေတယ်ဆိုရင် ရေရှည်မှာ ဖြစ်လာမယ့် အလားအလာတွေ၊ နောက်ပြီး စနစ်အတွင်းက အခြေခံကျတဲ့ ဆန့်ကျင်မှုတွေ၊ ဆန့်ကျင်မှု၊ အမြီးအမောက်မတည့်မှု နဲ့ပတ်သက်လို့ ကျွန်တော် စိုးရိမ်ပူပန်မိမှာပါ” ဟု ၎င်းက ပြောသည်။
တချိန်တည်းမှာပင် CCP သည် တရုတ်ပြည်သူများအတွက် စီးပွားရေး အကျိုးတရားများ ဆက်လက် ထောက်ပံ့ပေးနိုင်မည်လား ဆိုသည်မှာ မေးခွန်းကြီးတစ်ခု ဖြစ်နေသည်ဟု Canterbury တက္ကသိုလ်မှ တရုတ်နိုင်ငံရေးရာ ပါမောက္ခ Anne-Marie Brady က ပြောသည်။
“တရုတ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုက နှေးကွေးထားပါတယ်၊ နောက်ပြီး သူတို့ဆီမှာ ကမ္ဘာမှာ အမြန်ဆန်ဆုံး အိုမင်းရင့်ရော်လာနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလည်း ရှိနေပါတယ်” ဟု သူမက ပြောသည်။
“တရုတ်ဘဏ်တွေဆိုရင်လည်း ကြွေးဆုံးတွေ ရှိနေတယ်၊ အမှန်တကယ် အလုပ်လက်မဲ့ကိန်းဂဏန်းတွေကိုလည်း ဆင်ဆာဖြတ်ထားတယ်၊ ငွေဖောင်းပွမှုကလည်း တအား မြင့်တက်နေတယ်” ဟု သူမက ပြောသည်။
တရုတ်တို့ လက်ရှိအချိန်တွင်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ယခင်ကချမှတ်ခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကြောင့် ဖြစ်ခဲ့ရသည့် တရုတ်၏ ဒီမိုဂရက်ဖစ် ကျွံပြိုဆင်းခြင်းကလည်း သိသာထင်ရှား သည့် လူဝင်မှု မရှိဘဲဖြင့် ပြောင်းပြန်လှန်ပစ်နိုင်ရန် ခက်ခဲမည်ဟု Dr Diamond က ယုံကြည်နေသည်။
“ဒါပေမယ့် တရုတ်တို့အနေနဲ့ ကြီးမားတဲ့ အတိုင်းအတာတစ်ခုနဲ့ ဒါကိုဘယ်လို လုပ်နိုင်မလဲ” ဟု ၎င်းက ပြောသည်။
“လူထုကြားမှာ အသက်အရွယ်ကြီးရင့်မှု မြန်ဆန်နေတာက တရုတ် အိပ်မက်ရဲ့ ကဏ္ဍတိုင်းကို စိန်ခေါ်သွားပါတော့မယ်”။
အနာဂတ်တွင် တရုတ်၏ နိုင်ငံရေးစနစ်သည် ဘယ်လို ပုံစံ ရှိနေမလဲ
CCP သည် “ခြစားမှု ဆိုင်ရာ စုန်ချည်ဆန်ချည် စနစ်” နှင့် ရင်ဆိုင်နေရသည်ဟု Dr Diamond က ပြောသည်။ သို့သော် ယင်းကို ဖြေရှင်းရန် ကြိုးပမ်းရာတွင် “အခြေခံကျသည့် အတိုက်အခံလုပ်မှု၊ အမြီး အမောက် မတည့်မှု” လည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။
“တရားဥပဒေ စိုးမိုးရေး (ဥပဒေဖြင့် အုပ်ချုပ်ခြင်းမဟုတ်) မှတပါး အကျင့်ပျက်ခြစားမှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းမရှိပါဘူး၊ ပြီးတော့ အဲဒါက ကွန်မြူနစ်ပါတီကို အစိုးရ၊ တရားစီရင်ရေးနဲ့ သီးခြားခွဲ စေဖို့လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။
“ဒါပေမယ့် တကယ်လို့သာ CCP အနေနဲ့ အစိုးရနဲ့ တရားစီရင်ရေးအပေါ် မကြီးစိုးတော့ဘူးဆိုရင် အဲဒါက ထိန်းချုပ်နိုင်စွမ်း မရှိတာမျိုးကို ဖြစ်သွားစေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒါကတော့ ဒီမိုကရေစီစနစ်ဆီ ပြောင်းရွှေ့ခြင်းအားဖြင့်ကနေလွဲလို့ CCP မဖြေရှင်းနိုင်တဲ့ အကျပ်အတည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အနေဖြင့် မဲပေးခွင့်ဖြင့် လုပ်ဆောင်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်လားဆိုသည်ကို မည်သူမှ တပ်အပ် သေချာပေါက် မသိရှိသော်လည်း CCP သည် မလွဲဧကန်ပင် အဆိုပါ စကားလုံး သုံးနှုန်းခြင်းကနေ ရှောင်ဖယ်ထားခြင်းတော့ မရှိပေ။
ပြီးခဲ့သည့် နိုဝင်ဘာလက ရှန်ဟိုင်းသု့ိ သွားသည့် ခရီးစဉ်တစ်ခုအတွင်း မစ္စတာ ရှီက တရုတ်၏ ဒီမိုကရေစီသည် လုပ်ငန်းစဉ်တစ်ခုလုံး ဒီမိုကရေစီ ပုံစံတစ်ခု ဖြစ်သည်ဟု ပြောခဲ့သည်။
တရုတ်သည် အနောက်ကမ္ဘာက သိသကဲ့သို့ ဒီမိုကရေစီနိုင်ငံ မဟုတ်သော်လည်း ကွန်မြူနစ်ပါတီသည် မကြာခဏ ဆိုသလို ဒီမိုကရေစီဆိုသည့် စကားရပ်ကို အသုံးပြုထားခဲ့သည်ဟု Mr Truex က ပြောသည်။
“တကယ်လို့ ခင်ဗျားအနေနဲ့ ဥပမာအားဖြင့် တရုတ်နိုင်ငံသား စစ်တမ်းတွေကို သုံးကြည့်မယ်ဆိုရင် အများစုကတော့ သူတို့ဟာ ဒီမိုကရေစီစနစ်တစ်ခုအောက်မှာ နေတယ်လို့ ပြောကြားပါလိမ့်မယ်၊ လူအများစုက တရုတ်ကို အာဏာရှင်အစိုးရ အနေနဲ့ တံဆိပ်ကပ်မယ်ဆိုပေမယ့်လည်း သူတို့ အဲဒီလိုပဲ ပြောကြပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အနောက်နိုင်ငံများသည် ဒီမိုကရေစီကို ရွေးကောက်ပွဲများနှင့် ညီမျှခြင်း ချလေ့ ရှိချိန် တရုတ်အစိုးရသည်လည်း မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံရေးတွင် ယင်း၏နိုင်ငံသားများ ပါဝင်ခွင့်ကို မြှင့်တင်ရန် ကြိုးပမ်းနေခဲ့သည်။
ဥပမာအားဖြင့် ဒေသ အစိုးရ အများအပြားတွင် “မြို့တော်ဝန် စာတိုက်ပုံး” ဆိုသည့် နေရာများ ရှိပြီး အဆိုပါနေရာများတွင် ပြည်သူများက အွန်လိုင်းကနေတဆင့် တိုင်ကြားစာများ တင်ပြပေးပို့နိုင်ကာ ဥပဒေတစ်ရပ် အတည်ပြုလိုက်ချိန်တွင် အများပြည်သူကို ထင်မြင်ချက်သဘောထား ပေးပို့ခွင့်ပြုထားကြောင်း ၎င်းက ပြောသည်။
“အခြေခံအားဖြင့် နိုင်ငံသားတွေကို သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ခွင့်ပေးထားတဲ့၊ ဒါမှမဟုတ် မူဝါဒပိုင်းနဲ့ပတ်သက်လို့ သူတို့ရဲ့ အထင်အမြင်တွေကို ထုတ်ဖော်ခွင့်ပြုထားတဲ့ အခြားလုပ်ငန်းစဉ် တွေ အများကြီးလည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
“ဒါပေမယ့် အစိုးရဘက်က အမှန်တကယ် အဲဒါတွေကို အရေးတယူ ထည့်တွက်စဉ်းစားလုပ်ပေးသလား ဆိုတာနဲ့ ဒါမှမဟုတ် အပေါ်ယံဟန်ပြပဲလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး” ။
သို့သော် CCP သည် ထိုင်ဝမ်ရှိ KMT နှင့် အလားတူ လမ်းကြောင်းတစ်ခုအတိုင်း ဆင်းသွားနိုင်သည်ဟု Mr Albertus က ပြောသည်။ KMT သည် ယင်း၏ သက်တမ်းများတွင် နိုင်ငံရေးဆိုင်ရာ ယှဉ်ပြိုင် အငြင်းပွားမှုများကို တဖြည်းဖြည်းချင်း ဖွင့်လှစ်ပေးခဲ့သည်။
KMT သည် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်ခွာသွားပြီးနောက် ယင်းသည် ၁၉၉၆ ခုနှစ် ဒီမိုကရေစီသု့ိ ကူးပြောင်းမှုမတိုင်ခင်အထိ တစ်ခုတည်းသော အာဏာရပါတီ ဖြစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ယင်းကျွန်းတွင် ပထမဆုံးသော တိုက်ရိုက် သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က ရွေးကောက်ခံခဲ့ရသည်။
သို့ရာတွင် ဤအရွေ့ကို ဖြစ်စေရန် တွန်းအားတချို့ ရှိရမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ယင်းသည်လည်း လိုအပ်သလောက် ထိန်းချုပ်နိုင်ခြင်း မရှိသည့် တိုးထွက်လာနေသော နိုင်ငံရေး ခြိမ်းခြောက်မှု တစ်ခုကနေ အများဆုံး လာဖွယ်ရာ ရှိသည်ဟု ဆိုသည်။
“ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်အတွင်းမှာ သူတို့ရဲ့ အုပ်ချုပ်မှုအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကို ကြိုတင်မျှော်မှန်းပြင်ဆင်ခြင်းကနေပြီးတော့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှုကို သူ့ကိုယ်ပိုင်သတ်မှတ်ချက် တွေနဲ့ ကြိုးပမ်းဖို့ တွန်းပို့သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းက အခြားသော နိုင်ငံအများအပြားတွင်ကဲ့သို့ပင် ကိုယ်စားပြုမှုနှင့်အတူ စီးပွားရေးလုံခြုံမှုနှင့် သီးခြားရှိနေမယ့် ပိုမိုကြီးမားသော လွတ်လပ်ခွင့်များကို စတင်တောင်းဆိုသည့် ထွက်ပေါ်လာသည့် အလယ်အလတ်တန်း လူတန်းစားတစ်ရပ်ဆီကနေ လာနိုင်သည်” ။
“ သို့သော် လက်ရှိအချိန်တွင် CCP အနေဖြင့် ဖြစ်နိုင်ဖွယ် ရှိသည်က အထက်ပါ ခြိမ်းခြောက်မှုမျိုးက အနာဂတ်ရှေ့ကာလ အတော်ဝေးဝေးတွင် ဖြစ်လာနိုင်ပြီး ယနေ့လက်ငင်း ပြုပြင်ပြောင်းလဲရန် မလို သေးဟု ခန့်မှန်းတွက်ဆနေမည်မှာ သေချာသလောက် ရှိသည်။